ဓာတ်ပုံသတင်း

ချင်းရိုးရာ ပါးမဲထိုးပွဲ ချင်းဗုဒ္ဓသာသနအဖွဲ့ ကျင်းပ

 

ချင်းရိုးရာ ပါးမဲထိုးပွဲ ချင်းဗုဒ္ဓသာသနအဖွဲ့ ကျင်းပ

(SK ရှမ်လိန်း) ဖေဖော်ဝါရီ ၁၊ ၂၀၁၆
ချင်းဗုဒ္ဓသာသန ပါလကအဖွဲ့၊ ရိုးရာဓလေ့ ထိန်းသိမ်းရေးကော်မတီက ပထမဆုံး အကြိမ် ကျင်းပသော ချင်းရိုးရာ ပါးမဲထိုးပွဲကို ၂၀၁၆၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လည် ၂ နာရီမှ ၅နာရီထိ ၊ အမှတ် ၃၁၊ တတိယထပ်၊ နှင်းဆီကုန်းလမ်း အလုံတွင် ကျင်းပရာ ချင်းဗုဒ္ဓဘာသာဝင်၊ လူငယ်မောင်မယ် ၁၅ ဦးက ရိုးရာ ပါးမဲဒီဇိုင်း ၅ မျိုးကို ထိုးပြီး သရုပ်ပြသွားခဲ့ကြောင်း သတင်းရှိသည်။
ချင်း ပါးမဲဒီဇိုင်းများမှာ ရှေးပဝေသဏီကာလကပင် ရိုးရာအဖြစ် အမျိုးသမီးများ၏မျက်နှာပြင်တွင် တသက်တာ
စွဲမြဲသွားသော ဆေးမင်ဖြင့် ထိုးခဲ့ကြသည်။ စုတ်ဖြင့် ထိုးခြင်း မဟုတ်ပဲ၊ ပဲပင်တစ်မျိုး၏ စူးချွန်ဖြင့် ထိုးခဲ့ကြသည်။ အပျိုဖေါ်ဝင်စ မိန်းကလေးများကို ထိုးပေးလေ့ရှိကြသည်။ ပါးမဲ ထိုးသောကြောင့် သွေးအလိမ်းလိမ်း ထွက်ကာ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ကြ သဖြင့် တစ်ရက်တည်း မပြီးစီးပဲ ၇ ရက်မှ ၁၀ရက်ကျော်ထိ
ကြာမြင့်တတ်သည်။ ပါးမဲထိုးခြင်းကြောင့် ပြင်းထန်သောနာကျင်မှုနှင့်အတူ မျက်နှာအလှကို ပျက်ဆီး
စေသဖြင့် သက်ဆိုင်ရာအာဏါပိုင်များနှင့် ပညာတတ်များက တားမြစ် အရေးယူခဲ့ရာ ၁၉၅၈ နောက်ပိုင်းမှစပြီး ပါးမဲထိုးခြင်း တစ တစ မှေးမှိန် ပျောက် ကွယ်လာခဲ့ရာ၊ ယခုအခါတွင် အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီးကြီးများတွင်သာ ပါးမဲများ မြင်တွေ့နိုင်သည်ဟု သိရှိရပါသည်။
ချင်းမျိုးနွယ်စု အားလုံးက ပါးမဲ ထိုးခဲ့ခြင်း မဟုတ်ပဲ အဓိကအားဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်များတွင်၎င်း၊  မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်များရှိ ချင်းများ နေထိုင်ရာ ဒေသများတွင်၎င်း၊  ပါးမဲထိုးခဲ့ကြသည်ကို တွေ့ရသည်။ ချင်းမချောချောတို့ကို ဗမာရှင်ဘုရင်များက တော်ကောက်မှာ စိုးသဖြင့် ပါးမဲထိုးကြခြင်းဟု အချို့က ပြောကြကြောင်း၊ အချို့က ထိုအဆိုကို လက်မခံကြကြောင်း ချင်းမိန်းကလေးများကို ချင်းလူမျိုးမှန်းသိအောင် အမှတ်အသား ပြုပေးခြင်းသာဖြစ်သည်ဟု ထိုသူတို့ကယူဆကြကြောင်း အဆိုပါ ပွဲစီစဉ်သူများက ပြောပြကြသည်။
 ဒေါက်တာသန်းထွန်း ဘာသာပြန်သော ပျူတွေ ဘယ်ပျောက်သွားလဲ စာအုပ်တွင် ခေတ်ပြိုင်တရုတ်မှတ်တမ်းအရ တရုတ်နိုင်ငံသို့ လာရောက်ဖျော်ဖြေသော ပျူယဉ်ကျေးမှု အဖွဲု့ဝင် ကချေသည်များမှာ ပါးမဲထိုးထားသည်ဟု ဖေါ်ပြထားကြောင်း၊ ရှေးဟောင်းလူမျိုးများအနက် ပါးမဲထိုးသူမှာ ပျူဖြစ်ကြောင်း၊ လက်ရှိတိုင်းရင်းသားများအနက် ပါးမဲထိုးသူမှာလဲ ချင်းသာရှိကြောင်း၊ ပျူနှင့် ချင်း တူ မတူကို သုံးသပ်နိုင်တဲ့ လမ်းစကို ရပါကြောင်းဟုလည်း ပွဲစီစဉ်သူများက မှတ်ချက်ပေးသည်။
 ယခု ပါးမဲထိုးပွဲတွင် မူလဒီဇိုင်းများကို မပျောက်ကွယ် မတိမ်ကောစေရန် ရည်ရွယ်ကြောင်း၊ သို့သော် ပြန်ဖျက်နိုင်သော ပုံနှိပ်မင်များဖြင့်သာ ပါးမဲကို ထိုးကြကြောင်း၊ ယာယီသဘောလုပ်ပေးနိုင်သော ကပ်ခွါပညာရှင် ကိုရဲက ကူညီပေးခြင်း ဖြစ်ကြောင်း၊ ပုံကို မလိုလျင် ဆပ်ပြာနှင့် ရေ အသုံးပြုပြီး ချက်ချင်း ဖျက်နိုင်ကြောင်း၊ မဖျက်ပဲထားပါက ၃ရက်ကြာလျင် သူ့ အလိုလို ပျက်သွားမှာ ဖြစ်ကြောင်း၊ ယခုလို ချင်းပါးမဲ ဒီဇိုင်းထိုးပွဲများ ပြုလုပ်လိုပါက ကော်မတီဥက္ကဌ အမ်းလောင်ရွှီ ဖုန်း ၀၉၇၉၉၆၇၉၉၅၉  ဆက်သွယ်နိုင်ကြောင်း ချင်းပါလက အတွင်းရေးမှုး ဦးဆလိုင်းရွှေလင်းက ပြောကြားသည်။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts