ဆောင်းလူ – စိတ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အယ်လ်နီညို
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၆
ခုတော့ ရုတ်တရက် ကျူးကျော်ခံလိုက်ရတဲ့ လေနုအေးတွေကြား ကျုံ့သွားတဲ့စိတ်ကူးတွေ ကျူးကျော်ခံလိုက်ရတာက စ တာပဲ။
ကမ္ဘာလား ..တဲတဲလေး ကျန်ပါတော့တယ်။ ပျက်ဖို့ ….။
သူ့ကြောင့် …
ငါ့ကြောင့်နဲ့ ….
ထိုးထားတဲ့ လက်ညှိုးတွေလည်း အယ်လ်နီညိုအောက်မှာ ကွေးကွေးပြီး ကိုယ့်ဘက်ပြန်ပြန်လှည့်လာတယ်။
အယ်လ်နီညိုလှိုင်းလုံးကြီးအောက်မှာ ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ ပျက်ကာနီး ကမ္ဘာကလည်း အရောင်သွေးစုံလို့ …။
ကမ္ဘာတခြားမှာတော့ ခါးတ၀က်လောက်နှင်းတွေကို ဂေါ်ပြားတွေနဲ့ တူးတူးကော်ပြီး အလုပ်များနေသလောက် … တခြား ကမ္ဘာခြားမှာတော့ ပုရစ်ဖူးတွေနဲ့ နွေဦးရဲ့ အရသာကို ခံစားလို့ပါလား။
၁၀ ဒီဂရီ စက်ဆဲလ်ရက်ဆိုတာ အင်္ဂလန်နိုင်ငံသားက သူ့အတွက် နေသာထိုင်သာ အခြေအနေလောက်ပဲရှိတယ်ပြောပေမယ့် ကိုယ့်မှာတော့ နိုင်ငံနာမည်မပါတဲ့ ဆင်တွေ၊ ကျားတွေရဲ့ အသွေးအသားတွေကို မျှောမျှာပြီး ကိုယ်ပူဆာလှုံနေရတဲ့ဘ၀ …။
ဒီကြားထဲ ထိုင်ဝမ်သမတသစ်ရဲ့ ၀က်အူချောင်းကိစ္စကြားမိပြန်တော့ … ဒါလည်း အယ်လ်နီညို ဖြစ်မှာပါလေ .။
သူများကမ္ဘာက ကိုယ့်ကမ္ဘာပြန်ကြည့်ခဏတော့ …
အယ်လ်နီညိုလှိုင်းကြောင့်လား …?
ဘဘုန်းလည်း တက်တူးမယ်တွေကို ပွတ်ကြည့်နေလေရဲ့ ….။
လူမမယ်လေးတွေကလည်း ကျူးကျော်လာတဲ့ ဘူဒိုဇာဆိုတာကြီးကို ပြူးကြည့်လို့ ..။
ဒီဘူဒိုဇာကြီးတွေပဲလေ …။ လက်ပတောင်းက ဘုရားကို ဒေသာစာရီကြွဖို့ ပင့်ချီကြဖူးတယ် …။
ဒီဘူဒိုဇာကြီးတွေကပဲ …
ဒီဘူဒိုဇာကြီးတွေကပဲ ….
ဒီဘူဒိုဇာကြီးတွေကပဲ … တာဝန်ဆိုတဲ့ လက်ပတ်နီနီကြီးတွေပတ်လို့ …။
ဒါနဲ့ပဲ … ဒါကြောင့်ပဲ …
အယ်လ်နီညိုကြောင့်ထင်ပ …
ဟို အလုပ်လုပ်နေကြတဲ့ လွှတ်တော်ထဲက ကျူးကျော်ကြီးတွေလည်း အိပ်မောကျလို့ …။
သြော် .. ကိုယ်တိုင်တောင်မှ
အယ်လ်နီညိုရောက်လာမှ သီချင်းဟောင်းတွေ အဆက်မပြတ်နားထောင်ရင်း ..
ကိုထီးရဲ့ နွေနံနက်ခင်းသီချင်းသံစဉ်အောက်မှာ …
မျက်နှာမသစ်ပဲ ကိုယ်ပူဆာလှုံဖို့ မျှောမျှောချနေတဲ့ ၀ီစကီတခွက်က …. မြောက်ဝန်ရိုးစွန်းသွားရင် ၀တ်ရမယ့် ဘောင်းဘီတိုတိုကို စိတ်ကူးပေးနေပြန်ပေါ့။
ဘောင်းဘီတိုတိုနဲ့ စိတ်ကူးတွေကလည်း ကျုံ့ကျုံ့သွားပြန်ပေါ့ …။
ဒါလည်း အယ်လ်နီညိုကြောင့် ဖြစ်မှာပါလေ …။
အယ်လ်နီညိုရယ် … ခင်ဗျားကြောင့် … ကျုပ်ထိုးထားတဲ့ လက်ညှိုးလည်း ကျုပ်ဘက်ပြန်ပြန်လှည့်လာပြန်ပြီ။