ကဗျာ

ဇော်ဇော်အောင် – ပခုံးပေါ်ကိုကျတဲ့ လရောင်

စာရေးဆရာ မြန်မာစာဆရာ ဇော်ဇော်အောင် ကွယ်လွန်ခဲ့ပြီ။ အမှတ်တရ သူ့ကဗျာကို တင်ဆက်လိုက်ပါတယ်။

ဇော်ဇော်အောင် – ပခုံးပေါ်ကိုကျတဲ့ လရောင်

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၃ 

၁။ ရှေးကရေးတဲ့ ဒွေးချိုး တြိချိုး

လေးဆစ်သဖြန်ကလေးတွေကို ကြိုက်တယ်။

ပို့စ်ကတ် ကဗျာခေတ်က

သုံးကြောင်း ကဗျာတိုကလေးတွေကို ကြိုက်တယ်။

ခုတလော သုခမိန်လှိုင်ရဲ့ ကဗျာတွေကို ကြိုက်တယ်။

ကဗျာရေးချင်တဲ့ စိတ်က ဖိသိပ်ရင်း လျှံကျလာတယ်။

ကဗျာတိုတွေကို ချစ်တယ်

ကဗျာဆရာတွေကို လေးစားတယ်။

ကဗျားမရေးတတ်ပေမဲ့

စပ်ကြည့်ချင်လာတယ်။

၂။ ကွယ်လွန်သွားတဲ့

ကျောင်းသားလေးရဲ့ အပြုံးနဲ့တူတဲ့

လရောင်ဟာ ငါ့ပုခုံးပေါ်ကျနေတယ်။

ကြေကွဲစရာ နာကျင်လှတယ်။

သွေးအိုင်ထဲက

ဆယ်ယူလို့ရတဲ့

သမဂ္ဂ တံခွန်တော်

ခွပ်ဒေါင်း အလံတော် တစ်ပိုင်းဟာ

ဘ၀တွေနဲ့ လေးလံသိပ်သည်းနေတယ်။

၃။ ဘ၀ဆိုတာတွေကို

ပေးလိုက်ရသူတွေ ရှိတယ်။

ယူသွားတဲ့သူတွေ ရှိတယ်။

ပေးလိုက်တဲ့ သူတွေက

လူတွေ၊ သူရဲကောင်းတွေ။

ယူသွားတဲ့ သူတွေက

တိရစ္ဆာန်တွေ။

ဒါ အင်္လကာလား

ဟုတ်တယ်….

သမိုင်းရဲ့ အင်္လကာ

ကမ္ဘာရဲ့ အင်္လကာ

အချိန်ရဲ့ အင်္လကာ

သမိုင်းရဲ့ အင်္လကာ

စက္ကန့်တွေရဲ့ အင်္လကာ

သွေးအိုင်ထဲက သမဂ္ဂ တံခွန်တော်ရဲ့ အင်္လကာ

ခွပ်ဒေါင်း အလံတော်ရဲ့ အင်္လကာ

အနက် အဓိပ္ပာယ် မကွယ်မ၀ှက်တဲ့

လူတိုင်းနားလည်နိုင်တဲ့ ရင်ထဲက အင်္လကာ။

၎။ ကဗျာကို အင်္လကာနဲ့ ရေးပေမယ့်

ကလေးတွေ နားလည်ဖို့ လိုပါလိမ့်မယ်။

ကဗျာဆိုတာ ဖတ်ဖို့ ရေးတာလား

ဆုတ်ဖြဲပစ်ဖို့ ရေးတာလား။

၅။ အာဏာရှင် အစိုးရတွေက

သမိုင်းစာအုပ်ထဲက

ကဗျာတွေကို ဆုတ်ဖြဲ ပစ်လိုက်ကြတယ်။

ပြီးပြီလို့ထင်တယ်

မပြီးသေးဘူး။

မိဘပြည်သူတွေရဲ့ သံမဏိ အသည်းထဲမှာ ထွင်းထုထားတဲ့

လူသေစာရင်း

တစ်ယောက်ချင်းဆီရဲ့ ဘဝ

ပေးလိုက်ရတဲ့ သမိုင်း

ဘယ်တော့မှ ဆုတ်ဖြဲဖျောက်ဖျက်လို့မရ

ရင်ထဲမှာ ထာဝရ

ဘ၀ရဲ့ င်္လကာ

(မှတ်ချက်— ” အ” မပါဘူး)

၆။ တာဝတိံသာဆိုတာ အင်္လကာ

မြင့်မိုရ်တောင်ဆိုတာ အင်္လကာ

အင်္လကာဆိုတာ တကယ်မဟုတ် တန်ဆာဆင် တင်စားတာ။

ဒါပေမဲ့ အ၀ီစိ ငရဲဆိုတာ အင်္လကာ မဟုတ်ဘူး။

၁၉၆၂ မတ်လ ၂ ရက်နေ့က စဖြစ်တဲ့ ဖြစ်ရပ်မှန်။

Fiction မဟုတ်ဘူး Reality

ငရဲဆိုတာ Reality

ဒီကြားထမြှာ အများကြီး

ရှစ်ဆယ့်ရှစ်ဆိုတာ ငရဲ

Reality

လက်ပံတောင်းဆိုတာ ငရဲ…..။

သောက်စကားများနေတဲ့

(ရိုင်းသွားရင် ခွင့်လွှတ်ပါ၊

ဟိုး အင်းဝခေတ်က

ရှင်ဥတ္တမကျော်လည်း

လပြွတ်၊ လဖြဲ၊ လချောင်း၊ လဥ၊ လထစ်….လို့ ရေးခဲ့သေးတာပဲ။)

အဲဒီ သောက်စကားများပြီး ဘာမှ မယ်မယ်ရရ

ဟုတ္တိပတ္တိ မလုပ်သေးဘဲ

ဝပ်ရှော့တွေ ဖိုရမ်တွေလုပ်

အထပ် ၂၀ အထပ် ၃၀

တိုက်ကြီးတွေ ဆောက်ဖို့ပြင်ဆင်

အဲဒီ တာဝန်ရှိသူတွေနဲ့

နိုင်ငံရေးပါတီတွေ…..။

သောက်စကားပဲများနေတဲ့ ဒီခေတ်ကြီးမှာ

အ၀ီစိ၊ ယောယုဝ၊ တာပန ဆိုတဲ့ ငရဲတွေဟာ

အင်္လကာတွေ မဟုတ်ဘူး။

၇။ သြော်….ကျဆုံးသွားတဲ့

သွေးအိုင်ထဲက ကျောင်းသားလေးရဲ့

အပြုံးနဲ့ တူတဲ့ လရောင်ဟာ

ငါ့ပုခုံးပေါ်မှာ နာကျင်ကြေကွဲစွာ ဖြာကျနေတယ်။

အဲဒီ လရောင်ဟာ

ငရဲနဲ့ လုပ်ထားတဲ့ ငရဲလရောင်။

၈။ ငရဲနဲ့ လုပ်ထားတဲ့ လရောင်

ငရဲနဲ့ လုပ်ထားတဲ့ မြူခြေငွေနှင်း

ငရဲနဲ့ လုပ်ထားတဲ့ ကတိစကားတွေ

ငရဲနဲ့ လုပ်ထားတဲ့ ပိုးပ၀ါ ပျော့ပျော့ကလေး

ငရဲနဲ့ လုပ်ထားတဲ့ စာချုပ်စာတမ်း

ငရဲနဲ့ လုပ်ထားတဲ့ ဥပဒေ။

၉။ သြော်….ငါ့ပုခုံးပေါ်မှာ

ဖြာကျနေတဲ့ လရောင်ဟာ

ကျောင်းသားလေးရဲ့

နောက်ဆုံးထွက်သက် အပြုံးပါလား…….

လှလိုက်တာ ကလေးရယ်……။ ။

ဇော်ဇော်အောင်

ကဗျာရေးချင်တဲ့ စာပေဝေဖန်ရေးဆရာ

ဇွန်- ဇူလိုင်၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts