သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ရခိုင်ပြည်နယ်မှ လက်နက်ကိုင် တိုက်ပွဲများ – (ဒုတိယပိုင်း၊ ဇာတ်သိမ်း)

မောင်မောင်စိုး – ရခိုင်ပြည်နယ်မှ လက်နက်ကိုင် တိုက်ပွဲများ – (ဒုတိယပိုင်း၊ ဇာတ်သိမ်း)
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၆

AA ၏စစ်ရေးလှုပ်ရှားမှုများ

ကချင်ပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သော AA ၏ စစ်ရေး လှုပ်ရှားမှုများကို ကချင်ပြည်နယ်နှင့် မ်းပြည်နယ်မြောက်ပိုင်းတွင် စတင်တွေ့ရှိရသည်။ကချင်ပြည်နယ်တိုက်ပွဲများတွင် KIA နှင့့််ပူးတွဲ၍ ပါဝင်ခဲ့သည်များရှိသကဲ့သို့ MNDAA ကိုးကန့်အဖွဲ့ TNLA ပလောင်လက်နက်ကိုင် တပ်ဖွဲ့များနှင့်တွဲ၍ ပလောင်ဒေသ ကိုးကန့်ဒေသများတွင် တွဲ၍ လှုပ်ရှားခဲ့သည်ကိုတွေ့ရသည်။ ၎င်း တို့အနေနှင့် မဟာမိတ်များနှင့်တွဲဖက်ကူညီခြင်းဖြစ်သကဲ့သို့ စစ်ရေးအတွေ့အကြုံရယူခြင်းလည်းဖြစ်သည်ဟု ဆိုနိုင်သးည်။ အဆိုပါမြောက်ပိုင်းရှိတိုက်ပွဲများတွင် AA အနေနှင့် အကျအဆုံး မရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရမှုသာ ရှိသည်ဟု ဆိုသည်။

မြဝတီသတင်းဌာန၏ ဖေါ်ပြချက်အရ AA မှ ခိုင်င်းဇံ ဦးစီး AA အဖွဲ့သည် ALP ၏ အကူအညီဖြင့် ၂၀၁၅ မတ်လ ဒုတိယပတ်တွင် လိုင်ဇာမှတောလမ်းအတိုင်း မြန်မာ အိန္ဒိယ ဘင်္ဂလားဒက်ရှ် နယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် စောင်သည်မြို့နယ် ဖါရဝါအုပ်စု တလင်းချောင်းဖျားရှိ ALP  စခန်းဟောင်းသို့ ရောက်ရှိ ပြီးနောက် အဖွဲ့ငယ်များခွဲ၍ လှုပ်ရှားခဲ့သည်ဟုဆိုသည်။

AA ပြောကြားချက်များချက်အရ AA အနေနှင့်၂၀၀၉ စစ်သင်တန်းအပတ်စဉ် ၁ ပြီးကထဲက အင်အားအချို့သည် ရခိုင်နယ်စပ်တွင် စတင်လှုပ်ရှားခဲ့သည်ဟုဆိုသည်။ သို့သော် AA ၏အင်အား အနေအထားအရ အရပ်ဝတ်ဖြင့် လှုပ်ရှားစည်းရုံးခြင်း ပြင်ဆင်ခြင်များသာ ပြုလုပ်ခဲ့ဘွယ်ရာရှိသည်ဟုသုံးသပ်ရ သည်။

AA တို့လှုပ်ရှားထိုးဖေါက်ရန် ရွေးချယ်ခဲ့သောဒေသသည် ယခင်အခါက ဗကပ ရခိုင်ပြည်နယ် လှုပ်ရှားခဲ့သော ဒေသများဖြစ်သည်ဟုဆိုသည်။ ကျောက်တော်မြို့ မြောက်ဦးမြို့အထက်ဘက်
လေးမြို့ချောင်း ရမ်းချောင်း ရူး (လူး )ချောင်းအထက် တောတောင် ထူထပ် မတ်စောက် တောနက်သောဒေသများဖြစ်သည်။ အထက်ဖက် ချင်းပြည်နယ် ပလက်ဝနယ်ဖက်ထိ တကြောထဲဖြစ်သည်။ လူနေအိမ်ခြေများမရှိဘဲ နွေရာသီရောက်မှ သစ်ခုတ် ဝါးခုတ် အတွက် တောတက်သူများရှိသည်ဟု ဆိုသည်။ တောနက်သည့် အတွက် စစ်ရေးအရ လှုပ်ရှားရန်အားသာသော်လည်း လူသူမနေ၍ ရိက္ခာအတွက် စုပုံရန်လိုအပ်သည့်ဒေသဖြစ်သည်။

ပထမအကြိမ် ၂၀၁၅ မတ်လအတွင်း AA တပ်ဖွဲ့သတင်းပေါ်ထွက်စဉ်က ထိတွေ့တိုက်ပွဲ အနဲငယ်သာရှိခဲ့ပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွါးခြင်းလည်းမရှိခဲ့ပေ။ နှစ်ဖက်ကျဆုံးထိခိုက် အနည်းငယ်စီ ရှိခဲ့ကြပြီး AA အဖွဲ့ဝင်အချို့အား လက်နက်နှင့်အတူ ဖမ်းဆီးရ မိခဲ့သည်ဟုဆိုသည်။ AA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အရပ်သားအချို့ ဖမ်းဆီးခြင်းခံရသည်ကို တွေ့ခဲ့ကြရ သည်။ ထို့နောက် AA ၏လှုပ်ရှားမှုသတင်းများအတန်ငယ်ပျောက်သွား သည်ဟုဆိုရမည်။

ယခု ဒီဇင်ဘာ ၂၇ ရက်မှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွါး လာပြီးနောက် မြဝတီသတင်းဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၅ အောက်တိုဘာ နိုဝင်ဘာလများမှစ၍ AA တပ်ဖွဲ့များ ပလက်ဝနှင့်
ကျောက်တော် မြောက်ဦးဒေသကြားသို့ ပြန်လည်ထိုးဖေါက် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ မြဝတီသတင်းဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၅ဒီဇင်ဘာ ၂၈ ရက်မှစပြီး ကျောက်တော် အထက် ရမ်းချောင်း လူးချောင်း တဝိုက်သို့ဝင်ရောက်လာ၍ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၆ ဇန္နဝါရီ ၄ ရက်နေ့အထိ တိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ်ပွါးခဲ့ပြီး မြန်မာစစ်ဖစစက်မှ တပ်ရင်းမှူးတစ်ဦးအပါ အရာရှိစစ်သည်များ ( အရေအတွက် မဖေါ်ပြ ) ကျဆုံးပြီး AA မှ အလောင်း ၃ လောင်း သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်များ ရိက္ခာ ဆန်အိတ်များ သိမ်းပိုက်ရရှိခဲ့သည်ဟုဆိုပါသည်။

AA ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၇ မှ ဇန္နဝါရီ ၄ ရက်နေ့ အထိ ဖြစ်ပွါးခဲ့သည်ဟုဆိုသည်။ ထိုရက်များအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် နေ့ရောညပါဖြစ်ပွါးခဲ့ကာ လက်နက်ကြီး
လက်နက်ငယ် ပစ်ခတ်သံများကို ကျောက်တော် မြောက်ဦး မြို့များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကြားနေရသည်ဟု ဒေသခံများကဆိုပါသည်။

AA ၏ ထုတ်ပြန်ချက်များအရ ၎င်းတိုက်ပွဲများအ တွင်း AA တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရပြီး ၂ ဦးကျဆုံးခဲ့ကာ ၁ ဦးမှာ အလောင်းပြန်မရခဲ့ဟု ဆိုသည်။ မြန်မာစစ်ဖက်မှ ထိခိုက်ကျဆုံးမှု များသည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း မြန်မာစစ်ဖက်မှ စကခ ၉။ စကခ ၁၅။ စစ်တွေ ဒကစ နှင့် အမ်းမြို့ အခြေစိုက် နပခ လက်အောက်ခံတပ်ရင်းများနှင့် ထိုးစစ်ဆင်ခဲ့သည်ဟု မြေပြင်သတင်းများမှ ကြားသိရပါသည်။မြေပြင် တပ်ရင်း ၂၀ ခန့် ပါဝင်စစ်ဆင်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ခန့် တိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။ ဇန္နဝါရီ ၄ ရက် နောက်ပိုင်း တိုက်ပွဲများရပ်ဆိုင်း သွားခဲ့သော်လည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင် စစ်တပ်အင်အား အပြည့်ချ၍ လုံခြုံရေး ယူထားဆဲဟုဆိုသည်။ တိုက်ပွဲများ ကြောင့် ကျောက်တော် မြောက်ဦးဒေသတွင် ခရီးသွားများစွာ ကျဆင်းခဲ့သည်ဟုဆိုသည်။ ယခင်ကနေ့စဉ် ခရီးသွား ၃၀၀ ခန့်ဝင်ရောက်သည်ဟုဆိုပါ သည်။

မြဝတီသတင်းဌာန၏ အဆိုအရ AA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲများအပြီး ကျောက်တော် မြောက်ဦး မင်းပြားမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် အရပ်သားအသွင်ဖြင့် ခိုအောင်းလျက်၎င်း၊ မကွေး ၊ စေတုတ္ထရာတောလမ်း၊  မင်းပြားသို့ဝင်ရောက်ရန်၎င်း ကြံရွယ်လျက်ရှိသည်ဟုဆိုသည်။ မြေပြင်သ
တင်းများအရ မြန်မာစစ်ဖက်မှ ၎င်းဒေသရှိကျေးရွာများအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အကဲခတ်များကမူ AA အနေနှင့် တောင်ဖက်သို့ ဆက်မဆင်းဘဲ မြောက်ဖက် အိန္ဒိယနယ်သို့လည်း ပြန်လည်ဆုတ်ခွါဘွယ်ရှိသည်ဟုဆိုကြပါသည်။

AA နှင့် ပတ်သက်၍ အိန္ဒိယ-ဘင်္ဂလားဒက်ရှ် – မြန်မာ ၃ နိုင်ငံနယ်စပ်နား အခြေပြုလှုပ်ရှားသည် ဖြစ်ရာ နယ်စပ်ရှိ  မွတ်စလင် အစွန်းရောက်  အကြမ်းဖက်သမားများနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲမှု  များရှိသော်လည်း AA မှ ၎င်းအချက်ကို ပယ်ချခဲ့သည်။ ထို့ပြင် ချင်း-ရခိုင် နယ်စပ်များဖြစ်သည့်
တောင်ပြို ပလက်ဝဒေသသည် ဘင်္ဂါလီများအခြေစိုက်ရာမဟုတ်ဘဲ ရခိုင်မြို ၊ခမွှီ ၊ ဒိုင်းနက်၊ ချင်း စသည့် တိုင်းရင်းသားများ  အခြေပြုသည့် ဒေသများဖြစ်သည်ကိုတွေ့ရသည်။ ထို့ပြင် ရခိုင်အမျိုးသား ရေး လှုပ်ရှားသူများနှင့် မွတ်စလင်အစွန်းရောက်များသည် ပြဒါးတလမ်း သံတလမ်းဟုဆိုရမည်။

၂၀၁၅ မတ်လပိုင်းက မြန်မာစစ်ဖက်နှင့် AA နှင့် တိုက်ပွဲများသည် ပြောက်ကျားတိုက်ပွဲများသာ ဖြစ်သည်။ ဖြိုးဖြိုးဖျောက်ဖျောက်မျှသာဖြစ်သည်။ သို့သော် ယခုတကြိမ်တွင် ၉ ရက်ခန့်မျှ ပြင်းပြင်း ထန်ထန်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟုဆိုရမည်။ နေရာယူ၍ ခံစစ်ဆင် တိုက်ခိုက်သည့် နည်းနာကို ကျင့်
သုံးခဲ့သည်ဟုဆိုရမည်။ မိုင်းကွင်းဆင် ကတုတ်တူး သတ်ကွင်းပြင်၍ တိုက်ခိုက်ခြင်းမျိုးဖြစ်ပုံရသည်။ ရှမ်းမြောက် ကိုးကန့်ဒေသတွင် တွဲဖက် တိုက်ပွဲဝင်ခဲ့သည့် AA တပ်ဖွဲ့ဝင်များမှ သူတို့၏ စစ်ရေးအတွေ့အကြုံအား ရခိုင်သို့ သယ်ဆောင်လာပုံရသည်ဟု ဆိုရမည်။

သို့သော် ထိုသို့ခံစစ်ဆင်တိုက်ခိုက်ခြင်း၌ တိုက်ပွဲအတွေ့အကြုံရှိခြင်းသာမက လိုအပ်သည့် ရိက္ခာစုဆောင်းမှု ၊ လက်နက်ခဲယမ်းမီးကျောက် လုံလောက်အောင် စုပုံမှုတို့ လိုအပ်သည်။ ၎င်းအ ချက်အလက်များပြည့်စုံရန် AA အနေနှင့် အချိန်ယူ စီစဉ်ခဲ့ဖွယ်ရှိသည်ဟုဆိုရမည်။ ကချင်ပြည်နယ်
လိုင်ဇာမှ တောလမ်းအတိုင်း လူတစ်ကိုယ်စာသယ်နိုင်ရုံ ထမ်းလာသော ခဲယမ်းမီးကျောက်နှင့် ရှည်ကြာ၍ ခဲယမ်းအမြောက်အများသုံးရသည့် ရက်ရှည် ခံစစ်တိုက်ပွဲ တစ်ပွဲ တိုက်ရန် မလွယ်ကူ ပေ။ ထို့ကြောင့် AA အနေနှင့် အချိန်ယူစီစဉ်ခဲ့ ဘွယ်ရှိပြီး စနစ်ကျသော စည်းရုံးဖွဲ့စည်းမှု လှုပ်ရှား
လုပ်ဆောင်မှုရှိသည်ဟု သုံးသပ်ရပါသည်။

ယခင်က မြေအောက်ပုံစံ ပုန်းလျိုးကွယ်လျိုး ဖြင့် ရခိုင်နယ်စပ်တွင် အရပ်ဝတ်ဖြင့် လှုပ်ရှားခဲ့ သော AA တပ်ဖွဲ့ဝင်များသည် ၂၀၁၅ မတ်လမှ စ၍ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်၍ တစတစ တိုးချဲ့လှုပ်ရှားလာသကဲ့သို့ တိုက်ပွဲများသည်လည်း ပိုများ၊ ပိုပြင်းထန်လာသည်ကို တွေ့ရသည်ဟုဆိုရ
မည်။ ယခုပြန်လည်၍ လှုပ်ရှားမှု သတင်းပျောက်သွားသည့် AA သည် တိမ်မြုပ် သွားနိုင်ဘွယ် မရှိ သေးဘဲ ပြန်လည် ပေါ်လာနိုင်ဖွယ်ရှိသေးသည်ဟု ဆိုရပေမည်။

AA နှင့် NCA

AA သည် UNFC တိုင်းရင်းသားတပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သည်။ NCA ခေါ် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ပြုလုပ်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံများ ဖြစ်သော လိုင်ဇာညီလာခံ လော်ခီးလာညီလာခံများတွင် ပါဝင်တက်ရောက်ခဲ့သည်။ သို့သော်
နောက်ဆုံး သမတဦးသိန်းစိန် ပါဝင်တက်ရောက်ခဲ့သည့် ၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့တွေ့ဆုံပွဲ အထိ AA ခေါ်ရခိုင်အဖွဲ့ ၊ MNDAA ခေါ် ကိုးကန့်အဖွဲ့ နှင့် TNLA ခေါ် ပလောင်အဖွဲ့တို့ NCA တွင်ပါဝင် လက်မှတ်ထိုးရေးအတွက် သဘောတူညှိနှိုင်းမှု မရခဲ့ချေ။ ထို ၃ဖွဲ့ပါဝင်လက်မှတ်ထိုးရေး ညှိနှိုင်းမရခဲ့၍ NCA လက်မှတ်ထိုးရာတွင်လက်နက်ကိုင်အဖွဲ့ အများစု ပါဝင်ခဲ့ခြင်းမရှိပေ။

သမတနှင့်တွေ့ဆုံပွဲမတိုင်မှီ ကိုးကန့်စစ်ပွဲတွင် ပါဝင်ခဲ့သော MNDAA/ TNLA/AA အဖွဲ့ ၃ ဖွဲ့နှင့် KIA တပ်မဟာ ၄ တို့ လက်နက်ချရမည် ဝါ လက်နက်စွန့်ရမည်ဟု မြန်မာစစ်ဖက် ကာချုပ်မှပြော ဆိုခဲ့ပါသည်။ ယခု ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ ကြေငြာရာတွင်လည်း မြဝတီသတင်းဌာနမှ
AA သောင်းကျန်းသူများအား အပြီးအပိုင်ချေမှုန်းသွားမည်ဟုဆိုခဲ့သည်။ ၎င်းပြောဆိုမှုများမှာ ထူး ဆန်းသည်တော့မဟုတ်ပေ။ ယခုမြန်မာစစ်ဖက် နှင့် ဆက်ဆံရေးအဆင်ပြေနေသော KNU အဖွဲ့ အားလည်း KNU သောင်းကျန်းသူများအား အမြစ်ဖြတ်ချေမှုံးသွားမည်ဟု ဆိုခဲ့ဘူးသည် မဟုတ်ပါ
လော။

NCA လက်မှတ်ထိုးရာတွင် ပါဝင်ရန်ငြင်းပယ် ခံရသည့် MNDAA/AA/TNLA အဖွဲ့ ၃ ဖွဲ့အနေနှင့် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို တောင်းဆိုခဲ့သည်။ ထို့ပြင် တရားမျှတသော ရွေး ကောက်ပွဲမှ တက်လာသောအစိုးရသစ်လက်ထက် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း အဖွဲ့ ၃ ဖွဲ့မှခေါင်းဆောင်များ လက်မှတ်ရေးထိုး၍ ၂၀၁၅ စက်တင်ဘာ ၁၀ ရက်နေတွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရသစ်ကို ဖွဲ့စည်းဦးဆောင်နိုင်မည့် NLD ပါတီ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များလည်း ပါဝင်ရန်လိုကြောင်းနှင့် သူမအနေနှင့်  အစိုးရသစ်ဖွဲ့စည်းပြီး သွားပါက တွေ့ဆုံသွားမည်ဖြစ်ကြောင်း NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၈ ဖွဲ့နှင့်တွေ့ဆုံရာတွင်၎င်း၊ ၂၀၁၆ ဇန္နဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်း တွင်၎င်း ထည့် သွင်းပြောကြားသွားသည်ကို တွေ့ရသည်။သို့ဖြစ်ရာ AA အပါအဝင် NCA လက်မှတ် မထိုးသေးသည့်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာ နိုင်ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်ဟု ဆိုပေမည်။

သို့သော် မြန်မာစစ်ဖက်ခေါင်းဆောင်များ၏အမြင်ကို ကျော်လွှားနိုင်ခြင်းရှိမရှိ ကိုတော့ စောင့် ကြည့်ရပေမည်။ ၂၀၁၅ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပေါ်လာသောအခါ  UPWC မှ ဦးအောင်မင်းက ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိစေချင် ကြောင်း နယ်စပ်ပြသနာ ဘင်္ဂါလီများနှင့်ပြသနာများ မရှုပ်ထွေးစေချင်ကြောင်းပြောသည်ကို တွေ့ ရသည်။ ၁၉၄၈ မှ ၁၉၈၀ ခုနှစ်ထိ လက်နက်ကိုင်အဖွဲ့များ ရှိခဲ့သည့် ရခိုင်ပြည်နယ်တွင် ယခုမှနယ် စပ်ပြသနာသည် ရှေ့တန်းတင်စရာ အကြောင်းမရှိဟု အချို့က ဆိုပါသည်။ ယနေ့ ရခိုင်ရှိ ဘင်္ဂါလီပြသနာသည် ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုကြသည်။ AA ကမု ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ရှိနေခွင့်ရှိသည်ဆိုသည်မှာ ၁၀၀% ယုံကြည်ကြောင်း ရခိုင်တပ်ဖွဲ့ ရှိမနေစေချင်သည်မှာ ရခိုင်သယံဇာတများကို စိတ်ကြိုက် သုံးစွဲချင်ကြ၍ ဖြစ်ကြောင်း ပြောဆိုပါသည်။

AA အနေနှင့် နှစ် ၆၀ ကျော်ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ်တွင် ငြိမ်းချမ်းရေးညီလာခံတရပ်လို သည်ကို လက်ခံကြောင်း၊ ပါဝင်သင့်သူအားလုံး ပါဝင်ရန်လိုအပ်ကြောင်း၊ သို့မှသာ ညီလာခံအနေနှင့်  အနှစ်သာရရှိမည်ဖြစ်ကြောင်း၊ အလုပ်တခုကို အဖြစ်သဘောသာ မပြည့်မစုံပြုလုပ်ပါက မအောင် မြင်နိုင်ကြောင်း၊ ညီလာခံမတက်သည့်အဖွဲ့များနှင့် တိုက်ပွဲဖြစ်နေခြင်းသည် ညီလာခံကို တန်ဖိုးကျဆင်း စေသည့်အပြင် ညီလာခံမတက်သည့်အဖွဲ့များ၏ အစိုးရနှင့် စစ်တပ်အပေါ် ယုံကြည်မှုကျဆင်းစေနိုင် သည်ဟု ဆိုပါသည်။ AA အနေနှင့် နိုင်ငံရေးအရ အဖြေရှာရန် လိုလားသော်လည်း AA အားအမြစ် ပြတ်ချေမှုန်းရေး ရှေ့တန်းတင်လာပါက အခြားအစီအစဉ်များ ကြိုးစားရှာဖွေသွားမည်ဟုဆိုပါသည်။

ULA

ULA –  United League of Arakan ဟုခေါ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်ဟူသည့် အဖွဲ့အစည်းကို AA နှင့်တွဲ၍ ယခုနောက်ပိုင်းတွင် တွေ့ရသည်။ ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုးသားများ ပညာတတ် များ အားစုစည်း၍ AA ၏ နိုင်ငံရေးရည်မှန်းချက်အား အကောင်အထည်ဖေါ်ရန် ဖွဲ့စည်းသည့် AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်ဟုဆိုရမည်။

၂၀၁၅ မတ်လ ဒီဇင်ဘာလများတွင်း ULA ညီလာခံကျင်းပရန် စိုင်းပြင်းခဲ့သော်လည်း တိုက်ပွဲများကြောင့် နောက်ရွှေ့ခဲ့ရသည်ဟုဆိုသည်။

၂၀၁၆ ဇန္နဝါရီ ၂၁ ရက်ကြေငြာချက်အရ ULA ညီလာခံအား AA မှ လွတ်မြောက်နယ်မြေတနေ ရာတွင် ၂၀၁၅ ဇန္နဝါရီ ၁၅ မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဥက္က္တဌ အထွေထွေအတွင်းရေးမှူး အတွင်းရေးမှူး ၁/၂/၃ အပါ ဗဟိုကော်မတီ၂၁ ဦးအားအဖွဲ့အား ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ ULA သည် AA ၏ နိုင်ငံရေး ဖြစ်သည့်အားလျော်စွာ ULA ၏ နိုင်ငံရေးရည်ရွယ်မှာ AA ၏ရည်ရွယ်ချက် နှင့် အတူတူပင်ဖြစ်ပြီး ULA ၏ ဥက္ကဌနှင့် အတွင်း ရေးမှူးမှာ AA ၏ စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ်တို့ကပင် တာဝန်ယူကြသည်ဟု ဆိုပါသည်။

နိဂုံး

AA သည် ၂၀၀၉ မှ စ၍ အင်အား ဆယ် ဂဏန်းဖြင့် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သကဲ့သို့ PSLF/ TNLA သည်လည်း ၂၀၀၁ မှစ၍ အင်အား ဆယ် ဂဏန်း ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။ အလား တူ MNDAA သည်လည်း ၂၀၀၉ နှစ်က နယ်မြေလည်းရှုံး ၊ တပ်လည်းပျက်ကာ ၂၀၁၃ နောက်မှ ပြန်လည် စုဖွဲ့ရသည့်အဖွဲ့များ ဖြစ်သည်။ သို့သော် MNDAA သည် ၂၀၁၅ အတွင်း အင်အား ၂၀၀၀ ကျော်ရှိလာပြီး မြန်မာစစ်ဖက်နှင့် တိုက်ပွဲပြီးများ ပြင်းထန်စွာ တိုက်ခိုက် လာနိုင်သည်ကို တွေ့ရသကဲ့သို့ ၊ PSLF / TNLA သည်လည်း အင်အား ၄၀၀၀ ကျော် အထိ စုဖွဲ့
လှုပ်ရှားလာနိုင်သည်ကို တွေ့ရသည်။

၂၀၀၉ ခုနှစ်က အင်အား ဆယ် ဂဏန်းနှင့်စခဲ့ သည့် AA ခေါ် ရက္ခိုင်တပ်မတော်သည် လက်ရှိ အချိန်တွင် အင်အား မည်၍ မည်မျှ ရှိသည်ကို မသိရနိုင်သော်လည်း၊ တစတစ အားကောင်းလာ သော လှုပ်ရှားမှုများအရ အင်အားတိုးပွါးလာခြင်း မရှိနိုင်ဟု ပြောဆိုရန် ခက်ခဲပေသည်။

မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးကို မျှော်မှန်းသူများအနေနှင့် အနာဂါတ်အလားအလာများကို မှန်မှန် ကန်ကန် ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေလိမ့်မည်။ မြန်မာပြည်၏ တိုင်းရင်းသားလူမျိုးများပြသနာ ဖက်ဒရယ်ပြည်ထောင်စုပြသနာများကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မှသာလျင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပြသနာများကို ဖြေရှင်းနိုင် ပေလိမ့်မည်။

AA ပြသနာသည် ရခိုင်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပြသနာ လည်းဖြစ်သည်။ ထို့အတူ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တွင်သာမက အိန္ဒိယနယ်စပ်တွင်ပါ တိုင်း ရင်းသားလက်နက်ကိုင်များ အခြေချလာသည့် ပြသနာလည်းဖြစ်သည်။ ထို့အတူ တရုတ်စီးပွါးရေး လုပ်ငန်းများစွာ အခြေချလာရာ ရခိုင်ပြည်နယ်တွင် တရုတ်နှင့် ဆက်ဆံရေးကောင်းသည်ဟု ဆိုနိုင် သော ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု အခြေချ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်ဟု ရခိုင်နိုင်ငံရေး အကျွမ်းတဝင်ရှိသူတစ်ဦးက ဆိုပါသည်။

ပြီးပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts