တူမောင်ညို သူတို့အာဘော်

တူမောင်ညို – သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးကြေညာစာတမ်း (သို့မဟုတ်) တိုင်းတာစရာပေတံ တစ်ခု

သီတဂူစတား ဖေ့စ်ဘွတ်မှ ဓာတ်ပုံကို ယူပါသည်


တူမောင်ညို – သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးကြေညာစာတမ်း (သို့မဟုတ်) တိုင်းတာစရာပေတံ တစ်ခု

(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၆

ဦးအောင်မင်းတို့ရဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ပြီးသွားတဲ့နောက် သီတဂူဘုန်းကြီးရဲ့ “ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံ ”ကျင်းပတာကို သတိပြုမိပါတယ်။

အကြင်ဘာသာရေးတစ်ခုခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးတွေမှာ ဘယ်လိုပုံစံနဲ့မှ ခုတုံးလုပ်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ အသုံးချခြင်း မပြုသင့်ပါဘူး။ ပုံစံမျိုးစုံနဲ့ ခုတုံးလုပ် အသုံးချနေတာမှန်သမျှ ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရမှာပဲဖြစ်ပါတယ်။

“ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံ ” ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ၂၄ ရက်အထိ ၃ ရက်ကျင်းပပါတယ်။ အချက် ၁၄ ချက် ပါရှိတဲ့ “သီတဂူကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးကြေညာစာတမ်း” ဆိုတာကို ဗုဒ္ဒနှစ် ၂၅၅၉ ( ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်) ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

ဤမှ နောင်အဖို့ ဒီအချက် ၁၄ ချက်ပါ “ကြေညာစာတမ်း” ကို ပြည်တွင်းက အများစုဖြစ်တဲ့ ရဟန်းရှင်လူ “ဗုဒ္ဒဘာသာဝင်တွေ” ရဲ့လှုပ်ရှားမှုတွေကို တိုင်းတာရမယ့် ပေတံတစ်ခုအဖြစ် သဘောထားရလိမ့်မယ်၊ အသုံးပြုရလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

အချက် ၁၄ ချက်အနက် အချက်အမှတ် (၅၊ ၇၊ ၈) တို့ကို အခြားအချက်တွေထက် ပိုပြီးနှစ်သက်သဘောကျပါတယ်။ ဒီအချက် ၃ ချက်နဲ့ လက်တွေ့ဖြစ်ရပ်တွေကို တိုင်းတာကြည့်ရင် ချင်းပြည်နယ်မှာ “လက်ဝါးကားတိုင်တွေ” ကို စစ်တပ်က ဖျက်ဆီးမှု၊ ဖယ်ရှားမှု၊ ကရင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲ အနိုင့်ထက်ဝင်ရောက်ပြီး စေတီတည်ဆောက်ခြင်း စတဲ့ လုပ်ရပ်တွေ မိုက်မဲ ရိုင်းစိုင်း တဲ့ လုပ်ရပ် တွေဖြစ်တယ်ဆိုတာ ဘွားဘွားကြီးပေါ်လွင်စေပါတယ်။

ဒီလို စော်ကားတဲ့၊ ရိုင်းပြတဲ့ အပြု အမူတွေ နောက်နောက် မဖြစ်ပွားအောင် နူးညံ့ သိမ်မွေ့တဲ့၊ အစွန်း၂ ပါးကို ရှောင်ရှားတဲ့ မြတ်ဗုဒ္ဓရဲ့မစ္ဇျိမပဋိပဋာလမ်းစဉ်ကို ရိုသေကိုင်း ရှိုင်းယုံကြည်သက်ဝင်ကြတဲ့သက်ဆိုင်ရာ ရဟန်းရှင်လူပုဂ္ဂိုလ်များက ထိထိရောက်ရောက် ပညာပေးဖို့သိပ်လိုအပ်ပါတယ်။ “ဓမ္မစကူး” ဆိုတာတွေက ယဉ်ကျေးသိမ်မွေ့၊ ငြိမ်းချမ်းတဲ့ နိုင်ငံကြီးသားပီသတဲ့ အတွေးအမြင်တွေ၊ အပြု အမူနဲ့ အပြောအဆိုတွေ သင်ကြားပို့ချဖို့လည်း လိုအပ်ပါတယ်။

ကျောင်းသားတိုင်း ကျောင်းမှာ မူလတန်းမှာကတည်းက သင်ခဲ့ကြဖူးတဲ့ “တစ်ယောက်စကား၊ တစ်ယောက်နားမှာ မခါးရ အောင် သတိဆောင်၍ မောင်တို့ ဆိုလေ ပျားသကာသို့ ချိုလှစေ” ဆိုတဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အဆုံးအမနဲ့ ကိုက်ညီဖို့လိုပါတယ်။ ဒီအဆုံးအမကို ရင်ထဲ အသည်း ထဲမှာ စွဲမြဲနေဖို့နဲ့ နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးကြဖို့လည်းအထူးလိုအပ်ပါတယ်။

ငါတို့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကသာ အမြင့်မြတ်ဆုံး၊ အစင်ကြယ်ဆုံး၊ အမွန်မြတ်ဆုံး၊ ဂုဏ်ထူးဝိသေသတွေနဲ့ အပြည့်အစုံဆုံးလို့ ပြောဆိုနေတာတွေဟာ တကယ်တော့“ဘာသာရေးရှော်ဗင်ဝါဒ” လှုံ့ဆော်မှုသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးအစွန်း ရောက်မှုကို ဖော်ပြတဲ့ အပြုအမူတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအချက် (၅၊၇၊၈)ကို စံပြုတိုင်းတာ ကြည့်တော့ သင်္ကန်းရုံထားပြီး ရုန့်ရင်းတဲ့ကြမ်းတမ်းတဲ့၊ သံဃာတစ်ပါးရဲ့ နှုတ် ကနေ ဘယ်လိုမှ မထွက်သင့်၊ မမြွက်သင့်တဲ့ ဖရုဿဝါစာ စကားသိမ်၊ စကားဖျင်းတွေကို (ကံသုံးပါးနဲ့) မာန်ပါပါ၊ ဟန်ပါပါပြုမူဟော ပြော အသုံးတော်ခံခဲ့တဲ့ “အရှင်ဝီရသူ” ရဲ့ လုပ်ရပ်တွေဟာ တကယ့်ဗုဒ္ဒဘာသာ အစစ်အမှန်တရားနဲ့ မိုးနဲ့မြေလို အပုံကြီး ကွာခြားလွန်းတယ် ဆိုတာ ပြည်သူတွေ အကြားမှာ “နဂါး နဲ့ တီကောင်” ခြားနားသလို ထင်ထင်ရှားရှားကွဲကွဲပြားပြား ဖြစ်သွားစေပါတယ်။

ဒီကြေညာစာတမ်းပါ အချက်တွေဟာ ဓမ္မစက်နည်းလမ်းဘက်က ဟောပြောပို့ချတဲ့နည်းလမ်း၊ ပညာပေးတဲ့ နည်းလမ်းဖြစ်ပါ တယ်။ ဒါပေမယ့် ဓမ္မစက်နည်းလမ်းတစ်ခုတည်းနဲ့လည်းမလုံလောက်နိုင်ပါဘူး။ ဒါကြောင့် အခြားတစ်ဖက်ဖြစ်တဲ့ အာဏာစက်နည်းလမ်း ဘက်ကနေလည်း ဒီလို ဘာသာရေးကို အလွဲသုံးစားလုပ်ပြီး၊ မလျော်မကန်ပြုမူတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက်၊ မှတ် လောက်သားလောက်ဖြစ်အောင် အရေးယူအပြစ်ပေးဖို့လည်းလိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်ပြီး၊ လူမျိုးပေါင်းစုံက ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပြည်သူများဟာ နှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ဆည်းကပ် ကိုးကွယ် ယုံကြည်ကြပါတယ်။ ဒီလို နှစ်သက်ဆည်းကပ် ကိုးကွယ်ယုံကြည်ရာဘာသာတရား ကို သက်ဆိုင်ရာအစိုးရနဲ့ တရားဥပဒေက ထိရောက်စွာ၊ ညီမျှစွာ အကာအကွယ်နဲ့ အကူအညီတွေ ပေးဖို့လိုအပ်ပါတယ်။ နည်းလမ်းမျိုးစုံနဲ့ ခွဲခြားခွဲခြား လုပ်နေတာမှန်သမျှကို ဖယ်ရှားပစ်ဖို့လည်း လိုအပ်ပါတယ်။ ဘာသာရေးကို လက်နက်သဖွယ် မသုံးမချသင့်ပါဘူး။

ယဉ်ကျေးမှုတစ်ခု၊ ဘာသာတရားတစ်ခု၊ လူမျိုးတစ်မျိုးကို အထူးအခွင့်အရေးပေးခြင်းဟာ မုန်းတီးမှု၊ကြောက်ရွံ့မှု၊ အယုံကြည် ကင်းမဲ့မှု၊ ရန်ပြုမှုတွေကိုသာ အတောမသတ် လှုံ့ဆော်ဖန်တီးနေပါလိမ့်မယ်။

ဒါကြောင့် ကိုးကွယ်ရာဘာသာတစ်ခုကို အကြောင်းပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးမှာ ခုတုံးလုပ် အသုံးချနေမှုမှန်သမျှ ကို ပြည်သူအားလုံးက တညီတညွတ်တည်း ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုအပ်ပါကြောင်း။

ညွန်း –

“သီတဂူကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးကြေညာစာတမ်း ” (၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်) ၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၃

https://www.facebook.com/thitagustar/posts/938711536214519 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts