ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – နှင်းတွေနဲ့ ဝေ

 

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – နှင်းတွေနဲ့ ဝေ
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆

ချစ်သူငယ်ချင်းတို့ …

ဝါရှင်တန်ဒီစီ အခြေစိုက် VOA, RFA နဲ့ နိုင်ငံခြားသတင်းဌာနတွေက ထုတ်လွှင့်တဲ့ သတင်းတွေ၊ အမေရိကန် အရှေ့ ဘက်ခြမ်းမှာ နေကြတဲ့ ဖေဘုတ်ဘော်ဘော်တွေ အချိန်ပြည့် တင်ပေးနေတဲ့ ဓါတ်ပုံတွေကြောင့် ငါတို့နေတဲ့ မြို့ တဝိုက်မှာ နှင်းမုန်တိုင်း Jonas ကြောင့် နှင်းရေခဲတွေ ဖုံးလွှမ်းသွားတာကို မင်းတို့ သိရပြီး စိုးရိမ်ပူပန်ကြကာ မေးကြမြန်းကြတာကို ကျေးဇူးတင်ပါတယ်။ မင်းတို့ သိချင်မေးကြလို့ ဒီကအခြေအနေ၊ ဘယ်လို ဖြေရှင်းလုပ်ကိုင်ကြလဲဆိုတာတွေကို ပြောပြပါမယ်။

(၃၈) နာရီ ဆက်တိုက်ကျပြီး ဒီနေ့တော့ နှင်းကျ ရပ်သွားပါပြီ။ ငါတို့အားလုံး အေးအေးဆေးဆေး အစစအရာရာ အဆင်ပြေပါတယ် – တကယ်ကို အေးအေးဆေးဆေးပါ – ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ တော်တော်လေးအေးနေလို့။ မင်းတို့ ကြားသိခဲ့သလို နှင်းမုန်တိုင်း Jonas က အမေရိကန် အရှေ့ ခြမ်း ဝါရှင်တန်ဒီစီ စံတော်ချိန် သောကြာနေ့ ညနေ (၃) နာရီလောက်မှာ စကျပါတယ်။ ဒီ သမိုင်းဝင် နှင်းမုန်တိုင်း ကျမယ်ဆိုတာကို ဒို့တတွေ တပတ်ကျော်လောက်ကတည်းက နေ့စဉ်ကြားသိနေရပြီး သက်ဆိုင်ရာ ပြည်နယ်မြို့ နယ် အစိုးရ နဲ့ သတင်းဌာနတွေက လိုအပ်တဲ့ ဆေးဝါး၊ စားစရာသောက်စရာ၊ အရေးပေါ် အသုံးအဆောင်၊ နှင်းရှင်းတဲ့အခါ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို ဝယ်ယူသိုလှောင်းထားဖို့ သတိပေး နှိုးဆော်ခဲ့တယ်။ ဒါကြောင့် အိမ်မှာ လိုအပ်တာတွေ ပြည့်ပြည့်ဝဝရှိပြီး၊ နှင်းမုန်တိုင်း ကျနေချိန် အိမ်ထဲမှာ နွေးနွေးထွေးထွေးနေပြီး နှင်းကျရပ်မှာကို အားဖြည့်စောင့်ခဲ့ကြတယ်။

နှင်းမုန်တိုင်း က ဟာရီကိန်း၊ ဆိုင်ကလုန် လေမုန်တိုင်းတွေလောက် လေတိုက်နှုန်း မပြင်းထန်ပေမဲ့ နှင်းပွင့်နှင်းဖတ်တွေ အဆက်မပြတ်ကျပြီး လမ်းတွေပိတ်စို့သွားအောင် တစ်ပေနှစ်ပေလောက်ကျ၊ လေအေးကြောင့် နှင်းတွေခဲ လမ်းတွေရေခဲပြင်ဖြစ်၊ နှင်းတွေက သစ်ပင်သစ်ကိုင်း၊ အိမ်ခေါင်းမိုးပေါ်တွေတင် အဲဒီအလေးချိန်ကြောင့် သစ်ကိုင်းသစ်ပင်တွေ ပြိုလဲ၊ အိမ်ခေါင်းမိုးတွေ ပြိုကျ၊ ပြီးတော့ လျှပ်စစ်ဓါတ်ကြိုးလိုင်းတွေ ပြတ်တောက်၊ ရေပိုက်လိုင်းတွေ အေးခဲပိတ်စို့ပြီး ရေပြတ်တောက်မှုတွေဖြစ်၊ နှင်းတွေအရည်ပျော်ပြီး ပင်လယ်မြစ်ချောင်းတွေထဲ စီးဝင်၊ ဒီရေတက်ကာ ပင်လယ်ကမ်းစပ်နဲ့ မြစ်ချောင်းနဲ့နီးတဲ့ နေရာတွေမှာ ရေကြီးတာတွေ ဖြစ်တတ်တာမို့ တခြား သဘာဝဘေးဒဏ်တွေလိုပဲ အန္တရာယ်များလှပါတယ်။ ငါတို့က မြစ်ချောင်းပင်လယ်နဲ့ဝေးလို့ ဒီဘေးက လွတ်ကင်းပါတယ်။

ဒီလို နှင်းကျချိန်မှာ အများဆုံး ဖြစ်တတ်တဲ့ ဘေးအန္တရာယ်တွေကတော့ လမ်းပေါ်မှာ ကားတွေတိုက်ကြတာ။ အဖြစ်အများဆုံးက နှင်းစကျချိန်မှာ လမ်းတွေကို ချက်ချင်းမရှင်းနိုင်သေး၊ လူတွေက ကတိုက်ကရိုက် အိမ်ပြန်ပြေးကြ၊ သွားလာမောင်းနှင်းကြတော့ လမ်းချော်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ကြတယ်။ ပြီးတော့ နှင်းကျရပ်ချိန် လမ်းတွေတိုင်းကို ကောင်းကောင်းမရှင်းရသေးချိန်မှာလည်း အလောတကြီး အလုပ်ကိစ္စ၊ ဈေးဝယ်ခြမ်းဖို့ ထွက်လာကြတဲ့အခါ ကားတိုက်၊ လမ်းချော်ကားမှောက်တာတွေကို တွေ့ရတတ်တယ်။ တချို့ လမ်းမကြီးတွေမှာ တခါတလေ ကားအစီးရေ ရာနီချီ ဆက်တိုက်တာတွေရှိတယ်။ ဒီလိုဖြစ်ရတာ ကြိုတင်သတိပေးချက်ကို မလိုက်နာကြတဲ့ ကားမောင်းသမားတွေရဲ့  ပေါ့လျော့မှု၊ ထိန်းထိန်းသိမ်းသိမ်း မမောင်းကြလို့ ဖြစ်တယ်။

ပြည်နယ်အစိုးရတွေက ကြီးမားတဲ့ နှင်းမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်တွေ ကျမယ်ဆိုရင် အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး၊ ကြိုတင်သတိပေးချက်တွေကို အဆက်မပြတ် ထုတ်လွှင့်ကာ၊ လိုအပ်တဲ့ ရှင်းလင်းရေးတွေ၊ ကာကွယ်တားဆီးရေးတွေ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အပြင်းအထန် လုပ်ဆောင်ကြတယ်။ သက်ဆိုင်ရာ ပြည်နယ်မြို့ နယ် အစိုးရအနေနဲ့ ရဲ၊ မီးသတ်၊ လူနာတင်ယာဉ်၊ ပြည်နယ်စောင့်တပ်တွေကို အသင့်အနေအထား ပြင်ဆင်ထားရှိပြီး၊ သွားလာရေးအတွက် အဓိက လမ်းမကြီးတွေကို ဦးစွာပေး ရှင်းလင်းကြတယ်။ နှင်းမကျခင် သုံးလေးနာရီလောက်ကတည်းက လမ်းမကြီးတွေပေါ်မှာ နှင်းပျော်ဆားတွေ ပက်ဖြန်းထားပြီး၊ ကျလာတဲ့ နှင်းတွေကို မပြတ်ရှင်းလင်းဖို့ နှင်းကော်ထရပ်ကားကြီးတွေနဲ့ အသင့်ပြင်ဆင်ထားခဲ့တယ်။ ဒါကြောင့် ပြည်နယ်အဝေးပြေးလမ်းမကြီးတွေ၊ မြို့ တွင်းလမ်းမကြီးပေါ်မှာ နှင်းတွေကို သိပ်မတွေ့ရဘူး။ ဒီတပတ်ကျတဲ့ နှစ်ပေကျော်ကျတဲ့ နှင်းမုန်တိုင်းမျိုးဆိုရင်တော့ ရှင်းလင်းရေးမှာ အနည်းနဲ့အများ အခက်အခဲရှိတာပေါ့။

နှင်းမုန်တိုင်း မကျခင်၊ ကျနေချိန်မှာ လူတွေ စိုးရိမ်ပူပန်မှု မရှိအောင် သတင်းပေးပို့ချက်တွေ၊ ထုတ်ပြန်ချက်တွေကို သတင်းဌာနတွေကတဆင့် မပြတ်ထုတ်လွှင့်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်၊ သတိပေးချက်တွေကို လုပ်ဆောင်ပေးတယ်။ ပြည်နယ်အုပ်ချုပ်မှုး၊ မြို့ နယ်အုပ်ချုပ်ရေး၊ ရဲဦးစီးချုပ်၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးဆိုင်ရာ တာဝန်ရှိသူတွေက အချိန်ပြည့် သတင်းဌာနတွေကတဆင့် လူတွေကို အားပေးစကားပြော၊ နေရာဒေသအလိုက် ရာသီဥတု အပြောင်းအလဲ အခြေအနေတွေ၊ လုပ်ဆောင်နေမှုတွေကို အသိပေးပြောကြားကြတယ်။ လူတွေက အိမ်ထဲမှာ အေးအေးလူလူနဲ့ သတင်းတွေကိုကြည့်ပြီး အခြေအနေ အရပ်ရပ်ကို သိရှိနိုင်တယ်။ အုပ်ချုပ်ရေးမှူးက ရေကာတာဆည်ပေါ် သွားအိပ်ပြမယ် ပြောတာဆိုတာတော့ မရှိဘူး။

အကယ်၍ တစုံတရာ ဘေးအန္တရာယ် ကြုံတွေ့ရင်ဆိုင်ရပါက ကူညီကယ်ဆယ်ရေးအတွက် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်တွေ၊ ရာသီဥတုကြောင့် ကျောင်းတွေ၊ ရုံးတွေ၊ အလုပ်တွေ၊ သွားလာလည်ပတ်တဲ့ နေရာတွေ၊ ဈေးဆိုင်တွေ ပိတ်တဲ့ ကြေညာချက်တွေကို သတင်းဌာနတွေ၊ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြအသိပေးတယ်။ ပြီးတော့ နှင်းတောထဲကနေ သတင်းပေးပို့နေသူတွေက လူတွေ စိတ်ပူပန်၊ စိတ်သောက မဖြစ်အောင် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ အားပေးပြောဆို သတင်းပေးပို့ကြတယ်။ နောက် အိမ်ထဲမှာ နှင်းအောင်းနေကြတဲ့ လူတွေကို မိမိတို့ မိသားစု၊ မိတ်ဆွေတွေနဲ့ နှင်းထဲပျော်ကြ၊ ဆော့ကစားကြ၊ ရှင်းလင်းကြတာတွေကို အပျော်ဓါတ်ပုံတွေရိုက် ပေးပို့ခိုင်းပြီး ထုတ်လွှင့်ပေးတယ်။ တနည်းအားဖြင့် စိုးရိမ်ပူပန်ကြသူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းတမျိုးပေါ့။

ဒီလောက် ကြိုတင်ပြင်ဆင်မှုတွေကြားက သေကြေထိခိုက်မှုတွေ မရှိဘူးလားဆိုတော့ အနည်းနဲ့အများ ရှိပါတယ်။ ပြောခဲ့သလို အဓိက သေကြေဒဏ်ရာရမှုတွေက ကားတွေ ရေခဲချော် တိုက်ကြလို့ ဖြစ်ပြီး။ နောက် သစ်ပင်၊ အိမ်ခေါင်းမိုးတွေ နှင်းရေခဲထု weight အလေးချိန်ကို မခံနိုင်လို့ ပြိုကျတာ၊ ရေခဲပြင်ပေါ် ချော်လဲတာ၊ နှင်းတွေ ရှင်းလင်းတဲ့အခါ ကျန်းမာရေး မကောင်း၊ ကိုယ်ခံစွမ်းအားနည်းသူတွေ နှလုံးသွေးရပ်၊ ခါးနား ထိခိုက်မှုတွေ ဖြစ်ကြတယ်။ သတင်းတွေအရ ဒီတကြိမ် မုန်တိုင်းဒဏ်သင့် ခံရတဲ့ လူဦးရေ (၈၅) သန်းလောက်မှာ စုစုပေါင်း (၁၈) ယောက်လောက် အသက်ဆုံးရှုံးကြောင်း သိရတယ်။ ဒို့နိုင်ငံလို တိကျတဲ့ ကြိုတင်သတိပေးချက်၊ ပြင်ဆင်မှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ မရှိခဲ့ရင် ဘယ်လောက် ဆုံးရှုံးပျက်စီးကြမလဲဆိုတာ တွေးကြည့်နိုင်တယ်။

ပြည်သူတွေအနေနဲ့ အလေးပေး လိုက်နာလုပ်ဆောင်ရမှာက သတင်းပေးပို့ချက်၊ ထုတ်ပြန်ချက်တွေကို တလေးတစား လိုက်နာကြဖို့ ဖြစ်တယ်။ လမ်းတွေပိတ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ အခက်အခဲဖြစ်လို့ လူတွေကို အပြင် ခရီးသွားလာရေးတွေ မလုပ်ကြဖို့ ဥပဒေထုတ် တားမြစ်ထားတဲ့အခါ မသွားကြမလုပ်ကြဖို့ – မလိုက်နာ မောင်းကြရင်တော့ ကြီးမားတဲ့ ဒဏ်ငွေ ဒဏ်ခတ်ခြင်း ခံရမယ်။ ဒါကြောင့် ထုထည်ကြီးမားတဲ့ နှင်းကျချိန်မှာ မြို့ တွင်းလမ်းတွေပေါ်မှာ ကားတွေ မောင်းနှင်းသွားလာတာကို တွေ့ရခဲတယ်။ ဒီတကြိမ် ကားအလွန်ပေါ၊ လူ (၈) သန်းကျော်နေတဲ့ နယူးရော့ခ်မြို့ ကြီးမှာ အပြင်ထွက် သွားလာခြင်းတွေကို အာဏာပိုင်တွေက အမိန့်ထုတ်ပြန် တားမြစ်ခဲ့တယ်။ မြို့ တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ (ဘတ်စ်ကား၊ မြေပေါ်မြေအောက် မီးရထား၊ တက္ကစီ) ကိုလည်း ရပ်နားထားခဲ့တယ်။ ဝါရှင်တန် ဒီစီရဲ့  Metro ဘတ်စ်ကား နဲ့ မီးရထားတွေကိုလည်း နှစ်ပေါင်း (၄၀) အတွင်းမှာ ပထမဦးဆုံးအကြိမ် သောကြာနေ့ကနေ တနင်္လာနေ့မနက်ပိုင်းအထိ ရပ်နားထားလိုက်တယ်။

ဒီလို ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေမှာ သွားရေးလာရေးတွေ၊ ကျောင်းတွေ၊ ရုံးတွေအလုပ်တွေ၊ နေရာတော်တော်များများ မပိတ်လို့လဲ မရဘူးလေ။ ဒီတကြိမ် Jonas လို့ခေါ်တဲ့ နှင်းမုန်တိုင်းက နှင်းထု (၃၀) လက်မလောက် ဖြန့်ကျဲလိုက်တာ အရှေ့ အလယ်ပိုင်း နဲ့ အရှေ့ မြောက်တကြော နေထိုင်ကြတဲ့ သန်းပေါင်းများစွာ ပြည်သူတွေလည်း အလူးအလဲ ခံရတယ်။ အဝေးပြေးကားလမ်းတွေပိတ်၊ မီးရထားတွေ ရပ်နား၊ လေကြောင်း သွားလာရေးတွေ ရပ်ဆိုင်းလိုက်ရလို့ ခရီးသွားလာသူတွေ အတော်လေး အခက်တွေ့ခဲ့ကြပေမယ့် အများပြည်သူ အဆင်ပြေအောင်၊ ဆိုးဝါးတဲ့ ဒုက္ခဘေး အန္တရာယ်တွေကို သက်ဆိုင်ရာက အကောင်းဆုံး စီစဉ်ဆောင်ရွက်ဖြေရှင်းပေးပါတယ်။

နှင်းမုန်တိုင်း ကျနေချိန် အိမ်ထဲမှာ ဇိမ်နဲ့ လုံလုံခြုံခြုံ၊ အေးအေးဆေးဆေး အားဖြည့်အနားယူနေကြတဲ့ လူတွေရဲ့  တာဝန်ဝတ္တရားက နှင်းရပ်ဆိုင်းတာနဲ့ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်သူတွေက ကိုယ့်အိမ်ပတ်ဝန်းကျင် ရှင်းလင်းရေး ဖြစ်တယ်။ ပြည်နယ်မြို့ နယ်အလိုက် သတ်မှတ်ပြဌာန်းထားတဲ့ နှင်းရှင်းလင်းရေး ဥပဒေပေါ်လစီ မတူကြပေမယ့် အများအားဖြင့် ကိုယ့်အိမ်ရှေ့ ရှိ လူသွားလမ်းကို နှင်းကျရပ်ပြီး နာရီပိုင်းအတွင်း နဲ့ (၂၄) နာရီအတွင်း ရှင်းလင်းပေးရတယ်။ အိမ်ရှေ့ လမ်းပေါ်မျာ ရပ်ထားတဲ့ ကိုယ့်ကားတွေကိုလည်း ရှင်းလင်းပြီး နေရာပြောင်းရွှေ့  ရပ်ပေးရတယ်။ ဒါမှ မြို့ လမ်းတွေကို ရှင်းလင်းဖို့ တာဝန်ရှိတဲ့ စည်ပင်က အတွင်းလမ်း၊ အပြင်လမ်း ရှင်းလင်းရေးတွေကို အဟန့်အတား၊ မထိမခိုက် လုပ်ဆောင်နိုင်မယ်။ မိမိအိမ် ပတ်ဝန်းကျင်ကို သတ်မှတ်အချိန်အတွင်း မရှင်းလင်းပါက ဒဏ်ငွေရိုက်အရေးယူခံရမယ်။ မကျန်းမာ၊ အိုမင်းမစွမ်းသူတွေက လူငှား၊ သက်ဆိုင်ရာကို အကြောင်းကြားပြီး အကူအညီ တောင်းနိုင်တယ်။ တချို့ လူငယ်ကလေးတွေက မုန့်ဖိုးရှာတဲ့အနေနဲ့ အိမ်နီးနားချင်း၊ ရပ်ကွက်ထဲက အိမ်တွေကို တံခါးခေါက်ပြီး နှင်းရှင်းလင်းပေးရေး အလုပ်ကို လုပ်ကြတယ်။ ငါလည်း ကျောင်းတတ်ခဲ့တုန်းက အဲဒီလိုမျိုး နှင်းရှင်းပြီး ပိုက်ဆံရှာခဲ့ဖူးတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့။

ငါတို့လို အိမ်ခန်းတိုက်ခန်း (apartment) ငှားနေကြသူတွေကတော့ ကိုယ့်တိုက်ခန်းရှေ့ မှာ ရပ်ထားတဲ့ ကားကို ရှင်းလင်းဖို့ပဲ လုပ်ရတယ်။ ခြံဝင်းထဲက လူသွား၊ ကားလမ်းတွေ၊ ကားရပ်နားရာနေရာတွေကိုတော့ apartment ပိုင်ရှင်က အချိန်မီ ရှင်းလင်းပေးတယ်။ အခု ဒီစာရေးနေချိန်အထိတော့ နှင်းအောက်မှာ အိပ်စက်နေတဲ့ (ပုံထဲက) ငါ့ ကားလေးကို မဖော်ထုတ် မရှင်းလင်းရသေးဘူး။ လောလောဆယ် ဘယ်လောက်အေးလဲဆိုတော့ (၂၈) ဒီဂရီ ဖာရင်ဟိုက်၊ (-၂.၂) ဒီဂရီ စင်တီဂရိတ် ရှိတယ်။ လေတိုက်ရင် ပိုအေးတယ်။ ဒီစာရေးပြီးတာနဲ့ ရှင်းပါမယ်။ တော်ကြနေ ငါ့ကားရှိတဲ့ အခြမ်းကို ရှင်းလင်းမယ်လို့ အိမ်ရှင်က ဖုန်းဆက်ပြောလာတယ်။ ဒါကြောင့် ဒီစာကို အရေးရပ်ပြီး လုပ်အားပြရအုံးမယ်။ အအေးမမိအောင် လက်အိတ်၊ ခေါင်းစွပ်၊ ဘွတ်ဘိနပ်ရှည်၊ အနွေးထည် အထပ်ထပ်ဝတ်ပြီး၊ ခါးမနားအောင် (အသက်ကြောင့်) သတိထားပြီး လုပ်ရမယ်။ ကားတစ်စီးကိုတောင် အနည်းဆုံး တစ်နာရီလောက် နားနားနေနေ ရှင်းရမယ်။ အိမ်ပိုင်၊ ကား နှစ်စီးသုံးစီး ရှိသူတွေဆို တော်တော်ပင်ပန်းကြတယ်။

အချုပ်ပြောမယ်ဆိုရင် မင်းတို့ ဓါတ်ပုံထဲမှာ နှင်းတွေ ကျနေတာ၊ နှင်းတွေ ဖုံးလွှမ်းနေတဲ့ အိမ်တွေ၊ သစ်ပင်တွေ၊ ကားတွေ၊ ကလေး (လူ) တွေ နှင်းတွေနဲ့ ဆော့ကစားနေကြတာတွေကို ပန်းချီကားဆန်ဆန် တွေ့မြင်ရတာ ကြည့်ကောင်းပေမယ့် အကယ်၍ နှင်းမုန်တိုင်း၊ ရေခဲမိုးတွေကို ကြံ့ခိုင်၊ ကာကွယ်ခိုလှုံနိုင်တဲ့ အိမ် အဆောက်အဦးတွေ မရှိ၊ အိမ်ထဲမှာ အပူပေးစက်မရှိ၊ မီးမလာ ရေပူရေအေးမရ။ ရာသီဥတု အခြေအနေကို ဘာမှ ကြိုတင်မသိ၊ သတိပေး နှိုးဆော်ချက်မရှိ၊ ကူညီကယ်ဆယ်ရေးတွေ မလုပ်ပေးဘူးဆိုရင်တော့ မြန်မာနိုင်ငံလို လူတွေသောက်သောက်လဲ သေကြေထိခိုက်ကြမှာ။ ရေခဲမှတ်အောက် အအေးထဲမှာ ဘယ်သူမှ ကြာကြာမနေနိုင်ဘူး။ ပြောချင်တာက ဘယ်လို ရာသီဥတုမျိုးပဲဖြစ်ဖြစ် ဒို့တတွေ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်၊ ကာကွယ်ရေး ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးတွေ ရှိမယ်လုပ်ထားမယ်ဆိုရင်တော့ မဖြစ်သင့်တာတွေ ဆုံးရှုံးမှုတွေ မဖြစ်တော့ဘူးပေါ့။

မုန်တိုင်းမလာခင် ကောင်ကင်ယံ လှပနေတတ်သလို၊ နှင်းမုန်တိုင်း ရပ်စဲသွားရင်လည်း ပတ်ဝန်းကျင်တခုလုံး ဖြူဖွေးလှပနေပြီး၊ မင်းတို့ ပြောသလို၊ ဒဏ္ဍာရီပုံပြင်တွေထဲမှာ မြင်ရတဲ့ ရင်သပ်ရှုမော နှင်းပန်းချီကားတွေ အတိုင်းပေါ့။ ဒါပေမဲ့ အဲဒီပန်းချီကားကို ကြာကြာ ငေးမောမကြည့်နိုင်၊ မခံစားနိုင်ဘဲ ရှင်းလင်းရေးလုပ်ရတာ အတော်မောလှပေါ့။ နောက်နေ့တွေ အပြင်သွားလာရင်လည်း ချော်မလဲအောင် သတိထားသွားလာရတယ်။

ကဲ နောက်မှ ပြောစရာရှိတာ ဆက်ပြောကြတာပေါ့။ အခုတော့ အချိန်ရှိခိုက် လုံးလစိုက် ရှင်းလင်းရေး လုပ်လိုက်အုံးမယ်။ သူငယ်ချင်း၊ မိသားစုတွေအားလုံးကို ပြောလိုက်ပါ အစစ အရာရာ အဆင်ပြေ၊ အေးအေးဆေးဆေးပါလို့။ ဒို့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်း သဘာဝဘေးဒဏ်အပေါင်းမှ ကင်ဝေးပြီး၊ နောက်တက်လာမယ့် အစိုးရအနေနဲ့ တိုင်းသူပြည်သား ဘဝလုံခြုံရေးကို များစွာစွမ်းဆောင် လုပ်ဆောင်နိုင်ကြပါစေ။

ချစ်ခင်စွာဖြင့် မင်းတို့ရဲ့ 
ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – နှင်းတွေနဲ့ ဝေ
  1. Hahaha yes the gov does all of those things but it also taxes on the people. Sometimes that money might not be well spent either because the gov does a lot of stupid things esp with Medicare and Medicaid.

Comments are closed.