ခေတ်ပြိုင်အတွေ့အကြုံ

သွန်းခ – နောက်ကြောင်းပြန်တယ် မပြောကြေး

သွန်းခ – နောက်ကြောင်းပြန်တယ် မပြောကြေး
( မိုးမခ ) ဇန်နဝါရီ ၂၃၊ ၂ဝ၁၆

တကယ်ကို မေတ္တာရပ်ခံချင်တာက နောက်ကြောင်း၊ သို့တည်းမဟုတ် ပြီးပြီးသားကိစ္စ၊ လွန်လေပြီးသော ကာလ ကအကြောင်းတွေ ပြန်ပြောချင်လို့ပါခင်ဗျ။

သိပ်မဝေးတဲ့ အကြောင်းအရာတွေပါပဲ။ ပြီးခဲ့တဲ့ ၂ဝ၁၆၊ လွတ်လပ်ရေးနေ့ ကပေါ့ခင်ဗျာ။ သွန်းခ တို့လမ်းထဲ မယ် ကလေးတွေ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးဖြစ်သဗျ။ လူကြီးတွေ အတွက် ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲ၊ အုန်းသီးလုပွဲ၊ လွန်ဆွဲပွဲ အဲ … အဲ … အဲဒါတွေ မလုပ်ဖြစ်ဘူး လို့ပြောမလို့ပါ။

အကြောင်းက ပိုက်ဆံ မှမရှိတာလေဗျာ။ ဘယ်သူကမှ ပိုက်ဆံ လောက်လောက်လားလား မထည့်ကြတော့ ဘယ်ကလာ လွတ်လပ်ရေးနေ့ မှတ်မှတ်ရရ လူကြီးပွဲ ဖြစ်ပါတော့မလဲ။

ပိုက်ဆံ မထည့် ဆို စီးပွားရေးတွေလည်း ကြည့်ဦး။ အဆင်မှမပြေတာ။ ဘယ်ကလာ အပျော်အပါး အတွက် ထည့်ဝင်နိုင်ကြပါတော့မလဲခင်ဗျာ။

ကောင်းပါတယ်ဗျာ။ ကလေးတွေချည်းပဲ ဆိုတော့ ထိန်းရ၊ ပြုရလွယ်တာပေါ့။ တော်နေကြာ လူကြီးတွေ ကစားကြရင် မူးနေကြတာနဲ့ ရန်ဖြစ်မှာစိုးရသေးတာကိုး။

တော်နေကြာ ခေါင်းအုံး မရိုက်ပဲ လူချင်း ထရိုက် နေကြမခက်ပါလား။ ချောတိုင်တက်ဖို့ဆိုတာကလည်း မြေ နေရာ၊ ချောတိုင် အတွက် ဝါးပိုးဝါး ခပ်တောင့်တောင့်၊ ခပ်ဖြောင့်ဖြောင့် ကလိုသေးတာ။ ချောတိုင် စိုက်ဖို့မြေနေရာ မနည်းရှာ ရမယ့် သွန်းခ တို့ ရပ်ကွက် ထဲ မလုပ်ဖြစ် တာပဲ ကောင်းပါတယ်။

လွန်ဆွဲတာတို့၊ ချောတိုင်တက်ကြဖို့ ဆိုတာ အင်နဲ့အားနဲ့၊ ဇွဲနဲ့မာန်နဲ့ ကြိုးစားကြရမှာ ဆိုတော့ အာဟာရ ပြတ်တာက များနေတဲ့ လူကြီးတွေ ဘာမှမလုပ်ဖြစ်တာကောင်းပါတယ် လို့ပဲ ဖြေတွေးတွေးရတာပါ။

ကလေးတွေရောတဲ့။ ခပ်လှီလှီ လေးတွေ များပါတယ်။ အနာဂတ် အတွက် သားကောင်း၊ သမီး ရတနာလေး တွေပါခင်ဗျာ။ အာဟာရ မပြည့်တာဘာဆန်းလို့တုန်း။ သူတို့လေးတွေဖြင့် စားလိုက်ရ ဓါတုဗေဒ ဆေးဝါး က လွတ်တဲ့ အစားအစာ ခပ်ရှားရှားရယ်ကိုး။

အိမ်က သမီးတောင် ထမင်းရည် မှန်မှန် တိုက်နေရတာ။ အနာဂတ်အတွက်၊ အနာဂတ် အတွက်။

ကလေးပွဲလေးတွေတော့ ဖြစ်ဖြစ်မြောက်မြောက် ကြိုးစားလုပ်ခဲ့ကြပါတယ်။ ကမကထ လုပ်တဲ့၊ အဲ၊ သတ်သတ်မှတ်မှတ် ဒိုင်လူကြီးလုပ်ပေးတဲ့ ပုဂ္ဂိုလ်ကြီးက နဝတ၊နအဖ ခေတ်က ရပ်ကွက် ဥက္ကဌ ဟောင်းကြီး ခင်ဗျ။

ခမျာ ကြိုးစားပြီး အားပေးရှာပါတယ်။ ကလေးတွေကို အတတ်နိုင်ဆုံး ဆိုက်တူ၊ ဂိုက်တူလေးတွေ စုပြီး ပြေးခိုင်းလား၊ ပြေးခိုင်းရဲ့။ သံပုံး ရိုက်ခိုင်းလား၊ ရိုက်ခိုင်းရဲ့။ အပ်ထဲ အပ်ချည် အထိုးပြိုင်ခိုင်းလား၊ ပြိုင်ခိုင်းရဲ့။

အဲ၊ ကလေးတွေ အပေါ် မျှမျှတတ ရှိစေချင်လို့ထင်ပါရဲ့။ မနိုင်တဲ့ ကလေးတွေ၊ ဆုမရတဲ့ ကလေးတွေကို ပြန်ပြိုင်ခိုင်းတာခင်ဗျ။ ဆု တစ်ခုခု မရ မချင်းကို ပြိုင်ခိုင်းတော့တာ။ ပြေးပြီးကုလားထိုင် နေရာဦး ပွဲ ကိုလည်း သူပဲ စီစဉ်တာဗျ။

အတွေ့အကြုံ နဲ့ ဦးဆောင်သွားနိုင်တာပါခင်ဗျာ။ ကလေးတွေက ပျော်ကြပါတယ်။ လူကြီးတွေကတော့ အားကစား ဝင်မပြိုင်ကြရတော့ ပုလင်းတွေနဲ့ မလဲအလဲ ပြိုင်နေကြပုံ ရတာပါပဲ။

ပေါပေါများများ၊ အရက်၊ဘီယာ များနဲ့ နိုင်ငံပေကိုး။ ခမျာများ ဈေးပေါပေါနဲ့ ဝယ်သောက်နေနိုင်ကြတာကို တွေ့ရတော့ စိတ်လေးမိသားပါ။

မေတ္တာရပ်ခံ ထားပြီးသားဗျနော်။ နောက်ကြောင်းလေး နည်းနည်းပြန်ပါရစေလို့။

ဒီလိုပါ။ အားလုံးလည်း သိတော်မူကြတဲ့အတိုင်း ၂ဝ၁၆ ရဲ့ နိုဘယ်-မြန်မာ စာပေပွဲတော်ကြီးဟာဖြင့် အများ မျှော်လင့်ထားခဲ့ကြတဲ့ အမျိုးသားကဇာတ်ရုံ မှာ ကျင်းပခွင့် မရခဲ့ပဲ မြန်မာအီးဗင့်ပတ်ခ် MEP မှာသာ ကျင်းပခွင့်ရ ခဲ့တာပါ။

စာအုပ်တွေက ဘယ်လိုနေရာရောင်းရောင်း။ စာပေဟောပြောပွဲ၊ စာဖတ်ပွဲ၊ ကဗျာ ရွတ်၊ ကလေးတွေ အကြိုက် ပုံပြော၊ ပန်းချီရေး၊ ကာတွန်းရေး ကြိုက်တာလုပ် နေရာအတွက် သိပ်စဉ်းစားစရာမလို ပေတဲ့ ပြဇာတ်၊ တေးသရုပ်ဖော်၊ အမှတ်တရသီချင်း တွေ၊ တစ်နည်းအားဖြင့် စင်မြင့်နဲ့ ဖျော်ဖြေ၊ တင်ဆက်ရမယ့် ကိစ္စတွေ အတွက် စင်ကောင်းကောင်း၊ မီးကောင်းကောင်း၊ အသံစနစ်ကောင်းကောင်း လိုပေတာပေါ့ခင်ဗျာ။

စိတ်တိုင်းကို မကျနိုင်ရှာတဲ့ ဘကြီးအောင်ညာတယ် ပြဇာတ်၊ ဇာတ်ညွှန်းဆရာ ချစ် (ဆရာချစ်ဦးညို) ခမျာ ၃ ညဆက်တိုက် ပရိသတ် ကိုထွက်ထွက်ပြီး တောင်းပန်ရှာပါတယ်။

ပိတ်ပွဲည မှာတော့ ဆရာ ချစ်ဦးညို ကိုယ်တိုင် ဘကြီးအောင်ညာတယ် သီချင်း ကို သီဆိုတင်ဆက်ခြင်းအား ဖြင့် ပရိသတ်ကို တလေးတစား ဖျော်ဖြေ ပေးခဲ့တာပါ။

ဘကြီးအောင်ညာတယ် ဆိုတဲ့ပြဇာတ်ဖြစ်လာဖို့ စာပေနယ်ပယ်က ဆရာ၊ဆရာမတွေ အစွမ်းကုန်ကြိုးစားခဲ့ ကြရတာပါ။ ဆရာကြီး မင်းသုဝဏ် ဝတ္ထုပေကိုး ခင်ဗျာ။ ပေါ့ပေါ့ဆဆ ဘယ်သူမှ မလုပ်ခဲ့ကြပါဘူး။

စိတ်ကို ခိုင်ခိုင်ထားနေခဲ့တဲ့ ကြားထဲကနေ မျက်ရည်စို့ လာအောင် ဆွဲဆောင်အား ကောင်းလှတဲ့ ပြဇာတ်ရဲ့ ဇာတ်သိမ်းခါနီး ဟာဖြင့် မောင်ချစ် အဖြစ်သရုပ်ဆောင်သူလေး ရဲ့အနုပညာ အစွမ်းကြောင့်လည်း ပါခဲ့ပါရဲ့။

နောက်ကြောင်းပြန်တယ် မပြောကြေး ဆိုတဲ့အတိုင်း နောက်ကြောင်းတော့ နည်းနည်းပြန်မိပါပြီ။ မိုးမခ ဆရာ များရဲ့ ကျေးဇူးကြောင့် ဖော်ပြခွင့် ရမယ် ဆိုလည်း ဖော်ပြနိုင်ဖို့ရာ ဓါတ်ပုံလေးတွေလည်း ပေးပို့ထားပါတယ်။

အွန်လိုင်း က ဖတ်ကြရတာမို့ သိပ်မရှည်နဲ့ ဆိုလို့သာ ဖြတ်လိုက်ရတာပါ။ ဒီရက်ပိုင်းလေးတင် အကြောင်းအရာ လေးတွေက ရှိနေပါသေးတယ်။ နောက်ကြောင်း သိပ်ပြန်တော့လည်း မကောင်းပေဘူး မဟုတ်လား ခင်ဗျ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts