မောင်ရင်ငတေ ရေခြားမြေခြား မြန်မာများ

မောင်ရင်ငတေ – အတွေးစတစ – တဆယ့်ငါးနှစ်

မောင်ရင်ငတေ – အတွေးစတစ – တဆယ့်ငါးနှစ် 

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၆

တဆယ့်ငါးနှစ် ပြည့်တော့မည်။ ဒီ နှစ်ထောင့်ဆယ့်ခြောက် နောက်တလကျော်ဆိုလျှင်  မောင်ရင်ငတေ မွေးရပ်ရွှေမြေကြီးနှင့် ဝေးကွာခဲ့တာ ဆယ့်ငါးနှစ်ပြည့်တော့မည်၊

ကိုယ့်ရဲ့ အရှေ့က ထွက်ခွာခဲ့သူများ ကိုယ့်ရဲ့ နောက်ကမှ ထွက်ခွာခဲ့သူများအထဲမှာ ပြန်ခဲ့ပြီးသူတွေ၊ ပြန်ကြသူတွေ၊ ပြန့်ဖိုရန် ပြင်ဆင်နေကြသူတွေ … အများအပြားရှိသည်၊ သတင်းတွေကြားနေရပါသည်၊

အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာလာခဲ့သူများ အကြောင်းအမျိုးမျိုးပြ ပြန်ခြင်းသာ ဖြစ်ကြပေမည်။

ကိုယ်ကိုယ်တိုင်ကတော့ အကြောင်းအမျိုးမျိုးကြောင့် … အဲဒီ ပြန်ခြင်း ဆိုတာကြီးကို ဥပက္ခာပြုထားသူ ဖြစ်သည်။ ပြန်ချင်စိတ် တကယ် ရှိသလားဆိုတော့လည်း သိပ်မရှိဘူးဟုသာ ပြောရမည် ဖြစ်သည်။

နိုင်ငံရပ်ခြားမှာ သံယောဇဉ်တွေရှိလို့ သို့တည်းမဟုတ် ကြိုက်နှစ်သက်လို့ နေတာလား မေးလျှင် …

ရွှေမြေကြီးမှာ သံယောဇဉ်တွေမရှိလို့ သို့တည်းမဟုတ် မကြိုက်နှစ်သက်လို့ မနေတာလား မေးလျှင် …

နှစ်ခုစလုံးကြောင့် မဟုတ်ဘူးလို့သာ ငြင်းချင်ပါသည်။ ဘဝကို အလိုက်သင့်သာ သွားတတ်ခဲ့ပါသော သူတယောက်အတွက်ကတော့ ဘာမှ သိပ်မထူးခြားဟုသာ တွေးမိထားပါသည်၊

ဆယ့်ငါးနှစ်ဆိုတာက တဆက်တစပ်တည်း မပြန်ဖြစ်ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်၊

အမှန်တကယ်က ဘန်ကောက်မြေကြီးကို နင်းမိချိန် တထောင်ကိုးရာကိုးဆယ်ခုနှစ်ကသာ စတင်ပြီး ရေတွက်ရလျှင်တော့ နှစ်ပေါင်း အစိတ် ကျော်ခဲ့ပြီ ဖြစ်သည်၊ အဲဒီ အချိန်က ထုံ့ပိုင်းထုံ့ပိုင်း ပြန်ဖြစ်ခဲ့သေး၍ ထည့်မတွက်လိုခြင်းဖြစ်သည်၊ ဒီတနှစ် မတ်လမှာ ပြည့်မည့် ကိုယ့်အသက်နဲ့ဆို နိုင်ငံရပ်ခြား နေခဲ့ခြင်းက တဝက်တိတိရှိပြီဟု ပြောနိုင်ပြီ ဖြစ်သည်၊ အဲဒီ နှစ်ဆယ့်ခြောက်နှစ် သက်တမ်းတွင်းမှာ ဒီကနေ့ လက်ရှိနေရပ်ကို ရောက်နေခဲ့တာက တဆယ့်ငါးနှစ် ပြည့်မှာ ဖြစ်သည်။

သေသေချာချာ တွက်ကြည့်လိုက်တော့ ကိုယ့်ဘဝ သက်တမ်းအတွင်း မရွှေ့မပြောင်း နေထိုင်ခဲ့တာ အကြာဆုံးချိန် ဖြစ်နေပြီဖြစ်သည်။ (နေတဲ့အိမ်ခန်းတွေ အိမ်ရာတွေတော့ ပြောင်းခဲ့ရတာရှိပါသည်)

မွေးရပ် ဧရာမြေ ဟင်္သာတမြို့မှာ ဆယ့်သုံးနှစ်နီးပါးခန့် အကြာဆုံးနေဖြစ်ခဲ့သည်၊ နောက်ပိုင်းမှာတော့ ပုသိမ်၊ ရေနံချောင်း၊ မိတ္ထီလာ၊ စလေ၊ မန္တလေး စတဲ့စတဲ့ မြို့တွေမှာ တနှစ် တနှစ်ကျော်လောက်စီသာ နေခွင့်ရခဲ့သည်၊ မဟာရန်ကုန် ရွှေမြို့တော်ကြီးမှာတော့ ရှစ်နှစ်နီးပါးခန့် နေထိုင်ခွင့် ရခဲ့ပါသည်၊

အဲဒီနောက် ရွှေမြေကြီးကို ပထမအကြိမ် စွန့်ခွာခဲ့ရသည်၊ ပထမဆယ်စုနှစ်ဟု ပြောရမည် ဖြစ်သည်၊

ဘီကေကေ၊ ကေအယ်လ်၊ ဆိုးလ် ဆိုတဲ့ အာရှကျား သုံးနိုင်ငံရဲ့ မြို့တော်တွေမှာ ရရာအလုပ်တွေကို လုပ်ကိုင်ရင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဘဝနဲ့ ကျင်လည်ခဲ့ရခြင်း ဖြစ်သည်၊ အဲဒီလိုနဲ့

ပထမ ဆယ်စုနှစ်တွင်းမှာ သုံးခေါက် သုံးခါတိုင်တိုင် ရွှေမြေကြီးသို့ ပြန်တော်မူခဲ့ဖူးပါသည်၊ သို့သော် ကံကြမ္မာ အကျိုးပေးကြောင့် ထင်ပါသည် – ရွှေမြေကြီးမှာ ကြာကြာနေထိုင်ခွင့် မရခဲ့ပါ၊ တတိယကြိမ် တုန်းကမူ ရွှေမြေကြီးက မခွာတော့ဟု တွေးမိခဲ့ဖူးပါသည်။ ကံကြမ္မာက နေထိုင်ခွင့် မပေးခဲ့ပါ၊

အမှန်အတိုင်း မိမိကိုယ်မိမိ ဝေဖန်သုံးသပ် စဉ်းစားကြည့်တော့ … ဘဝကို အလိုက်သင့်သာ သွားတတ်ခဲ့ပါသော သူတယောက်အတိုင်း နိုင်ငံရပ်ခြား သွားခြင်းကိုလည်း တခါဖူးမျှ တက်ကြွစွာနဲ့ ဆောင်ရွက်ခဲ့ဖူးခြင်း မရှိခဲ့ကြောင်း အကြိမ်ကြိမ် တွေးမိခြင်းတွေ ရှိခဲ့ပါသည်။ ထိုကဲ့သို့ တက်ကြွစွာနဲ့ လုပ်ဆောင်ခြင်း မရှိခဲ့ပါသော်လည်း စတုတ္ထစာအုပ်ကို ကိုင်ဆောင်၍ မွေးရပ်မြေမှ ဝေးရပ်မြေဆီသို့ အသိအကျွမ်းမရှိ ဒေါ်လာ ရာတန် သုံးရွက်ကို ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်ပေသည်၊

အဲလိုတွေကြောင့်မိုလို့ အလိုက်သင့်သမားတယောက်အနေနဲ့  …နို င်ငံရပ်ခြားရဲ့ ဒုတိယဆယ်စုနှစ်က အခုအခါ တစုခွဲတိုင် ရှိခဲ့ပြီဆိုတာကိုလည်း အံသြမိရခြင်းတော့ သိပ်မရှိမိပါလို့သာ ပြောချင်ပါသည်၊ အဲဒီလို အလိုက်သင့်စိတ်တွေကြောင့်လည်း သူများတကာတွေ ရွှေပြည်ပြန်ခြင်း ခရီးများကို ခပ်အေးအေး လက်ပိုက်၍ ကြည့်နေနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့တည်းမဟုတ် ပြန်မလာဖူးလားဟု မေးကြမြန်းကြသူများအတွက် ဖြေရန် အဖြေ မရှိသေးခြင်းလည်း ဖြစ်နိုင်ပေသည်။

တခုတော့ ပြောစရာ ရှိပါသည်။

ခရီးသွားခြင်းကို အနုပညာတခုလို ယူဆထားသူ တယောက်အနေနှင့် ဆိုရလျှင်တော့ ထိုသို့သော  မွေးရပ်ရွှေမြေ တနံတလျှား ကို တပတ်လောက်တော့ ခရီးလှည့်လည်ချင်စိတ်တော့ ရှိပါသေးသည်။ လှည့်လည်ခွင့် ရမည် မရမည် ဆိုတာကိုတော့ ရင် သိပ်ခုန်ခြင်း မရှိလှပါ။

တဆယ့်ငါးနှစ် ပြည့်ခါနီး အချိန်မှာ ရေးပါသည်၊ ကြေကွဲခြင်းတွေနဲ့ ရေးသလား မကြေကွဲခြင်းတွေနဲ့
ရေးခဲ့တာလား ကိုယ်တိုင် မဝေခွဲနိုင်မိပါ၊ ရေးမိရေးရာ ရေးချမိရခြင်းသာ ဖြစ်ပါလိမ့်မည်၊

တိုက်ဆိုင်သူများ တိုက်ဆိုင်ကောင်း တိုက်ဆိုင်ပါလိမ့်မည်၊ တိုက်ဆိုင်ပါက ဝမ်းနည်းရနိုင်ပါသည်၊

မောင်ရင်ငတေ ၁၅၀၁၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ရင်ငတေ – အတွေးစတစ – တဆယ့်ငါးနှစ်
  1. Yes I understand. I came to the us at age 17 in 1989 and didn’t go back till 2010 for many reasons. Mainly I m in school and then was working and my family was here. But it s always good to go back.

Comments are closed.