ဘာသာပြန်ကဏ္ဍ

ခင်လေး – သောကအလွန် တနှစ်


ခင်လေး – သောကအလွန် တနှစ်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၅

သင်ဟာ အရေးပါတဲ့ လူတယောက်ပါ….
တန်ဖိုးရှိတဲ့ လူတယောက်ပါ……
ပြိုင်ဖက်ကင်းအောင် ထူးချွန်နိုင်တဲ့ သူပါ……။
အခြားသူတွေက အပြစ်တင်နေတာတွေကို ဘယ်လိုအကြောင်းနဲ့မှ လက်မခံပါနဲ့…။
သင့်ရဲ့ ယုံကြည်ချက်အတိုင်းနေပါ။ အံသြစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြနိုင်ဖို့ ကြိုးစားနေထိုင်လိုက်ပါ။
(Ricardo Housham)

အလုပ်ထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာရင်းနဲ့ပဲ ကျွန်မရဲ့ အတိတ်က စိတ်ပင်ပန်းစရာတွေ၊ ဆေးစွဲနေတဲ့အခြေအနေတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတာတွေကို စိတ်ထင်တိုင်း လျှောက်စား ပစ်နေတာတွေ…. ဒါတွေအားလုံးကို စွန့်ပစ်ခဲ့ပါပြီ…….။ ကျွန်မရဲ့ ဘ၀အသစ်အတွက် ခြေလှမ်း အသစ်တွေကို လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ…..။

ကျွန်မဘ၀ရဲ့ စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွေဟာ ကျွန်မရဲ့ဘ၀ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး နာကျင်စရာတွေ၊ စိတ်မလုံခြုံမှုတွေ၊ အားငယ်စရာတွေနဲ့ ၀မ်းနည်းကြေကွဲမှုတွေကိုသာ ပေးတယ်ဆိုတာကို ကျွန်မကောင်းကောင်းကြီးကို သိနားလည် လိုက်ပါပြီ… ရှင်။ ကျွန်မ ဘယ်လောက်ပဲ အဆင်ပြေအောင် ကောင်းအောင် ကြိုးစားတည်ဆောက်ခဲ့ပေမဲ့လည်း ကျွန်မရဲ့ ဘ၀ပေးကံတရားကိုက အချစ်ရေးနဲ့ ပတ်သတ်လာရင် ခက်ခဲ ကြမ်းတမ်းနေခဲ့တာပါပဲလေ…..။

ကျွန်မဘ၀မှာလေ အချိန်တွေတော်တော်များများကို ယောက်ျားတွေရဲ့ ကြင်နာမှု၊ ဂရုစိုက်မှုကို ရချင်တဲ့ စိတ်တွေနဲ့ပဲ ကုန်ဆုံးခဲ့မိတယ်။ ကျွန်မရဲ့ ချစ်ဇာတ်လမ်းတွေဟာ အရမ်းကို တိုတောင်းခဲ့ပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နားလည်မှုတွေဟာလည်း ကျွန်မရဲ့ဘေးမှာရှိနေတဲ့ ယောက်ျားတယောက်အပေါ်မှာသာ မှီခိုနေမိခဲ့ပါတယ်။ အရင်က ချစ်ဇာတ်လမ်းတွေမှာဆိုရင် ကျွန်မကလေ ယောက်ျားတယောက်ကို ရူးရူးမူးမူး ချစ်ချင်တာပဲ သိတာမို့၊ ဘယ်လို ပြဿနာမျိုးကိုမဆို လျစ်လျူရှုပစ်လိုက်တာချည်းပါပဲ။ ကျွန်မရဲ့ချစ်သူ ပျော်နိုင်ဖို့ဆိုရင် အရာရာအားလုံးကို စတေးခံမယ်ဆိုတဲ့ မိန်းမစားမျိုးပေါ့…ရှင်။

ကျွန်မကလေ ကျွန်မနဲ့ ပတ်သတ်ခဲ့တဲ့ ချစ်သူတွေတိုင်းအပေါ် ကျွန်မ အဲ့ဒီလိုစိတ်တွေနဲ့ပဲ ချစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကျွန်မရဲ့ ချစ်ရဟတ်ကြီးဟာ နားလည်မှုလွဲတာတွေ၊ ဒေါသတွေ၊ နောင်တ ရစရာ စကားလုံးတွေနဲ့ပဲ တပတ်ပြီး တပတ်လည်နေခဲ့တာပါပဲ။

တယောက်နဲ့တယောက် ချစ်နေကြတဲ့ အချိန်မှာတော့ မိုးမမြင် လေမမြင်ပေါ့။ ဒါပေမယ့်လည်း တယောက်နဲ့တယောက် အပြန်အလှန်နားလည်မှု လွဲလာချိန်မှာတော့ ဒါတွေအားလုံး ပျောက်ကွယ်ကုန်တာပါပဲလေ….။ ကျွန်မကလေ အရမ်းကို အချစ်ခံရချင်ခဲ့သလို… အချစ်ဟာ ကိုယ့်ရဲ့ အလုပ်အကိုင်အတွက်တောင် အင်အားဖြစ်စေမယ်လို့ ယုံကြည်ခဲ့တာပေါ့……။ ယုံကြည်နေခဲ့မိတာပေါ့…။

နောက်ဆုံးတော့လေ…..ကျွန်မ ဒီလို ဆိုးဝါးလှတဲ့ ချစ်ဇာတ်လမ်းတွေကနေ ရုန်းထွက်နိုင်အောင်ကြိုးစားမှ ဖြစ်တော့မယ်ဆိုတာကို နားလည်လာခဲ့တယ်။ ကျွန်မ တကယ်တောင့်တခဲ့တာကလေ…. ဘယ်လို အခြေအနေမှာမှ မပြောင်းလဲဘဲ ချစ်နိုင်တဲ့ နွေးထွေးလုံခြုံတဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်မရဲ့ စိတ်တွေကို အေးချမ်းစေချင်ခဲ့တာပါ။ ကျွန်မ လိင်ကိစ္စတွေကို လိုချင်ခဲ့တာ မဟုတ်ပါဘူး… ။

ဒါကြောင့်လေ ကျွန်မ ဘယ်ယောက်ျားနဲ့မှ မပတ်သတ်တော့ဖို့ရယ် ကိုယ်တိုင် လှပပျော်ရွှင်တဲ့ ဘ၀ကို ဖန်တီးဖို့ရယ်ကိုပဲ ဆုံးဖြတ်လိုက်တယ်။ အနမ်းတွေ၊ ကြင်နာယုယမှုတွေ၊ ယောက်ျားလေးမိတ်ဆွေတွေနဲ့ ချိန်းတွေ့တာတွေ…. အို…. ဘာကိုမှ မလုပ်ချင်တော့ပါဘူး……ရှင်။

ဒီလိုနဲ့ပဲ ကျွန်မ တယောက်တည်း နေဖြစ်ခဲ့တယ်။ အစပိုင်းအချိန်တွေကတော့ အရမ်းကို နာကျင်စရာတွေနဲ့ပေါ့။ ဘယ်လောက်ပဲ ကြိုးစားနေထိုင်ပေမယ့်လည်း အဆင်မပြေမှုတွေကို ခံစားနေခဲ့ရပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေရှိလာခဲ့တယ်။ ကျွန်မ ဘာလိုအပ်တယ် ဘာဖြစ်ချင်တယ်ဆိုတာကိုလဲ သိလာခဲ့တယ်။ အရင်ကဆို ကိုယ့်ကို ယောက်ျားတွေရဲ့အချစ်ခံရဖို့ကိုပဲ ကြိုးစားနေခဲ့တယ်။ ကျွန်မအပေါ်ကို နွေးထွေးမှု ယုံကြည်မှု မပေးနိုင်တဲ့ ယောက်ျားတွေကိုပဲ အရူးအမူး ချစ်ပြနေခဲ့တာလေ။ အဲ့ဒီလို အချစ်စစ်ဆိုတာကို အခြားလူတွေဆီက လိုက်ရှာနေခဲ့တဲ့ ကျွန်မဟာ အခုဆိုရင် ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ ချစ်ရမယ်ဆိုတာကို နားလည်လာခဲ့တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားချစ်ခြင်းကသာ ကိုယ့်အတွက် အကောင်းဆုံးဆိုတာကို သိလာခဲ့တယ်…..။

တကယ်တော့ ယောက်ျားဆိုတဲ့ ယောက်ျားတွေဟာ သူတို့မလိုချင်တော့ဘူး ဆိုရင် အင်မတန်မှ လိမ္မာပါးနပ်တဲ့နည်းတွေနဲ့ စိတ်ဒုက္ခပေးတတ် ကြပါတယ်။ သူတို့ကိုယ်တိုင်ကရော ဘယ်လောက်များ မြင့်မြတ် သန့်စင်နေလို့လဲ……။ အဲ့ဒီတော့ ဘာဖြစ်လို့ သူတို့ စိတ်ဒုက္ခပေးတာကို လက်ခံရမှာလဲ လို့ ကျွန်မတွေးနေမိတယ်….။

” ဘယ်သူ့အတွက်မှ ရှင်သန်စရာမလိုပဲ တယောက်တည်း နေထိုင်ရခြင်းဟာ ပြည့်စုံလုံလောက်ပါတယ်” ဆိုတဲ့ Maya Angelous ရဲ့ စကားလိုပါပဲ……. ကျွန်မရဲ့ ချစ်ဇာတ်လမ်းတွေမှာ ကျွန်မဟာလေ အရမ်းကို ချစ်တတ်သူအဖြစ်နဲ့ ကိုယ့်ရဲ့ အချစ်တွေကို ဇွတ်အတင်း သက်သေပြခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မချစ်သူကို ဆူံရှုံးရမှာကိုကြောက်တဲ့ စိုးရိမ်စိတ်တွေနဲ့ အတင်းကို တွယ်ကပ်ပြီး ဆွဲထားချင်တဲ့ စိတ်တွေကြောင့်ပေါ့။ကျွန်မတကိုယ်တည်း ဘ၀ကို ရှင်သန်ရပ်တည် နိုင်လာခဲ့ချိန်မှာတော့….. ကျွန်မဘ၀အတွက် ကျွန်မတယောက်တည်းနဲ့တင် လုံလောက်တယ်ဆိုတာကို သိလာရတယ်။ ကျွန်မကို ချစ်ဖို့ ဘယ်သူ့ဆီမှလည်း မတောင်းခံတော့သလို၊ ဘယ်သူ့တဦးတယောက်ဆီကမှ ချစ်ခြင်းမေတ္တာကို ရဖို့လည်း မကြိုးစားတော့ဘူး။

ဒီလိုနဲ့ တနှစ်ဆိုတဲ့ အချိန်ကာလ ကုန်ဆုံးသွားချိန်မှာတော့…….. ဒေါသတွေ၊ နာကျင်စရာတွေ၊ ၀မ်းနည်းမှုတွေ၊ စိတ်မလုံခြုံမှုတွေ၊ အားငယ်မှုတွေနဲ့ ကျွန်မဟာ အရာရာကို ပြောင်းလဲ နိုင်ခဲ့ပါပြီ။

ဒီကနေ့ကျွန်မဟာ ယုံကြည်မှုတွေ၊ ရည်မှန်းချက်တွေ၊ ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့ မိန်းမတယောက် ဖြစ်နေပါပြီ။ ကျွန်မရဲ့ ဘ၀မှာ ကျွန်မတယောက်နဲ့တင် ပြီးပြည့်စုံနေပါပြီ။ ကျွန်မရဲ့နှလုံးသားတွေဟာ အင်အားတွေနဲ့ ပြည့်နေပါပြီ။ ကျွန်မအခု အရမ်းကို ပျော်ရွှင် လွတ်လပ်နေပါပြီ….. အနှောင်အဖွဲ့ ကင်းကင်းနဲ့ အောင်မြင်သော မိန်းမတယောက်ဖြစ်နေပါပြီ… ရှင်။

ခင်လေး
18-01-2016 ( 12:41pm)

(မြန်မာ အမျိုးသမီးတိုင်း သောကနွံမှ ကင်းဝေပြီး ကိုယ်ပိုင်ဘ၀ရပ်တည်ချက်တွေနဲ့ နေထိုင်နိုင်ကြစေလိုသော ဆန္ဒဖြင့် Chicken Soup for The Soul က ဇာတ်လမ်းတိုလေးကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts