စာစုတို ဆောင်းလူ

ဆောင်းလူ – လေ

ဆောင်းလူ – လေ
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၆

မတူညီ ခြားနားမှုတွေနဲ့အတူ … ခံနိုင်ရည်ရှိသလောက် အားတင်းထားလိုက်ပါဦး …။ ဒီလေကိုပဲ ..ရှုနေရတာ …။ ဒီလေကိုပဲ … အမော ဖောက်မတတ် … ရှုရှိုက်နေကြရတာ …။

ဟိုးအရင်ကလည်း ဟပ်ဟပ်ထိုး ရှုခဲ့တယ် …။
ခုလဲ ရှုဆဲ …။
နောင် ရှေ့ဆက်ပြီး လောဘဇောတိုက် ရှုရဦးမယ် …။

လေတွေ … ဖောက်ပြန်လာလိုက်တာ …
တခါတလေ …စိမ်းစိမ်းတွေ …
လေတွေ … ဖောင်းကာလိုက်တာ ….
တခါတလေ … ပဆုံ့ကြီးတွေ ..ကားခနဲ .ကားခနဲ ..နဲ့ …

ဒီလေတွေ …
အဲ့ဒီလေတွေကိုပဲ ..ဖောဖောသီသီ .. ရှိုက်သွင်း … ရှုသွင်းနေသူတွေရှိတယ် …။ မစို့မပို့ ရှုနေရသူတွေရှိတယ် ….။ ရှုသွင်းပုံခြင်းကွာခြားလို့ ထင်တယ် … လောက်ငခြင်း မလောက်ငခြင်း ကွာခြားလို့ထင်တယ် … တချို့ ဖောင်းကား … တချို့ ပိန်ကပ် …။

လေပေး … လေယူနဲ့ … အယူတည့်တုံး … ရှုလိုက်ကြတာ … ရှိုက်လိုက်ကြတာ … ဟားဟား .ဟားဟားနဲ့ ….။ အပေးရှိလာပြန်တော့လည်း ရှုလိုက်ကြတာ … ရှိုက်လိုက်ကြတာ … ဟီးဟီး .. ဟီးဟီးနဲ့ …။

လေနဲ့အတူ …. ဒွန်တွဲနေကြတာတွေ …
လေနဲ့အတူ …. ယှဉ်တွဲနေကြတာတွေ …
လေနဲ့အတူ …. မရှိ မဖြစ်ကိစ္စတွေ …

အဆုံးစွန်သော ကိစ္စတွေနောက် ….

တနေ့နေ့ တချိန်ချိန် … ခုံခုံမင်မင် … မက်မက်စက်စက် ရှုရှိုက်နေကြရတဲ့ … ဒီလေဆိုတဲ့အရာက ကိစ္စတိုင်းကို လေယူ လေသိမ်းမကောင်းလို့ ..ဖြတ်တောက်ပစ်လိုက်မယ်ဆိုရင်မှဖြင့် …

ခုတော့ ..
တချို့က ..ပိန်ကပ် ..
တချို့က …ဖောင်းကား …

အဲ့ဒါ အသက်ရှုပုံ .. ရှုခြင်းကြားမှာ … တိုက်ပွဲတွေကို ဖြစ်လို့ ..။

ဇန်န၀ါရီ ၁၆၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts