သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – သမတအား စွပ်စွဲပြစ်တင်ခြင်း


မောင်မောင်စိုး – သမတအား စွပ်စွဲပြစ်တင်ခြင်း 

(မိုးမခ) ဇန်န၀ါရီ 

၂၀၁၆ ဇန္နဝါရီ ၁၄ ရက်နေ့ mrtv 4 ၏သတင်းထုတ်ပြန်မှုအရ သမ္မတတာဝန်ထမ်းဆောင်ဖူးသူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း သည် လွှတ်တော်တွင် မပြီးပြတ်သေးဟု သိရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်သူလွှတ်တော်သို့တင်သွင်းသည့် ထိုဥပဒေကြမ်း ၏ အခန်း ၄ အပိုဒ် ၁၀ တွင် နိုင်ငံတော်သမတ တာဝန်ထမ်း ဆောင်ခဲ့သူက နိုင်ငံတော်သမတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ကာလအတွင်း “တာဝန်အရ” ဆောင်ရွက်ချက်များကို အကြောင်းပြု၍ ၎င်းအားတရားစွဲဆိုခြင်း အရေးယူခြင်းမပြုစေရ ဟူသော အချက်ပါရှိရာ ၎င်းအချက်ကိုဖျက်ပေးရန် ပြည်သူလွှတ် တော်တွင် ကန့်ကွက်သူများရှိခဲ့သော်လည်း ၎င်း ကန့်ကွက်မှု ရှုံးနိမ့်ပြီး ၎င်းပြဌာန်းချက်ပါ “တာဝန်အရ”ဆိုသည့် စကားရပ်နောက်တွင် “ဥပဒေနှင့်အညီ” ဟူသောစာသားဖြည့်စွက်၍ ပြည်သူ့လွှတ် တော်က အတည်ပြုပေးခဲ့သည်။

သို့သော် ထိုဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ရောက် ရှိသောအခါ ပြည်သူလွှတ်တော်က ဖြည့်စွက်ထားသော “ဥပဒေနှင့် အညီ” ဆိုသည့် စကားရပ်အား ပြန်လည်ဖြုတ်၍ အတည်ပြုခဲ့သည် ဟုဆိုသည်။ သို့ဖြစ်ရာ သမ္မတာဝန်ထမ်းဆောင်ဖူးသူ၏ လုံခြုံရေး ဆိုင်ရာဥပဒေကြမ်းသည် အတည်မဖြစ်နိုင်သေးဘဲ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။

သမ္မတတာဝန်ထမ်းဆောင်ဖူးသူ၏ လုံခြုံရေးဆိုင်ရာဥပဒေ ကြမ်းသည် လုံခြုံရေးဆိုင်ရာ အစောင့်အရှောက်ပေးခြင်း လိုအပ် သည့်ခံစားခွင့်နှင့် အသုံးစားရိတ်ပေးခြင်းမျှဆိုလျင် အငြင်းပွါးဖွယ် ရာရှိမည်မဟုတ်ပေ။ ယခုအငြင်းပွါးဖွယ်ရာဖြစ်နေသည်မှာ သမတ တာဝန်ထမ်းဆောင်စဉ်ကာလက ၎င်း၏ဆောင်ရွက်ချက်များအား တရားစွဲ အရေးယူခြင်းမပြုနိုင်ရန် ထည့်သွင်းသည့်အချက်ကြောင့် ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင်ကန့်ကွက်သူက ပြစ်မှုကျူး လွန်သူ မည်သူမဆို ယင်းပြစ်မှုကျူးလွန်စဉ် အတည်ဖြစ်လျက်ရှိ သော သက်ဆိုင်ရာဥပဒေအရသာ စီရင်ရမည်ဆိုသည့် နိုင်ငံသားတိုင်းသည် တရားဥပဒေအောက်တွင် အညီအမျှဖြစ်စေ ရမည်ဆိုသည့် အချက်ကို ကိုင်စွဲ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၇၃ တွင်ပြဌာန်းထားသည့်အချက်ဖြစ်သည်။ ထိုကန့်ကွက်ချက်ရှုံးနိ့်မ့်ခဲ့သော်လည်း ပြည်သူ့လွှတ်တော်က “ဥပဒေနှင့်အညီ” ဆိုသည့်စကားရပ်ကို ထည့်သွင်းအတည်ပြုခဲ့သည်။ သို့ဖြစ်ရာ သမတတာဝန်ထမ်းဆောင်စဉ် “ဥပဒေနှင့်အညီ” ဆောင် ရွက်ခဲ့သည်များကို တရားစွဲခြင်း အရေးယူခြင်း မပြုနိုင်သော် လည်း “ဥပဒေနှင့်မညီသော” ကိစ္စရပ်များကို တရားစွဲခြင်း အရေးယူ ခြင်းရသည်ဟူသည့်အဓိပ္ပါယ်ဆောင်သည်။

ယခု အမျိုးသားလွှတ် တော်က ဤ ဥပဒေနှင့်အညီဟူသော စကားရပ်ကိုဖြုတ်လိုက်ခြင်း သည် သမတ မည်သို့ဆောင်ရွက်ခဲ့သည်ဖြစ်စေ အရေးယူခြင်း မပြုရဟူသည့်အဓိပ္ပါယ်ဆောင်သွားပေသည်။ ပြည်သူလူထုအား “ဥပဒေနှင့် … ဟူသောစကား တွင်တွင်သုံးသူများက” ယင်းဥပဒေကြမ်း တွင် ဥပဒေနှင့်အညီဆိုသည့်စကားရပ် ထည့်သွင်းအသုံးပြုရန် တွန့်ဆုတ်နေခြင်းသည် အံ့သြဘွယ်ဖြစ်ချေတော့သည်။

လက်ရှိပြဌာန်းရန်ကြိုးစားနေသည့် သမတတာဝန်ထမ်းဆောင် ဖူးသူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းသည် လက်ရှိအချိန်တွင် ဦးသိန်းစိန်တစ်ဦးတည်းနှင့်သာ သက်ဆိုင်နေသော်လည်း ဦးသိန်း စိန်တစ်ဦးတည်းအတွက် ရည်ရွယ်ပြဌာန်းသည့်ဥပဒေမဟုတ်ချေ။ လာမည့် ကာလများတွင်တာဝန်ထမ်းဆောင်ကြမည့် သမတအား လုံးအတွက်လည်း အကြုံးဝင်သည့် ဥပဒေတရပ်ဖြစ်သည်ဆိုသည် ကို သတိပြုရန်လိုအပ်သည်။ သမတတာဝန်ထမ်းဆောင်ဖူးသူအား အကာကွယ်ပေးရန်လိုအပ်သကဲ့သို့ သမတတာဝန်ထမ်းဆောင်စဉ် အာဏာအလွဲသုံးစားလုပ်မှုခဲ့မှုများကိုလည်း ထိမ်းချုပ်ရန်လိုသည်။

သမတတစ်ယောက် အနားယူပြီဆိုသည်နှင့် အရေးယူခြင်းမခံရ ဆိုပါက ထိုဥပဒေအကာကွယ်ယူ၍ သမတတာဝန်ထမ်းဆောင် စဉ် ထင်တိုင်းကျဲခဲ့ပါက မခက်ပေပါလော။ ဥပဒေတစ်ရပ်ရပ်သည် လူတစ်ဦးတစ်ယောက်အတွက်ရည် ရွယ်ရေးဆွဲခြင်းမဟုတ်ဟု ဆိုသူများအနေနှင့် လူတစ်ဦးတစ် ယောက်အားရည်ရွယ်ကာကွယ်သည့် ဥပဒေမျိုး ရေးဆွဲပြဌာန်း ခြင်းမျိုး မပြုသင့်ပေ။

၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ အငြိမ်းစား သမတ မဆိုထားနှင့် လက်ရှိသမတပင်လျင် စွပ်စွဲပစ်တင်၍ ရပါ သည်။ စွပ်စွဲပြစ်တင်၍ ရသည်ဆိုသည်မှာ တာဝန်မှဖယ်ရှားခြင်း ဥပဒေအရ အရေးယူခြင်းတို့ပါဝင်သည်။

၂၀၀၈ အခြေခံဥပဒေ အခန်း ( ၃ ) ပုဒ်မ ၇၁ တွင် အောက်ပါအတိုင်းပြဌာန်းထားသည်။

ပုဒ်မ ၇၁ ။ ။ ( က ) နိုင်ငံတော်သမ္မတကိုဖြစ်စေ ဒုတိယသမ္မတတစ်ဦးဦးကို ဖြစ်စေ အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပစ်တင် နိုင်သည်။

( ၁ ) နိုင်ငံတော်၏ ကျေးဇူးတော်ကိုဖေါက်ဖျက်ခြင်း။

( ၂ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖေါက်ဖျက် ကျူးလွန်ခြင်း။

( ၃ ) အကျင့်သိက္ခာ ပျက်ပြားခြင်း။

( ၄ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုသမ္မတ ၏အရည် အချင်းပျက်ယွင်းခြင်း။

( ခ ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင် သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ် တော်ကိုယ်စားလည် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို လွှတ်တော် အကြီးအမှူးထံတင်ပြရမည်။

( ဂ ) ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော် ကိုယ်စားလည်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ် ပုံကထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်ရမည်

( ဃ )လွှတ်တော်တစ်ရပ်ရပ်ကစွပ်စွဲချက်ကို အရေးယူဆောင်ရွက် ရန်ထောက်ခံလျင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ် စွဲချက်ကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်။

( င ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကိုယ်တိုင်သော်လည်းကောင်း ကိုယ်စားလည်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်။

( စ ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ် ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသောလွှတ်တော်၏ လွှတ်တော်ကိုယ်စားလည်စုစုပေါင်းဦးရေ အနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသော ပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ အား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျင် စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံတင်ပြရမည်။

( ဆ ) ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက် ရရှိလျင် ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မ ဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေငြာ ရမည်။ ဟူ၍ ဖြစ်ပါသည်။

၂၀၀၈ အခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၇၁ ၌ အထက်ပါ အတိုင်းပြဌာန်းထားရာ အငြိမ်းစားယူမည့် သမတတစ်ဦးသည် ထိုဥပဒေပြဌာန်းချက်ပါသတ်မှတ်ချက်များထက် ကျော်လွန်၍ အခွင့်အလမ်းရယူနိုင်မည်မဟုတ်ပါ။ ထို့အတူ သမတတာဝန် ဆောင်ဖူးသူ၏ လုံခြုံရေးဆိုင်ရာနည်းဥပဒေကြမ်းသည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအား ကျော်လွန်၍ ပြဌာန်း၍ မရနိုင်ပေ။ သို့မဟုတ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပျက်ပြားသွားပေလိမ့်မည်။ တရားဥပဒေအောက် တွင် လူအားလုံးအညီအမျှဆိုသည်မှာ ပျက်ပြယ်၍ ဥပဒေသည် မျှော့ကြိုးသဖွယ် ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် လက်ရှိသမတတာဝန်ထမ်းဆောင်စဉ် လတ်တလော ကာတွင်ပင် ကျောင်းသားအရေးလှုပ်ရှားသူ မင်းသွေးသစ် ဇေယျာလွင်တို့အား၎င်း လယ်သမားအရေးလှုပ်ရှားသူ စုစုနွေး တို့အား၎င်း ၂၀၁၄/ ၂၀၁၅ ကာလမှ ပြစ်မှုများဖြင့် ဥပဒေပုဒ်မ များတပ်၍“ နောက်ကြောင်းပြန် အရေးယူမှု တရားစွဲမှုများ” ပြုလုပ် နေသည်ကိုတွေ့နေရသည်။

ဤသို့ဆောင်ရွက်နေသည်မှာ “တရားဥပဒေနှင့်ညီသည်” ဟုဆိုပြီး သမတကို့တော့ နောက်ကြောင်း ပြန် အရေးယူမှု တရားစွဲမှု မပြုရဆိုလျင် မြို့ဝန်မင်းကတော့ တမြို့လုံးမီတင်ရှို့ခွင့်ရှိပေမဲ့ သူဆင်းရဲများက ဆီးမီးခွက်တောင် ထွန်းခွင့်မရှိသည့် အခြေအနေမျိုးဟုဆိုရပေမည်။ တရားမျှတမှု နှင့်ပတ်သက်၍ စိတ်ပျက်စရာအခြေအနေဟုဆိုရမည်။ လူတစ်ဦးချင်းအနေနှင့် အတက်အကျ အနိမ့်အမြင့် အဆိုးအကောင်း အမှန်အမှား များစွာကြုံရတတ်သည်မှာ မထူး ဆန်းပေ။ သို့သော် လူတို့သည် မိမိလုပ်ခဲ့သည့် အလုပ်နှင့် ပတ်သက်၍ လိပ်ပြာသန့်ဖို့လိုသည်။ တာဝန်သိဖို့သည်။ တာဝန် ယူစိတ်ရှိဖို့လိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts