ဖိုးထက် သရော်စာ

ဖိုးထက် – တရားဥပဒေ စိုးမိုးရေး အမှိုက်


SAW NGO Cartoon – 2015

 

ဖိုးထက်  – တရားဥပဒေ စိုးမိုးရေး အမှိုက်
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၆

ယနေ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည်။ မိုးကလေးတဖွဲဖွဲက မနက်လင်းအားကြီးအချိန်မှစပြီး မရပ်မစဲ မှန်မှန်ကြီး ရွာသွန်းနေသည်။ ထို့ကြောင့် လမ်းမများပေါ်တွင် ရေခပ်စပ်စပ် တင်စပြုနေပြီ။ အလုပ်အား၊ ရုံးအားကြသဖြင့် အချို့လူများက မနက်စာပင် အလွတ်ခံပြီး အိပ်ယာထဲမှာပင် ဆက်ကွေးနေကြသည်။ ရှင်ဘုရင်၏ စည်းစိမ်နှင့်ပင် လဲယူလို့ မရနိုင်သည့် ကြီးစွာသော စည်းစိမ်ကို ခံယူကြသည်။ သို့သော် အချို့လူများမှာကား ဇိမ်မယူနိုင်။ ရုံးအားရက်ကလေးများတွင်မှ အတိုးချ လုပ်ရသည့် အလုပ်ကြီး၊ အကိုင်ကြီးများကို လုပ်ရန်အတွက် မိုးရေတစပ်စပ်၊ ရွှံ့ရေ တဗွက်ဗွက်ကြားမှ ဖြတ်လျှောက်ပြီး အလိုရှိရာသို့ ချီတက်နေကြသည်။ ထိုသူများကား…

ချွန်ကြီး၊ ဦးထင်ဖတ် နှင့် ကိုသောင်းမြင့်တို့ ဖြစ်ကြသည်။

သူတို့ သုံးဦးစလုံး စတင်ထွက်ခွာလာရာ အိမ်များ မတူကြသော်လည်း ရည်ရွယ်သည့် နေရာကတော့ တူညီသည်။ ထိုနေရာကား ကိုမောင်တူး၏ လ္ဘက်ရည်ဆိုင်ပင် ဖြစ်သည်။ ရပ်ကွက်ထဲမှာ သူ့နည်းနဲ့ သူ့ဟန်၊ ကိုယ့် စတိုင်လ်နဲ့ကိုယ် အောင်မြင် ကျော်ကြား အော်ကြောလန်ကြသော အဆိုပါ ပုဂ္ဂိုလ်သုံးဦးမှာ တနင်္ဂနွေ မနက်ခင်းတိုင်း ကိုမောင်တူးဆိုင်မှာ ဆုံနေကြဖြစ်သည်။ ဒီလိုနေ့ မနက်ခင်းခပ်စောစောဆိုလျှင် ကိုမောင်တူး ဆိုင်က လူရှင်းသည်။ ဆိုင်ရှင်ကို အားနာစရာ မလို။ ဖင် ကျောက်ချထိုင်ကာ လ္ဘက်ရည်တစ်ခွက်၊ မုန့်တစ်ခုဖြင့် လေပန်းနိုင်သည်။ အာရိုက်နိုင်သည်။ ငြင်းခုန်နိုင်သည်။

ချွန်ကြီး။ လူတကာကို လိုက်ပြီး အချွန်နှင့် မတတ်သောကြောင့် သူ့နာမည် ချွန်ကြီး။

ဦးထင်ဖတ်။ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး။ နိုင်ငံရေး စိတ်ဝင်စားသူ။ သူ့စိတ်မျက်စိဖြင့် မတည့်လျှင် လူမဆိုထားနှင့် ဘုန်းကြီးသော်မှ ဘု၊ ဘောက် ပြောသဖြင့် ကြီးစာရင်းဝင် လူကြီး။

ကိုသောင်းမြင့်။ နေရာတကာ ဆရာလုပ်ရမှ၊ လေဖမ်းဒါန်းစီး မှတ်ချက်များ ရှေ့မကြည့် နောက်မကြည့် ချတတ်သောကြောင့် သူ့မိန်းမ မသူဇာ၏ အဆူအငေါက် ခံရသလောက် အိမ်တံမြက်မိတ်က ထွက်သည်နှင့် ကိုသောင်းမြင့်သည် ကိုသောင်းမြင့်သာ ဖြစ်သည်။

သူတို့ သုံးဦး ရှေ့ဆင့် နောက်ဆင့် ဆိုင်ထဲကို ၀င်လာကြသဖြင့် ဆိုင်ရှင် ကိုမောင်တူးက သူ အလုပ်လုပ်နေသည့် ဖျော်ခုံနှင့် အနီးဆုံး ၀ိုင်းမှာ နေရာ ချပေးလိုက်သည်။ မကြာခင် စကားစစ်ထိုးပွဲကြီး စတော့မည်ဆိုတာ မြေကြီးကို လက်နှင့် ပုတ်တာမှ လွဲပေအုံးမည်။ ဒီလူသုံးယောက် ဆုံလျှင် တစ်ခုမဟုတ် တစ်ခု ငြင်းကြ၊ ခုန်ကြ ဖြစ်ကြမည်က မလွဲမှန်း သူသိသည်။ ပြောမနာ ဆိုမနာ လူရင်းတွေဖြစ်သောကြောင့် စကားကို အဆီးအတားမရှိ ပြောကြရင်း သူစိတ်ဝင်စားနိုင်သည့် အကြောင်းအရာများ အလုပ်လုပ်ရင်း နားထောင်ဖို့ ရည်ရွယ်ရင်း ဖြစ်သည်။

လ္ဘက်ရည် တစ်ခွက်။ ပလာတာ တစ်ချပ်စီ စားပြီးသည် အထိ တိုးတိုးတိတ်တိတ်။ သက်သက်သာသာ။ ရေနွေးကြမ်း သောက်ကြပြီ ဆိုကတည်းက သူတို့ စကားဝိုင်းက စတင် စိုပြေလာသည်။ စကားဝိုင်းကို စတင် သူက ကိုသောင်းမြင့်။

“ဆရာကြီး (ဦးထင်ဖတ်ကို ရပ်ကွက်က ဆရာကြီးလို့ဘဲ ခေါ်သည်) ဒေါ်စု အမှိုက်ကောက်ခိုင်းတာ မလိုဘူးလို့ မထင်ဘူးလားဗျာ။ သက်သက်မယ့် ခေတ်လုပ်တာပါဗျာ။ သန့်ရှင်းသပ်ရပ်ရေးကိစ္စများ စည်ပင်သာယာ အဖွဲ့တွေကို ကြပ်ကြပ်ကိုင်ရင် ပြီးနေတာဘဲ နော်ဗျာ”

အမေးခံရသူက ဆရာကြီး ဦးထင်ဖတ်။ ၀င်ပြောသူက ချွန်ကြီး။ ထုံးစံအတိုင်း သူ့ဝသီအရ အတို့ အထောင်လေးဖြင့်

“ကိုသောင်းကလဲ ဒီလိုကိစ္စလောက်တော့ ကျွန်တော့်ကို မေးပါဗျာ။ ဒီသဘောတစ်ခုထဲတော့ ဘယ်ဟုတ်မလဲဗျ။ ဒီပြင် ရည်ရွယ်တဲ့ ကိစ္စတွေလဲ ရှိမှာပါ။ ဘာလဲလို့သာ ကျွန်တော်က မပြောတတ်တာ။ သူ့လို အဆင့်ကြီးနဲ့ အမှိုက်ကိစ္စကို ကိုင်တာ နောက်ကွယ်က အကြောင်းအရာတွေ ရှိမှာပေါ့ဗျာ။ ဆရာကြီးကတော့ ကျွန်တော်တို့ထက် ပိုသိမှာပေါ့”

သောက်လက်စ ရေနွေးခွက်ကို တစ်ကျိုက်ကော့မော့ကာ မင်းနှယ်ကွာ။ တုံးလိုက်ပါဘိတော့ ဆိုသည့် အကြည့်ဖြင့် ကိုသောင်းမြင့်ကို တစ်ချက်ကြည့်သည်။ ချွန်ကြီးကိုတော့ အားရ ကျေနပ်သည့် အကြည့်ဖြင့် မသိမသာ ကြည့်သည်။ ပြီးမှ

“မောင်ချွန်ကြီးက အလာသားဘဲကွ။ လူငယ်ဆိုတာ ဒါမျိုး ဖြစ်နေရမှာ။ ဘယ်ကိစ္စမဆို နောက်ကွယ်က အကြောင်းအရာ၊ ဆက်စပ် ပါတ်သက်တာတွေကို စဉ်းစားနေရမှာ။ မောင်သောင်းမြင့်တို့နဲ့ အသက်ကွာပေမယ့် တော်သဟေ့”

ရင်ဘတ်ထဲကို တုတ်ကြီးကြီး အထိုးထည့်ခံလိုက်ရသလို ကိုသောင်းမြင့် အောင့်သွားသည်။ သူ့ထင်မြင်ယူဆချက်ကို သူ့ဘာသာ လွတ်လွတ်လပ်လပ်လေး ပြောမိတာနှင့် ဒီလို အကောင် ချွန်ကြီးလောက်မှ သုံးစားမရဘူးလို့ ဆိုနေပြီရော။ တွေ့မယ်။ လာထား။ ခံကို ပြောအုံးမှာလို့ မဲတင်းလိုက်သည်။

“ဒါဖြင့် ဘာလဲဗျာ။ နောက်ကွယ်က။ ပြောပြစမ်းပါအုံး ဆရာကြီး”

“ဘာဖြစ်ရမလဲကွ။ လူပြိန်းနားလည်အောင် ပြောရရင် တရားဥပဒေ စိုးမိုးရေးဘဲပေါ့ကွ”

“မဆိုင်လိုက်တာ ဆရာကြီးရာ။ အမှိုက်ကောက်တာနဲ့ တရားဥပဒေ စိုးမိုးရေး ဘာများ ဆိုင်သတုံး။ ရီစရာ ကောင်းလိုက်ပါဘိ ဆရာကြီးရာ”

ငါစာသင်ပေးလို့။ ဒင်းကျောင်းပြေးတိုင်း ကော့နေအောင်တွယ်ခဲ့လို့ ကျောင်းမှန်မှန်တက်ပြီး ဘွဲ့ရခဲ့တဲ့ အကောင်က ငါ့ကိုများ ရီစရာလေး ဘာလေးနဲ့ ဟု တွေးမိပြီး..

“ခက်လိုက်ပါဘိတော့ မောင်သောင်းမြင့်ရာ။ ဆိုင်ပါသော်ကောကွာ။ မင်းလို အကောင်တွေကတော့ ဘာတွေးတတ်မှာတုံး။ ငါပြောပြမယ် သေချာနားထောင်။ ငါမေးပါအုံးမယ်။ မင်းဖြေစမ်း။ ဒေါ်စု အခုနောက်ပိုင်း တောက်လျှောက်ပြောပြောနေတာ ဘာကိစ္စလဲ”

“သမ္မတကိစ္စ”

“ထွပ်…ဒီဘာမဟုတ်တဲ့ ရာထူးကို ဘာလုပ်ရမှာတုံးကွ။ သူ့ဘာသာ သမ္မတ မဖြစ်ရဘဲ မယ်သီလရှင်ဘဲ ၀တ်သွား ၀တ်သွား။ သူက အားလုံးရဲ့ ခေါင်းဆောင်ဘဲကွ။ သူ တောက်လျှောက် ပြောလာတာ တရားဥပဒေ စိုးမိုးရေး ကိစ္စကွ။ အခု လမ်းတွေပေါ်မှာ ကားတွေစည်းကမ်း ပျက်ချင်တိုင်း ပျက်နေတာ မင်းတွေ့လား”

“ဟုတ်..ဟုတ်…တွေ့တယ် ဆရာကြီး။ ကိုသောင်းမြင့်နဲ့ ဟိုနေ့က ကားကြုံလိုက်သွားရင်း သူ လမ်းပြောင်းပြန် မောင်းလို့တောင် ကျွန်တော်က သတိပေးလိုက်ရသေးတယ်”

ချွန်ကြီး ဗီဇ ပြလေပြီ။ ကိုသောင်းမြင့် သူ့ အခြေအနေ မလှတာ သိသော်လည်း ဟန်ကိုယ့်ဖို့ အားတင်းရင်း

“ဒါတော့ သူများတွေလဲ မောင်းတာဘဲ။ ငါအဲဒီလို မြန်မြန်မောင်းလို့လဲ မင်းကောင်မလေး မင်းကို စောင့်နေရတာ မကြာတာပေါ့ကွ။ ကျေးဇူးမကန်းနဲ့ ဟရောင်”

“အဲဒါဘဲ မောင်သောင်းမြင့်။ ငါပြောချင်တာလဲ အဲဒါဘဲ။ ငါတို့ လူတွေ အများစုဟာ စည်းကမ်းမဲ့တယ်။ ရှက်ရကောင်းမှန်း မသိဘူး။ သူများလဲ လုပ်တာဘဲ။ ငါလုပ်တာ ဘာဖြစ်သလဲ ဆိုတဲ့ စိတ်ထားမျိုး မင်းလို ပညာတတ် တစ်ယောက်တောင် ရှိနေတာ ဘယ်လောက် ရှက်ဖို့ ကောင်းသလဲ။ နောက်ဥပမာ တစ်ခု ပေးမယ်။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ဈေးဆိုင်တွေ ခင်းကြတဲ့ ကိစ္စဆိုပါတော့။ ကိုယ့်ရပိုင်ခွင့်လိုကိုဖြစ်လာတော့တာ။ လမ်းဘေး ဈေးသည်တွေကို အပြစ်ပြောချင်တာ မဟုတ်ဘူး မောင်သောင်းမြင့်။ အစိုးရ လုပ်သူက အဆင်ပြေအောင် မဖန်ပေးနိုင်လို့ ဖြစ်ကြတဲ့ ကိစ္စဆိုပေမယ့် ဈေးသည်တွေကလဲ နည်းနည်းတော့ လွန်တယ်။ ထားပါတော့။ အခြေခံ လူတန်းစား သူတို့ကို ခဏထားအုံး။ ငါက ဥပမာအနေနဲ့ဘဲ ပြောတာ။ မင်း ဆို အခုကြည့်စမ်း။ ကားကို လမ်းပြောင်းပြန် မောင်းတယ် ဟုတ်လား။”

“ဟုတ်တယ်..ဟုတ်တယ် ဆရာကြီး။ ကျွန်တော် တားပါသေးတယ်”

“ငါ ထထုလိုက်ရ နာတော့မယ် ချွန်ကြီး။ မင်းဘဲ ဘေးကနေ တပူပူနဲ့ ကားတွေ ကြပ်လိုက်တာ။ ကောင်မလေးကတော့ စိတ်ဆိုးနေတော့မှာနဲ့ ဆူပူနေပြီးတော့”

“ဟ..သူ့ဘာသာ ဏှာဗူးထပြီး အလျင်လိုရင် စောစောထသွားပေါ့ကွ။ ဘေးကနေ သူပြောတိုင်း လမ်းစည်းကမ်း ဖောက်ရအောင် မင်းမှာ ကိုယ်ပိုင် စဉ်းစားတတ်တဲ့ ဦးဏှောက်မရှိဘူးလား”

ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေးရုံသာ မက အဆင်း ကြောင်ရုပ် မထိုးမိသဖြင့် အထက်က ပြန်ဆင်းလို့ မရဆိုသလို ကိုသောင်းမြင့် ဒုက္ခတွေ့လေပြီ။

“ဒေါ်စု အမှိုက်ကောက်ခိုင်းတာ အဲဒါတွေကို ပြင်ချင်လို့ဘဲ မောင်သောင်းမြင့် မင်း မှတ်ထား။ လူတိုင်း လူတိုင်းဟာ အမှိုက်ကို ပြစ်ချင်သလို ပြစ်တယ်။ ကွမ်းသွေးကို ထွေးချင်သလို ထွေးတယ်။ တန်းစီနေတာကို ရှက်ရကောင်းမှန်း မသိ ကျော်တက်တယ်။ မျက်နှာပြောင်တိုက်တယ်။ အခြေခံ လူ့ကျင့်ဝတ် နီတိတွေ နည်းနေကြတာကွဲ့။ ဒါနဲ့ တရားဥပေဒေ စိုးမိုးရေး ဆိုတာ ဘာလဲ မင်းသိလား မောင်သောင်းမြင့်။ ပြောစမ်း။”

“ဒီလောက် ရှင်းနေတာဘဲ ဆရာကြီးရာ။ တရားဥပဒေ စိုးမိုးရေး ဆိုတာ တရားဥပဒေ စိုးမိုးရေးပေါ့ဗျာ”

“ရှင်းပါ့ဗျာ..ဂျပန်ရေချိုးသလိုဘဲ။”

“ဟကောင် ချွန်ကြီး မင်း မထောင်နဲ့။ မင်းဘာသာ ဂျပန် မကလို့ အမေရိကန်ကြီးဘဲ ရေချိုးချိုး။ ငါပြောတာ မှားလို့လား။”

ရန်အထောင်ခံရသူက ချွန်ကြီး။ ကြားမှ ဖြတ်ပြောသူက ဆရာကြီး ဦးထင်ဖတ်။

“မှားတယ်။ အဲဒီလို လွယ်လွယ်လေး ပြောလို့ကိုမှားတာ။ တရားဥပဒေဆိုတာ မင်း ပြောသလို အလွယ်ပြောရရင် တရားမျှတတဲ့ ဥပဒေ စည်းကမ်းဘဲ။ စိုးမိုးရေးဆိုတာ စိုးမိုးချယ်လှယ် ပိုင်စိုးတာ။ တရားမျှတတဲ့ ဥပဒေ စိုးမိုးရေးကို ပြောတာဗျား။ (ငါပြောတာနဲ့ ဘာများ ထူးကွာလို့လဲဟု ကိုသောင်းမြင့် ဖုသွားသည်။) မင်း ကားကို လမ်းပြောင်းပြန်မောင်းတာ အခြား တန်းစီပြီး စောင့်နေတဲ့ ကားတွေအပေါ် တရားမျှတတယ်လို့ မင်းထင်သလား။ မင်း မတရားဘူး။ သူတို့လဲ စောင့်နေတာ။ မင်းလဲ စောင့်ပေါ့ကွ။ တရားဥပဒေ စိုးမိုးရေးလို့ ပြောရင် အုပ်ချုပ်သူ တစ်ဖက်တည်းဘဲ တာဝန်ရှိတယ်လို့ မင်းတို့က ထင်ကြတယ်။ ဒါ လုံးဝမှားတယ်။ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံရတဲ့ သူတွေ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ကားကို လမ်းပြောင်းပြန် မမောင်းရတာ ကလေးက အစသိတယ်။ ခွေးကအစ သိတယ်။ မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်။ ”

အခုနက နှာဗူး။ အခုလဲ ခွေးနဲ့ ချွန်ကြီး ဘာဆိုင်သနည်း။ သို့သော် ငါးအကြီးကြီး မိနေမှတော့ လက်ကို အနည်းအကျင်း ငါးမြှားကြိုး ရှတာလောက်တော့ ချွန်ကြီးတို့က ပျင်းတောင် ပျင်းသေး။

“ဟုတ်ကဲ့ ဆရာကြီး။ ဟုတ်ပါတယ်။ လူတိုင်း သိ။ ခွေးတိုင်းသိ..အဲ.ဟုတ်ပေါင် ကလေးတိုင်း သိပါတယ်”

“အေး..ဒါဘဲ..အစိုးရက ဘယ်လောက် စည်းမျဉ်းစည်းကမ်း ဘယ်လိုဘဲ ထုတ်ထုတ် မင်းတို့လို စည်းကမ်း မရှိတဲ့ အကောင်တွေက လစ်ရင် လစ်သလို ဖောက်နေတာကို ဒေါ်စုက ရည်ရွယ်ပြီး ပြင်ကြပါလို့ တဖက်လှည့်နဲ့ ပညာရှိဆန်ဆန် အမှိုက်ကောက်ပြတာဘဲဗျား။”

ဖျော်ခုံမှ ကိုမောင်တူးတစ်ယောက် သူတို့ဝိုင်းက စကားသံတွေကို မိုးသံ တစ်ဖြောက်ဖြောက်ကြားမှာ အတိုင်းသား ကြားနေရသည်။ ထို့ကြောင့် ကုန်သွားသည့် နို့စိမ်းဗူးကို ဖျော်ခုံဘေးသို့ လှမ်းပြစ်မယ် လုပ်ပြီးကာမှ နို့စိမ်းဗူး အခွံကို ဘုရားဆွမ်းတော်ကပ်သလို တရိုတသေဖြင့် အမှိုက်ခြင်းထဲ သွားထည့်သည်။

“ဘယ်ကိစ္စမဆို အပေါ်ယံ မတွေးနဲ့ မောင်သောင်းမြင့်ရဲ့။ တဆုံးတွေးရတယ်။ ဟုတ်ပလား။ အေး…အေး…မိုးလဲ နည်းနည်းစဲသွားပြီကွ။ ပြန်အုံးမှ။ စကားပြောလို့ ကောင်းပါရဲ့။ မင်းလို ပညာတတ်တစ်ယောက်ဟာ ငါဘာပြောသလဲဆိုတာ ပိုသိမှာပေါ့။ ကျောင်းတုံးကလဲ မင်းဟာ လူတော် တစ်ယောက်ပါကွာ။ လူကောင်းလေး ဖြစ်သွားရင် ဒီထက်တောင် ပိုအောင်မြင်ရမယ့် အကောင်။ မောင်တူးရေ..ဘယ်လောက်ကျသလဲဟေ့ ရှင်းမယ်”

“ဟာ..နေပါစေ ဆရာကြီး။ ကျွန်တော် ရှင်းလိုက်ပါ့မယ်”

ကိုသောင်းမြင့်က သူ့ကို ဆရာကြီးမှ လူတော်ဟု ပြောသဖြင့် မြောက်သွားသလော၊ တကယ်ဘဲ ဆရာကြီးကို ကြည်ညိုရင်းစွဲ ရှိပြီးသားမို့ ပြုစုသလော သူမှဘဲ သိပေလိမ့်မည်။ ဆရာကြီး ထိုင်ရာက ထတော့ ချွန်ကြီး တစ်ကောင်ကပါ ထလိုက်ပြီး..

“မိုးက စိုတိ စိုဖတ်နဲ့ ဆရာကြီးရယ်။ လဲပြုနေပါ့မယ်။ ကျွန်တော် အိမ်အထိ လိုက်ပို့ပါ့မယ်။ ကျွန်တော် ပြန်လာမယ် ကိုသောင်း။ ဒီက စောင့်နော်။ ကျွန်တော်စားထားတာတွေ မရှင်းနဲ့…ဟဲ..ဟဲ” ဟု ပြောကာ ဆရာကြီးနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေသည်။

ကိုသောင်းမြင့် တစ်ယောက်မှာသာ မိုးသံတဖြောက်ဖြောက်ကြားမှာ ချွန်ကြီး ပြန်အလာကို စောင့်ပြီးရင်း စောင့်ကာ ကျန်နေခဲ့သည်။ ကိုမောင်တူး၏ အကြွေး မပေး။ ၀ိုင်းထဲက ရှင်းစရာ ရှိတာ နောက်ဆုံး ကျန်သူ ရှင်းဆိုသည့် တရားဥပဒေကို တစ်ဖက်ကလဲ မလွန်ဆန်ရဲ။ ချွန်ကြီးစားထားသည့် တစ်ခု တစ်ခွက်ကိုလဲ မသဒ္ဒါ။ ထထွက်သွားပြန်လို့လဲ မရ။ ထိုဗျာ နှစ်ဗျာ ကြားထဲ ထိုင်လိုက် ထလိုက် ဖြစ်နေသည့် ကိုသောင်းမြင့်ကို ဖျော်ခုံမှ ကိုမောင်တူးက လှမ်းကြည့်ပြီး ဖင် တရားဥပဒေ စိုးမိုးမှု မရှိရှာတဲ့ လူပါလားဟု တွေးကာ ပြုံးပြုံးကြီး ကြည့်နေရှာတော့သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts