ကဗျာ

စိုးနောင်(မုံရွာ) – ကျင်လည်ရာ

 

စိုးနောင်(မုံရွာ) – ကျင်လည်ရာ

(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၆

စိမ်းထားတဲ့ လက်သန်းလေးတွေ
နီချင်ယောင် ဆောင်ကြရော့မယ်

ခေါင် ပေါက်နေတဲ့နိုင်ငံကို
မိုးမလာခင် မိုးလို့ ပြီးပါ့မလား

ပြန်ခေါ်လိုက်
အလည်လွန် မျှော်လင့်ချက်တွေ ပြန်ခေါ်လိုက်

မထူးဇာတ်နဲ့
ရေစုန်မျောထားတဲ့ ပန်းအိပ်မက်တွေ ပြန်ခေါ်လိုက်

ကားပေါ်ကခွးစုတ်ဖွားက
လမ်းဘေးက ခွေးဝဲစားကိုကြည့်သလို
လာကြည့်မနေနဲ့ …
ရိုက်စရာ တုတ်ကောင်းကောင်းမပါပေမယ့်
ရိုက်စရာ ကင်မရာကောင်းကောင်းပါတယ်

ကလေးလေးက တခစ်ခစ်နဲ့
သူ့မိဘတွေက မရီရီအောင်စနေ
အစိုးရက မငို ငိုအောင်စခဲ့တဲ့ နှစ်တွေကို
ပြန်သတိရမိတော့ …
မျက်ရည်က မီး ထတောက်တယ်
ငြိမ်နေရင် အကောင်းသား
လှုပ်လိုက်မှ စောကြွေသွားတဲ့သစ်ရွက်

ဒီမှာ …
လူတွေက ငယ်ငယ်နဲ့ အလုပ်လုပ်ရတယ်
သစ်ပင်တွေက ငယ်ငယ်နဲ့ အခုတ်ခံရတယ်
မင်း အလှကို
ပန်းတွေနဲ့ သိပ်နှိုင်းမနေပါနဲ့
အခုချိန် မင်းသေကြည့်လိုက်
ပန်းတွေနဲ့ မင်း ဘယ်သူ ပိုလှလဲ သိလိမ့်မယ်

ကုမ္ပဏီကရှုံးပြီး
ခန့်ထားတဲ့ မန်နေဂျာက ကုမ္ပဏီပိုင်သွားတယ်
ရီစရာပဲ …
ငိုကြ

နောက် တက်လာမယ့် အစိုးရကို
အရှုံးပေါ်နေတဲ့ စက်ရုံလေးက မျှော်လို့
ပိန်ကပ်နေတဲ့ ခွေးသားအုပ်မတစ်ကောင် အစာရှာသလို
သူများနိုင်ငံ လမ်းကြိုလမ်းကြား ရှာစားနေရတာ
ငါ့အတွက် မဟုတ်ပါဘူး မဟုတ်ရပါဘူး

သမ္မတအရည်အချင်း သတ်မှတ်ချက်ထဲမှာ
ငါးပါးသီလ မင်းကျင့်တရား ဆယ်ပါးနဲ့
နာယကဂုဏ် ခြောက်ပါး မပါဘူးလား

လမ်းတွေက မလန်းတော့ဘူး
ပန်းတွေက ပန်းနေပြီ
လေကလည်း လေနေပြီ
စမ်းရေက စမ်းတဝါးဝါး
တိုးတက် သွားပြီ
နီးရာဓားကြောက်ရတဲ့ခေတ် မဟုတ်တော့ဘူး
နီးရာသေနတ် ကြောက်ရတဲ့ခေတ်

ပင်လယ်ကို မမြင်ဖူးဘဲ
ကဗျာထဲ ထည့်ထည့်ရေးမိနေ

ဒီမှာ …
စစ် ကလွဲရင်
အားလုံး အတုချည်းပဲ
ကျောက်ရောဂါ
ပြီးတော့
ကြောက်ရောဂါ
ကြောက်ရောဂါ ကာကွယ်ဆေး ထိုးပေးရန်
အစီအစဉ် ရှိ/ မရှိ

ကိုယ့်နေရာကိုယ်မနေချင်ဘူး
နဖူးပေါ် တက်ပေါက် ချင်တယ်
အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်
လျှောက်တွေးမနေနဲ့ ဆံပင်ကိုပြောတာ

ဘာရယ် မဟုတ်ပါဘူး
ဆေးရုံမှာ မပျောက်တဲ့ ရောဂါမို့
လွှတ်တော်မှာ လာပြတာပါ
ကိုယ့်နောက်မှာ တန်းစီနေပေမယ့်
သူ့ကို ဦးစားပေးပြီး ရှေ့ပို့ဖြစ်တယ်
သူက … နိုင်ငံတော်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts