ဖိုးထက် သရော်စာ

ဖိုးထက် – ဘော်ဒီလိုးရှင်းနှင့် ပြောရေးဆိုခွင့်

ဘီရုမာ ကာတွန်း

ဖိုးထက် – ဘော်ဒီလိုးရှင်းနှင့် ပြောရေးဆိုခွင့်

(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆

ဤဒွဒ္ဒြရာကြီးတွင် သတ္တ၀ါ အမျိုးမျိုး ရှိလေသည်။ မျိုးတူ သတ္တ၀ါများတွင် အရောင်အသွေး မည်မျှပင် ကွဲပြား ခြားနားစေကာမူ အဆုံးသတ်တွင် အထီး နှင့် အမ နှစ်မျိုးသာ ကွဲပြားသည်။ ထိုသဘောအရ လူသတ္တ၀ါတွင်လည်း လူဖြူ၊ လူမည်း၊ လူဝါ မည်မျှပင် ကွဲပြားပါစေ လူအထီး နှင့် လူအမ ဆိုသည့် နှစ်မျိုးသာ ရှိလေသည်။ အခြား သတ္တ၀ါများတွင် အထီးနှင့် အမ အဘယ်ကိစ္စများ၊ မည်သို့သော အချက်အလက်များဖြင့် ကွဲပြားခြားနားသည်ဟု မှတ်ချက် ပိုင်ပိုင်ကြီး မချနိုင်သော်လည်း လူအထီး နှင့် လူအမတွင် သိသိသာသာကြီးသော် လည်းကောင်း၊ မသိမသာဖြင့်သော် လည်းကောင်း ကွဲပြား ခြားနားသည့် ကိစ္စကြီး တစ်ခု ရှိလေသည်။ ထိုအကြောင်းခြင်းအရာကား လှချင် ပချင်စိတ်ပင် ဖြစ်လေသည်။

လူအထီးများသည်လည်း လှချင်ပချင်စိတ် မရှိ မဟုတ်။ ရှိသည်သာ။ (အလွန် လှချင် ပချင်လွန်းသည့် ယောင်္ကျားများဆိုလျှင်တော့ ကြပ်ကြပ်ကြီး စောင့်ကြည့် ထိမ်းသိမ်းသည့်သည်။ ဒါက စကားချပ်။) လူအမများတွင်မူကား အသားအရေ လှချင်သည်။ ဆံပင် လှချင်သည်။ လက်သည်း၊ ခြေသည်းလေးများ လှချင်သည်။ ကြီးသင့်သည်ဟု ထင်သော အရာများ ကြီးချင်သည်။ မကြီးသင့်ဘူးဟု ထင်သော အရာများ သေးချင်သည်။ (လည်ဇလုတ်) သွားလေးများ စီစီရီရီ ရှိချင်သည်။ ထိုသို့ လူအမများ လှချင်သည့် စိတ်ဓာတ်အခြေအနေများကို လူအမများက အချင်းချင်း အားပေးသည်။ မြှောက်ထိုး ပင့်ကော်လုပ်သည်။ လူအထီးများကမူကား အားမပေးချင်သော်လည်း၊ သူတို့ ပိုက်ဆံ ကုန်နိုင်သဖြင့် မြှောက်မပေးချင်သော်လည်း သိစိတ်ထဲတွင် လက်ခံ ထားပြီး ဖြစ်လေသည်။ မသိစိတ်ထဲတွင်တော့ ခေတ်စကားနှင့် ပြောရလျှင် ကြိတ်ကြွေတတ်ကြသည် မဟုတ်ပါလော။

မသူဇာသည်လည်း လူအမ၊ မိန်းမ ပီပီ လှချင်သည်။ ကိုသောင်းမြင့်နှင့် အိမ်ထောင်ကျပြီး ကလေးတစ်ယောက် မွေးပြီးသော်လည်း မိန်းမဆိုတာ မသေမချင်း လှချင် ပချင်စိတ် ရှိရတယ်ဟူသည့် နှလုံး ထုံးမူကာ သူ့အလှအပကို ဂရုစိုက်တတ်သူဖြစ်သည်။ တစ်ခါတစ်ရံ “တစ်ချို့ မြန်မာ မိန်းမတွေများ အိမ်ထောင်ကျသွားရင် အလှအပကို ဂရုမစိုက်တော့ဘူး။ သပ်သပ်ရပ်ရပ် လှလှပပ မနေတော့ဘဲ နေထွက်က နေ၀င် ဗြဲလျမ်းကြီး နေကြတာ။ ယောင်္ကျားဆိုတဲ့ အမျိုးက ပါးစပ်ကသာ သိပ်မလှချင်ပါနဲ့ ဘာညာ ပြောနေပေမယ့် အလှအပကို သိပ်ကြိုက်တဲ့ သူတွေဆိုတာ နားမလည်ဘူး” ဟူသည့် ဆရာမကြီးပုံစံဖမ်းပြီး မှတ်ချက် ပြုတတ်သေးသည်။

ဒီနေ့မှာလဲ မသူဇာ တစ်ယောက် ရေချိုးပြီးသော အခါ body lotion ခေါ် အသားအရေကို ထိမ်းသိမ်းသည့် အဆီများကို လိမ်းကျံနေလေသည်။ ကိုသောင်းမြင့်ကား မလှမ်းမကမ်းတွင် စာဖတ်လျက် ရှိနေသည်။ သူ့မိန်းမ မသူဇာ ပါယ်ပါယ်နှယ်နှယ် လိမ်းကျံနေသည်ကို တစ်ချက် မော့ကြည့်ကာ

“ဟ မသူ မင်းမလဲ..ကိုယ့်အသက်အရွယ်လည်း ပြန်ကြည့်ပါအုံး”

“ဘာဖြစ်လဲ။ အသက်အရွယ်ရလာလို့ ပိုပြီးတော့တောင် ဂရုစိုက်နေရတာ”

“မင်းလဲ ဖတ်ဘူးတာဘဲ..မာဃဒေ၀ ထဲမှာတောင် ပါသေးမို့လား”

“လုပ်စမ်းပါအုံး..ဘာပါတာတုံး”

“အဟဲ..ဟဲ.. ရူပါနတ်လို၊ ငါတို့ ကိုယ်ကား၊ ပျိုတလဲလဲ၊ မအိုမြဲဟု၊ ၀မ်းထဲစိတ်မှာ၊ မမှတ်ရာဘူး၊ ဇရာလူဆိုး၊ နေ့တိုင်း ခိုး၏။ လို့ ဆိုမို့လားကွ။ ဟား..ဟား…”

ကိုသောင်းမြင့် နှင့် မသူဇာတို့ စုံတွဲတွင် အခက်အခဲဆုံး ကိစ္စကို ပြပါဆိုလျှင် ကိုသောင်းမြင့်၏ မဆင်မချင် ရန်စတတ်သည့် အကျင့်နှင့် မသူဇာ၏ ဆတ်ဆတ်ထိမခံ ပြန်ပက်တတ်သည့် အကျင့်သာ ဖြစ်လိမ့်မည်။ အခုလဲ..

“ကိုသောင်းမြင့်..ကျွန်မကို ဆရာမလုပ်နဲ့။ ကျွန်မ သိတယ်။ ကျွန်မ ကိုယ်ခန္ဓာကြီးဟာ မတည်မြဲဘူး၊ အချိန်တန်ရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ကျွန်မက ဘုရားရဲ့ သမီးတော် မယ်သီလရှင်လဲ မဟုတ်ဘူး။ တရားပေါက်နေတဲ့ လူပုဂ္ဂိုလ်လဲ မဟုတ်ဘူး။ သာမန်လူ။ ကျွန်မဘာသာ ကျွန်မ အတော်အသင့် လှချင် ပချင်စိတ်ရှိလို့ အသားအရေ ထိမ်းသိမ်းတဲ့ သဘောနဲ့ ဘော်ဒီ လိုးရှင်း လိမ်းတာ ဘာဖြစ်သလဲ။ ရှင့် မာဃဒေ၀နဲ့ ဘာဆိုင်သလဲ”

“ရော်…ဒီမိန်းမနဲ့တော့ ခက်ပါ့လား။ မင်း အသက်ဟာ လေးဆယ် ကျော်လာပြီ။ ဒီအရွယ်ကြီး ရောက်မှ အသားအရေ ထိမ်းသိမ်းဖို့ လိုသေးသလားကွာ..ဟား..ဟား..”

“ပြောလိုက်ရ မကောင်းဘူး။ အချိန်တန်တော့ ဒီဘော်ဒီလိုးရှင်း အနံ့ကို ရှင်ဘဲ မွှေးတယ်လေး၊ ကောင်းတယ်လေး လုပ်တာ မဟုတ်ဘူးလား..ဟင်”

“ဟာ..ဒီမိန်းမ ရှေ့မကြည့် နောက်မကြည့် စွာမနေနဲ့” ဟု လှမ်းဟန့်လိုက်ပြီး သူတို့ နှစ်ဦးနှင့် မလှမ်းမကမ်းတွင် ကစားနေသည့် သူတို့ သမီးလေးကို မေးငေါ့ပြလိုက်သည်။

လူအထီးဖြစ်သည့် ကိုသောင်းမြင့်သည် လူအမဖြစ်သည့် သူ့မိန်းမ မသူဇာ၏ လှချင် ပချင်စိတ်ကို လက်ခံပြီး သူဘဲ ကြိတ်ကြွေနေသူသာ ဖြစ်သည်။ သို့သော် သူ့မိန်းမ မသူဇာကို စချင်လာသဖြင့် မာဃဒေ၀လင်္ကာကို ကိုးကားပြီး စနောက်နေခြင်း ဖြစ်သည်။ မသူဇာက စွာတေးလန်သူ ပီပီ ရှေ့မကြည့် နောက်မကြည့် အတွင်းရေးကို အပြင်ထုတ်ချင်ပြီး ပြန်ပက်သဖြင့် ဟန့်ရခြင်း ဖြစ်သည်။ ထို့နောက် အမှတ်သည်းခြေ မရှိနိုင်ဘဲ…

“ဘုရားလက်ထက်က ၀ိသာခ ကျောင်းအမကြီးဟာ အရွယ်တင်တာများ မြေးနဲ့ အတူတူ ယှဉ်သွားရင်တောင် ညီအမလား ထင်ရတယ်တဲ့။ အကြီး အငယ် ဘယ်သူလဲလို့ မေးရတယ်တဲ့။ မင်းဘယ်လောက် လှချင် လှချင် သူ့ကို ဘယ်မှီမလဲကွာ..ဟဲ..ဟဲ…ဟဲ”

“သြော် ပြောတတ်ပါ့။ ၀ိသာခကြီးက ဘာအလုပ်များ လုပ်ရလို့လဲ။ တစ်မျိုးတစ်ဆွေလုံးက ဆွေကြီး မျိုးကြီး။ သူဌေးတွေ ချည်းဘဲ။ အစေခံတွေ တစ်ပြုံ တစ်ခေါင်းကြီးနဲ့ ရွှေပေါ် မြတင် နေရတာ ကျွန်မက နှစ်ဘက် အမျိုး နှစ်ဘက်စလုံးကို ပေးကမ်း ထောက်ပံ့နိုင်အောင် လုပ်ကျွေးနေရတာလေ။ တူ..မလား”

“မင်းကို ဘာပြောလိုက် ပြောလိုက်..ငါ့အမျိုးကို ထောက်ပံ့ပေးကမ်းရတာလေးတော့ ထည့်ပြောချင်နေတာဘဲ။ ငါလဲ မင်းကို ကူပြီး အလုပ်တွေ လုပ်ပေးနေတာဘဲ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား ဆိုတဲ့ စကားလိုပေါ့ကွာ။ မင်းက အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်ကြီးဆိုတော့ မှီကြ၊ ခိုကြတာ ဂုဏ်ယူ ကျေနပ်စမ်းပါကွ”

ဝိသာခ ကျောင်းအမကြီးသည် ဘုရားရှင်၏ ဒါယိကာမ အရင်းကြီး၊ အရင့်အမာပုဂ္ဂိုလ်ကြီးဆိုသည့် အချက်ကို မေ့ထားပြီး မသူဇာက ပြန်ပက်နေခြင်းကို ကိုသောင်းမြင့် တစ်ယောက် သတိမထားနိုင်တော့ဘဲ သူ့အမျိုးအဆွေများကို မသူဇာက ပေးကမ်း ထောက်ပံ့ရခြင်းကို အပြစ်မမြင်စေဖို့ ပြောနေရ၏။

“မင်းတို့ အမေစုလဲ နုတယ်ကွနော့်။ အသက် ၇၀ အဖွားကြီး အိုလေးလို့ကို မထင်ရဘူး။ လမ်းသွားတာ၊ ၀တ်တာ စားတာ ဖက်ရှင်ရှိသလို လှချင် ပချင်စိတ်လဲ ရှိပုံရတယ်ကွနော့်။ အလုပ်တွေ ဒီလောက် ရှုပ်နေတဲ့ အထဲက ဖက်ရှင်ကျအောင်တော့ ၀တ်နိုင်စားနိုင်သားကွနော့်..ဟဲ…ဟဲ..ဟဲ”

“ဒီမယ် ကိုသောင်းမြင့်။ ကျွန်မကို ရှင် ပုတ်ခတ်ချင်သဘောက် ပုတ်ခတ်။ အမေစုကို မထိနဲ့။ စကားကို အနှောင့် မလွတ်၊ အသွားမလွတ် ပြောဖို့ မကြိုးစားနဲ့။ မေစု နုတယ်ဆိုတာ ဘာဆန်းသလဲ။ သူတစ်ဖက်သားအပေါ် စိတ်ကောင်းရှိတယ်။ ဒေါသစိတ် မမွေးဘူး။ မကောင်းစိတ် မမွေးဘူး။ တစ်ယောက်ယောက် ဒုက္ခရောက်ရင် နိမ့်ပါးရင် ဘယ်သူ့ကို မဆို ကောင်းတယ်။ ခံ…ခံ ဆိုတဲ့ စိတ်လဲ မရှိဘူး။ နောက်ပြီး သူက အစားအသောက်၊ အနေအထိုင် ဆင်ချင်တယ်။ ကျန်းမာအောင် စားတယ်။ နေတယ်။ ဖက်ရှင်ကျတာတော့ မနာလို မဖြစ်နဲ့လေ။ သူ့ကို ချစ်တဲ့ ကြည်ညိုတဲ့ သူတွေက အဆင်ပြေအောင် ဖန်တီးပေးထားကြတာလေ။ သူ့အဆင့်နဲ့ သူ့လို ကမ္ဘာသိ ခေါင်းဆောင် တစ်ယောက်က ဒီလောက် ၀တ်တာ စားတာဟာ လိုတောင် လိုသေးတယ်။ မှတ်ထား။”

ဒီမိန်းမနဲ့တော့ ခက်ပြီ။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး ကြည်ညိုမှုတွေနဲ့ သွားတာ မဖြစ်သင့်ဘူးဟု တွေးမိကာ..

“မင်းဟာက မဟုတ်သေးပါဘူး။ အမေစု ဘာလုပ်လုပ်၊ NLD က လူတွေ ဘာလုပ်လုပ်၊ ဘာပြောပြော ဟုတ်တယ်၊ မှန်တယ် လုပ်နေတာ မဟုတ်သေးပါဘူးကွ။ ဟိုတလောကလဲ NLD က ပြောရေးဆိုခွင့် ပုဂ္ဂိုလ်ကြီး သတင်းဌာနတစ်ခုကို ဘုတောလွှတ်တာလဲ ကောင်းတယ်၊ မှန်တယ် လုပ်တာကျတော့ လွန်သွားပြီကွာ။ သူ့ဘာသာ NLD က မကလို့ နတ်ပြည်က ဆင်းလာ ဆင်းလာ မဟုတ်မမှန်ရင် မဟုတ် မမှန်ဘူး ပြောပေါ့ကွ။ သူ့လိုမျိုး ဟို စစ်တပ်လူထွက်တွေ ပြောကြည့်ပါ့လား။ မင်းတို့က စုတ်ပြတ်သတ်အောင် ပြောကြမှာ။ ကိုယ့်လူကျ သာစေ။ သူ့လူကျ နာစေ စိတ်ဟာ ဒီမိုကရေစီ မဟုတ်ဘူးကွ။”

ဘော်ဒီလိုးရှင်းမှ ဒီမိုကရေစီ ခရီး ဖြစ်ကုန်ကြပြီ။

ဆိုင်တာ မဆိုင်တာ ထည့်မတွက်တော့ဘဲ တွယ်ကုန်ကြသည်။

“ကိုသောင်းမြင့်…ရှင်တို့ခမျာ ခက်လဲ ခက်။ သနားဖို့လဲ ကောင်းတယ်နော်။ အဲဒီလူကြီး အဲဒီလို စိတ်ခံစားမှုအကြီးကြီးနဲ့ ဘုတောလွှတ်တာ ကောင်းတယ်ဆိုတဲ့ စကား တစ်ခွန်းမှ ကျွန်မ မပြောဘူး။ ဒါပေမယ့် အဲဒီလို ပြောမိတာနဲ့ဘဲ နောက်ငါးနှစ်အတွင်း NLD လက်ထဲမှာ နိုင်ငံက ခွေးဇတ်ခင်းတော့မှာလိုလို၊ ဂျွမ်းပြန်ကျတော့မှာလိုလို ပြောတာကိုတော့ ကျွန်မ လက်မခံဘူးရှင့်။ ပြောလို့မရသေးပါဘူး။ မရသေးပါဘူး။ မဖြစ်နိုင်သေးပါဘူးလို့ ခဏ၊ ခဏ ပြောထားတာကို ဟိုက လှည့်မေးလိုက်၊ ဒီက လှည့်မေးလိုက်၊ ဟိုက နှိုက်ထုတ်ကြည့်လိုက်၊ ဒီက နှိုက်ထုတ်ကြည့်လိုက် လုပ်ချင်တဲ့ သတင်းထောက်တွေကိုတော့ ဘာမှ မပြောတော့ဘူးလားရှင့်။ အခုတော့ ဒီလောက် စကားမှား၊ ဒေါသထွက်မိတာနဲ့ ကုန်းကောက်စရာ မရှိအောင် ဝေဖန်ကြတာကို ကျွန်မက သောက်မြင်ကတ်တာဘဲ။ မမှားဘူး လို့ ကျွန်မ မပြောဘူး။ မဝေဖန်နဲ့လို့ ကျွန်မ မပြောဘူး။ ဝေဖန်လို့ ရတယ်။ ထောက်ပြလို့ရတယ်။ ဒါပေမယ့် စေတနာ ပါရမယ်။ အပြစ်ကင်းရမယ်။ ဟိုလူကြီးတွေလို တစ်သက်လုံး ခိုးချင်တိုင်း ခိုး၊ ၀ှက်ချင်တိုင်းဝှက်၊ အာဏာရစ်ချင်တိုင်း ရစ်ပြီး ငါ့စကားနွားရ ဘယ်သူ့မှ လူမထင်တဲ့ အချိုးမျိုး ပြောတာလဲ မဟုတ်ဘူး။ တော်ပြီ..ကိုသောင်း..လေကုန်တယ်။ ဒီကိစ္စကို ရှင်နဲ့ ကျွန်မ ငြင်းရတာ အာပေါက်နေပြီ။ အပ်ကြောင်းထပ်နေပြီ။ လာအုံး ကျောဖက်ကို လိုးရှင်း လူးပေးစမ်းပါ။ ကျွန်မ မမှီလို့။

တောက်…ဒီမိန်းမ ..ပြောချင်တာ စွတ်ပြော… စွာချင်တိုင်းစွာ…ရန်ထောင်ချင်တိုင်း ထောင်..ပြီးရင် ခိုင်းစရာ ရှိရင် ကိုသောင်း..ကိုသောင်းနဲ့ လေသံက အစပြောင်းသွားတယ်ဟု မကျေမနပ် တွေးမိသည့် အတွေးမှ မဆုံးခင် သူ့လက်နှစ်ဖက်ထဲသို့ မသူဇာ၏ ဘော်ဒီလိုးရှင်း အဆီများ ရောက်နေသည်။ ထို့နောက် ပါးစပ်မှ “အေးကွ..မင်း လိုးရှင်းက မွှေးသားကွနော့်” ဟူသည့် မရိုးနိုင်သော စကားကို မရိုးနိုင်ဘဲ ပြောရေး ဆိုခွင့် ရှိသူပီပီ ပြောမိပြန်လေတော့သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts