သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ဘောလုံးပွဲကား နိုင်ခဲ့ပြီ၊ ချန်ပီယံဖလားကား မရသေး

၂၀၁၂ တုန်းက မောင်ရစ် ကာတွန်း

မောင်ရစ် – ဘောလုံးပွဲကား နိုင်ခဲ့ပြီ၊ ချန်ပီယံဖလားကား မရသေး

(မိုးမခအယ်ဒီတာ့လက်ရေး) ဇန်န၀ါရီ ၁၂၊ ၂၀၁၆


ကျနော်တို့ ဘောလုံးပွဲကြီး နိုင်ပြီးသွားသော်လည်း ပွဲကြည့်ပရိသတ်စင်မြင့်ပေါ်က ပရိသတ်ကြီးသည် အိမ်မပြန်နိုင်သေးဘဲ ရင်မပြီး ချန်ပီယံဆုဖလား ချီးမြှင့်ပွဲကို ငြိမ်သက်စွာ အသံတစက်မှ မထွက် ဆက်လက် စောင့်ကြည့်နေကြပါသည်။
အနိုင်ရအသင်း၏ ကပ္ပတိန်က ကွင်းလည်မှ ကွင်းပြင်သို့ ထွက်လာပြီး တဖက်အသင်းက ခေါင်းဆောင်များကို နှုတ်ဆက်ခြင်း၊ ချီပီယံပွဲကြီး၏ စပွန်ဆာများကို လိုက်လံ စကားပြောဆိုခြင်းတို့ကို ပြုလုပ်နေသည်ကို ပရိသတ်သည် ရုပ်မြင် အသံမကြား ရုပ်ရှင်ကြည့်နေသကဲ့သို့ ရပ်ကြည့်နေကြရသည်။

အနိုင်ရအသင်းသားများသည် တဦးကို တဦး ခြေပြ လက်ပြ အချက်ပြပြီးသာ အသံတိတ် လက်မထောင် အချင်းချင်း ဂုဏ်ပြုအားပေးနေကြပုံကို ကွင်းအတွင်းက ပရိသတ်၊ ကွင်းအပြင်က ရုပ်သံ အင်တာနက်က တဆင့် အဝေးကြည့် ပရိသတ်တို့က မြင်နေရသည်။ ဝေါကနဲ ကွင်းထဲဝင်ပြီး အနိုင်ရ အသင်းသားတို့ကို ပုခုံးပေါ်ထမ်း အောင်ပွဲခံလို့ မရကြသေးပေ။

ရှုံးနိမ့်သွားသော တဖက်ဘောလုံးအသင်းထဲက အလွန် ‘စွာ’ ခဲ့သော ကစားသမားများက နောက်တပွဲဆက်ကန်ရဦးမည့်ဟန် နေရယူထားပုံ မပျက်ကြသေးသည်ကလည်း တခဲနက် အော်ဟစ် ကန့်ကွက်ပြီး ကွင်းထဲက မောင်းထုတ်ပစ်ချင်စရာ ဖြစ်နေသည်။ သို့သော် ပရိသတ်က တချက်ကလေးမှ မလှုပ်။

ဘောလုံးကွင်း ဆုပေးပွဲ စင်မြင့်မှာ တဦးပြီး တဦး နေရာယူ ချထားနေကြသည်က တဖက် ရှုံးနိမ့်အသင်းက ခေါင်းဆောင်လူကြီးနှင့် အသိုင်းအ၀ိုင်းဖြစ်နေသည်။ စပွန်ဆာပေးထားသည့် တူညီဝတ်စုံတ် လူကြီးများကလည်း အချင်းချင်း ဆွေးနွေးတိုင်ပင် နေရာချ လှုပ်ရှား သွားလာနေကြပုံကလည်း မြင်ရသူတို့အတွက် အသည်းယားစရာ။ သူတို့ ချန်ပီယံဖလားကို အနိုင်ရအသင်းကို ပေးရန် ဘာကိုများ စောင့်ဆိုင်းနေကြဦးမည်နည်း။

ချန်ပီယံဆုဖလားက အပြည့်အ၀ အပိုင်အနိုင်ရမည့်ပုံ မဟုတ်သည်က ပွဲမစခင်ကတည်းက ပရိသတ်က သိထားပြီးသား ဖြစ်ပါသည်။ ဘောလုံးပွဲ ၀င်မကစားဘဲ ပွဲကြည့်စင်မြင့်ကနေ ချန်ပီယံနဲ့ အတူ ပူးတွဲဆုယူမည့် တူညီဝတ်စုံဝတ် စပွန်ဆာလူကြီးများကို ပရိသတ်က ငြိုငြင်သည့် အမူအရာ တစိုးစိလေးမျှ မပြသည်ကလည်း အဆိုပါ ဖိုင်နယ်ပွဲစဉ်၏ ထူးခြားချက် ဖြစ်ပါသည်။

ဘောလုံးပွဲက အပြတ်အသတ် နိုင်ခဲ့ပြီး ဖြစ်သည်။ ဘောလုံးပွဲစဉ်အတွင်းက အနီကပ်များ၊ အ၀ါကပ်များ များစွာ မမြင်တွေ့ကြရသော်လည်း ကစားပုံကစားနည်း ၊ အနိုင်ရအသင်းသားများ၏ အပြုအမူတို့ကို တဖက်အသင်းနဲ့ စပွန်ဆာအဖွဲ့တို့က ပွဲပြီးမှ ပြန်လည် ဆန်းစစ်နေကြသည်။ ဘောလုံးပွဲ နိုင်သော်လည်း ဆုပေးပွဲမှာ တဖက်အသင်းနှင့် စပွန်ဆာအဖွဲ့တို့၏ သူတို့လူများနှင့်ပါ ဆုကို ခွဲဝေယူကြမှာလား။ အသင်းသားတွေ အချင်းချင်း လူပြန် ရွေးကြပြီးမှ ဆုပေးပွဲစင်မြင့် တက်ခွင့်ရမှာလားလို့ ပရိသတ်အတွင်းမှာ တီးတိုး တီးတိုး လုပ်နေကြသည်။

သို့သော် အနိုင်ရအသင်းကို တခဲနက်အားပေးခဲ့သည့် ပရိသတ်ပြည်သူကြီးသည် အသင်းကပ္ပီတိန်နှင့် အသင်းမန်နေဂျာများ၏ မျက်စောင်းနှင့် စိတ်ခုသွားမည်ကိုလည်း စိုးရိမ်နေရသည်။ တဖက်အသင်းနှင့် စပွန်ဆာအဖွဲ့ကြီး၏ မမျှော်လင့်သော အချိုးအကွေ့ အပြောင်းအလဲလုပ်မှုကိုလည်း စိုးရိမ်နေကြရသည်။ ပရိသတ်ကြီး၏ စည်းကမ်းမသေ၀ပ်မှုကြောင့် ချန်ပီယံဖလား ချီးမြှင့်ပွဲ ဖျက်သိမ်းလိုက်သည်ဟု စပွန်ဆာများက ထုတ်ပြန်လိုက်မှာကို မလိုလားကြချေ။

နှစ်ပေါင်း ၂၀ ကျော်မှ အတားအဆီး အကွေ့အကောက် မြောက်များစွာကို ကျော်ဖြတ်ပြီး ကန်ခွင့်ရသော ဘောလုံး ဗိုလ်လုပွဲသည် ပရိသတ်ကြီး၏ ‘အိမ်ကွင်း’ မှာ မဟုတ်ချေ။ သူတို့တွေ၏ အပိုင်အနိုင် ဖန်တီးထားသော ‘အဝေးကွင်း’ မှာ ဖြစ်နေသည်။ အဝေးကွင်းမှာ လာရောက် အားပေးရသည့် ပရိသတ်ကြီးမှာ ထိုတချက်ကြောင့်လည်း ၀မ်းသာအားရ အောင်ပွဲဆင်ဖို့ အချိန်စောင့်နေရခြင်းလည်း တချက်ဖြစ်သည်။

ဘောလုံးပွဲတော့ နိုင်ပြီးပါပြီ။ ချန်ပီယံဆု လက်ဝယ်ပိုင်ပိုင် ရဖို့က အဓိကနောက်တချက် ဖြစ်သည်။ ချန်ပီယံဆုရပြီ ဆိုမှ ပရိသတ်ကြီး စိတ်ဒုံးဒုံးချနိုင်မည်။ အောင့်အီးထားသမျှ ဟစ်ထုတ်ပြီး အောင်ပွဲကို ဆင်နွှဲကြမည်။ သို့မဟုတ် ချန်ပီယံဆု ရပြီးသော်လည်း ပရိသတ်ကြီးသည် အသံတိတ် ဆိတ်ငြိမ်စွာ ၀မ်းသာဂုဏ်ယူကုန်ကြလျက် စည်းကမ်း သေ၀ပ်စွာဖြင့် မိမိတို့အိမ် မိမိတို့ ခပ်ကုပ်ကုပ်ပဲ ပြန်ကြရမည်လားလည်း မသိနိုင်သေး။

ဒါကတော့ ၂၀၁၅ နှစ်ကုန် ဘောလုံးပွဲ အပြီး ၂၀၁၆ နှစ်ကူး ချန်ပီယံဆုဖလားပေးပွဲကို ရည်မျှော်ပြီး ရေးလိုက်တဲ့ အယ်ဒီတာ့လက်ရေးပါ။ ဘယ့်နှယ် အယ်ဒီတာ့လက်ရေးကလည်း ၂၀၁၅ ရွေးကောက်ပွဲတို့၊ အင်န်အယ်ဒီတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ပြည်ခိုင်ဖြိုးပါတီ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်ကြီးအကြောင်းလည်း တစက်လေးမျှ မပါပါလားလို့ မေးခွန်းထုတ်ကြမယ် ထင်ပါရဲ့။ အေးလေ … ဒီလိုလေးလည်း ထိန်းထိန်းသိမ်းသိမ်း ရေးဦးမှ မို့လား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ရစ် – ဘောလုံးပွဲကား နိုင်ခဲ့ပြီ၊ ချန်ပီယံဖလားကား မရသေး
  1. အိမ်ကွင်းမှာ ထပ်ကန်ကြပါတော့မယ်။ ရှုံးသွားတဲ့အသင်း ဘောသမားများစွာ ဒဏ်ရာနဲ့အနားယူသွားကြပါပီ။ ဒါကြောင့် ကစားသမားအချို့ (၃၊ ၄ ယောက်လောက်ပဲ) ပြန်ပါလာမှာပါ။ စိမ်းလန်းစိုပြေတဲ့မြက်ခင်းမှာနာြး်ပီး၊ သာယာတဲ့မြစ်ဘေးမှာ ၅နှစ်ကြာအောင် လေ့ကျင့်ပေးထားတဲ့ ဘောလုံးသမားများနဲ့အစားထိုးထားတဲ့ အသင်းပါ။ အိမ်ကွင်း ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စတင်ပါမယ်။ အိမ်ကွင်းမှာ သရေကျရင်ပဲ ချန်ပီယံဆု ယူလို့ရပါပီ။

Comments are closed.