သရော်စာ

သွန်းခ – လွတ်လွတ်လပ်လပ် ရေးရမယ်ဆိုလို့

Aung Htet

သွန်းခ – လွတ်လွတ်လပ်လပ် ရေးရမယ်ဆိုလို့ 

(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

ပြီးခဲ့တဲ့(၄၊၁၊၂ဝ၁၆)နေ့က လွတ်လပ်ရေးနေ့မို့ လွတ်လွတ်လပ်လပ် လေးတွေရေးမယ် စိတ်ကူးမိပါတယ်။ သိတော်မူကြတဲ့အတိုင်း သွန်းခ တစ်ယောက်က အငြိမ်မနေတတ်တဲ့ ကောင် ဆိုတော့ကာ ရန်ကုန်မြို့ လယ်ကောင်တည့်တည့် ထောက်စူးကျရာအရပ်က ဧမာနွေလခရစ်ယာန်ဘုရားကျောင်းပေါ် ရောက်သွားခဲ့ တာကိုး။

အကြောင်းက ပြီးခဲ့တဲ့၂ဝ၁၅မှာ မြန်မာနိုင်ငံရဲ့ချင်းပြည်နယ် ကလေးဒေသ၊ နောက်ပြီးလောက်ကိုင် အရေး ကိစ္စတွေမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးရဲ့ လှုပ်ရှားမှုတွေအရရော၊ သူ့ကိုယ်ပိုင်ခံယူချက်တွေနဲ့ပါ ရိုးရိုးကုတ်ကုတ်နဲ့ လူမသိသူမသိ ပရဟိတ တွေလုပ်သွားခဲ့တဲ့ အကယ်ဒမီဝေဠုကျော် ကို ခရစ်ယာန်ကျမ်းစာ အဖွဲ့တစ်ဖွဲ့က ကိုယ်ကျိုးစွန့်ဝန်ထမ်းတွေကို ချီးမြှင့်လေ့ရှိတဲ့ ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့ သတင်းယူ ရမှာကိုး။ သွန်းခ ကိုဘယ်သူမှမခိုင်းပါဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ်၊ ကိုယ့်စေတနာနဲ့ကိုယ် သတင်းအနေနဲ့ ရေးတင် ချင်လို့ပါ။ သွန်းခ သိသလို၊ ခံစားရသလို အများ သိပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်၊ စေတနာသက်သက် နဲ့ပါ။ လူသိခံချင်မှတော့ဗျာ။ လူထုခေါင်းဆောင်အိမ်ရှေ့မှာ မတော်မတဲ့ သွားစုခဲ့ကြတုန်းက စာရွက်တွေ လိုက်ဝေတော့မှာပေါ့။ သဘောပြောတာပါ။

ဝေဠုကျော်လို မလုပ်နိုင်တော့ လုပ်နိုင်တဲ့သူကိုချီးမြှောက်တဲ့ အနေနဲ့လည်း ပါတာပေါ့ခင်ဗျာ။ ကလေးဒေသရေဘေးတုန်းက သွန်းခ သိသလောက်ပြောရတော့ အဲဒီမင်းသားဟာ သူလုပ်နေတာတွေ လူသိမှာတောင်စိုးခဲ့သေးတာဗျ။ ဒါပေမယ့် လူတွေနဲ့ လုပ်တဲ့ အလုပ်လေဗျာ။ လူမှုကွန်ရက်စာမျက်နှာတွေပေါ် တက်လာတော့လည်း တ ဟေးဟေး၊တဟားဟားနဲ့ အားပေးကြတော့တာပေါ့။ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာတဲ့စိတ်နဲ့ သွားခဲ့ကြတာချင်း အတူတူနော် ဟိုလူကြီးတွေ ဖားကန့်မြေစာပုံပြိုကျလို့ သွားခဲ့တဲ့ခရီးစဉ်နဲ့ အပုံကြီး ကို ကွာတာခင်ဗျ။ သြော်…မလွတ်တလွတ်တွေ မရေးချင်ပါနဲ့ဆို ရေးမိပြန်ပါပြီ။

သွန်းခ တစ်ယောက်ကလည်း မလွတ်တလွတ်တွေ တယ်ရေးခဲ့မိတာကိုး။ အဲဒါလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ရေးခဲ့တာတွေတော့ မဟုတ်ပေဘူးခင်ဗျ။ ဘယ်သူကများ ကိုယ့်လူမျိုး၊ ကိုယ့်အကြီးအကဲတွေကို သရော် တော် တော် လုပ်ရေးချင်ကြပါလိမ့်မလဲလေ။ မဟုတ်မဟတ်တွေ တွေ့တော့မှ ရေးမိ၊ချွတ်မိကြတာပါ။

အင်း … ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ မှာ အဆိုရှင်မမလေး တစ်ယောက် လက်ခုပ်နဲ့ ချီးမြှင့်တာထက် ပိုပြီး သူ့နံမည် ၃ ခါအော်ပေးကြပါ ဆိုပါလားခင်ဗျာ။ အဲဒီအကြောင်းရေးမလို့ဟာ မရေးဖြစ်တော့ပါဘူး။ တော်ကြာ မလွတ်မလပ်တွေဖြစ်နေရင် ဟိုလူ့အားနာရ၊ ဒီလူ့မျက်နှာပူရနဲ့ သွန်းခ တို့ လူကြီးတွေလို ဖြစ်နေပါဦးမယ်။ ပြီးခဲ့တဲ့နှစ်၊ ပြီးခဲ့တဲ့နှစ်နဲ့ သာရေးနေရတာပါ။ စိတ်ထဲမှာ မပြီးမပြတ်တွေက အများကြီးနဲ့ဆိုတော့ ဟို ဟို ကတိတွေ ပေးပြီး မလုပ်နိုင်ခဲ့တဲ့ မပြီးတပြီး နှစ် လို့တောင် ရေးရမလိုပါဆို။

လူထုခေါင်းဆောင်က ပြောသေးတာဗျ။ အတိတ် ကိုပြန်ကြည့်ရမယ်၊ ပြန်ကြည့်တယ် ဆိုတာ အနာဂတ် အတွက်ကြည့်တာ။ အတိတ်မှာ ဘာတွေမှန်ခဲ့တယ် ဘာတွေ မှားခဲ့တယ်။ အတိတ်က အမှားတွေ ကိုပြန်ကြည့်ခြင်းအားဖြင့် အနာဂတ်အတွက် အမှားတွေကို ရှောင်နိုင်လိမ့်မယ်တဲ့။ အဲဒီစကားက လူသိရှင်ကြား ပြောသွားခဲ့တာဆိုပေမယ့် သွန်းခ တစ်ယောက် စိုးရိမ်ဖြစ်အောင် စိုးရိမ် သွားလိုက်သေးတာခင်ဗျ။ တော်နေကြာ ဟိုဟာကြီးတွေ တစ်လွဲ အတွေးဝင်ကုန်ကြမစိုးလို့ပါ။ တွေးရ၊ ပူရတယ်ဗျို့။ သွန်းခ တို့လူမျိုးက ကောက်ရိုးမီးတွေပါလို့ အပြောခံခဲ့ကြရတာ ဘာကြာသေးတာ မှတ်လို့။

အမှိုက်ကောက်ကြပါ ဆိုတာထက်အစကတည်းက အမှိုက်ကို ပုံးထဲထည့်လိုက်ရင် ပြီးနေတဲ့ဟာ မထည့် ကြပဲ နှစ်သစ်ကူးတုန်းက စည်းမရှိ၊ ကမ်းမရှိ အင်းလျားကန်ပေါင်ပေါ် ပစ်ခဲ့ကြတာ တဆိတ် မလွန်ပေ ဘူးလား။ အဲဒီအကြောင်းလည်း ရေးမလို့ ဥစ္စာ မရေးဖြစ်တော့ပါဘူး။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တာဟာ မီးပွိုင့်စနစ်ထိန်းချုပ်ရေး မကောင်းလို့ဆိုပြီး ဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစနစ် တင်ဒါ ခေါ်ထားခဲ့တာ ကုမ္ပဏီ လေးခုကို ပဏာမရွေးထားပြီတဲ့။ ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု ကိုဖြေရှင်းဖို့ရာ ကျပ်၁၃ဝဘီလီယံကျော် အကုန်အကျခံပြီး တံတားခုနှစ်စင်း ဆောက်ဖြစ်ခဲ့ပါသတဲ့။

ဟော၊ အခု ယာဉ်ကြောပိတ်တာ မီးပွိုင့်ထိန်းချုပ်ရေးစနစ် ကြောင့်တဲ့။ အဲဒီတော့ကာ ဗဟိုမီးပွိုင့် ထိန်းချုပ် ရေးစနစ်အတွက် ကျပ်ဘီလီယံ နှစ်ဆယ် သုံးရဦးမယ်ဆိုပဲ။ စင်ကာပူက ကုမ္ပဏီ် တွေနဲ့ ဂျပန်က ကုမ္ပဏီတွေ တရုတ်နဲ့ တိုင်ပေ ကို မယှဉ်နိုင်လို့ တင်ဒါမအောင်ကြ ဘူး တဲ့။ စဉ်းတော့ စဉ်းစားစရာ၊ စင်္ကာပူ နဲ့ ဂျပန် က တရုတ်ကို မနိုင်ဘူးတဲ့ ခင်ဗျ။ အဲဒီ စင်္ကာပူ နဲ့ ဂျပန်က လူတွေ အထူအပါး နားမလည်တာပါ။ သွန်းခ တို့ လူကြီးတွေက အိမ်နီးချင်း ကိုပဲ တင်ဒါ ပေးမှာပေါ့။

အဲဒါများလာလာသေးဗျာ။ ဧကန္တ အဲဒီစင်္ကာပူနဲ့ ဂျပန်က လူတွေ ဖားကန့် ဘက် သွားချောင်းချင်လို့ တင်ဒါ လာတင်သလိုလို၊ ဘာလိုလို လုပ်သွားတာနေမှာ။ ဘာပဲဖြစ်ဖြစ်လေ၊ “အခုအစိုးရက ဘာလို့ဆင်းခါနီးမှ ထလုပ်တာလဲ” လို့မေးတဲ့လူက မေးနေပြီဗျား။ သွန်းခ သတင်းစာတွေ ဖတ်ပြီး ရေးနေတာနော်။ မလွတ်တလွတ်တွေ ရေးနေတာ မဟုတ်ဖူး။ ရေးလက်စနဲ့ လွတ်လွတ်လပ်လပ် ရေးထည့်လိုက်ပါဦးမယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ဆိုတဲ့ (NCA) ဟာကြီးမှာ လက်မှတ်ထိုးခဲ့ကြပြီး နှစ်လခွဲ ပဲကြာတယ်။ ထ ဆော်ပလော် တီး ကြပါရောလား။ စာချုပ်ထဲ လက်မှတ်မထိုးဖြစ်သေးတဲ့ အဖွဲ့တွေနဲ့လား ဆိုတာ သေချာအောင်ကြည့်တော့လည်း မဟုတ်။ လက်မှတ်ထိုးထားပြီးသား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ တပ်မတော် နဲ့ဆိုပါလား။ သတင်းထဲမှာ ဖတ်ရတာကို ပြောတာပါဗျာ။

လွတ်လွတ်လပ်လပ်ပဲရေးချင်၊ပြောချင်ပါတယ်။ ဟိုငြိ၊ ဒီငြိ မရေးချင်ပါဘူး။ လူထုခေါင်းဆောင်က အာရ်အက်ဖ်အေ သတင်းဌာနနဲ့ ပြောခဲ့တာလေးထဲမှာ ဒီမိုကရေစီ စံညွှန်းတွေနဲ့ မကိုက်တဲ့ နိုင်ငံပိုင်သတင်းစာတွေကိုပါ ပြုပြင်ပြောင်းလဲ ပစ်မယ့်အထဲ ပါသတဲ့။ အင်း၊ သတင်းစာရဲ့မူဆိုတာ အစိုးရရဲ့ရိက္ခာ၊ အထောက်အပံ့တွေနဲ့ ရပ်တည်နေကြရတာတောင် သတင်း မီဒီယာတွေရဲ့ ပင်မတာဝန်ဟာ ပြည်သူတွေ သတင်းသိပိုင်ခွင့် ကိုဖြည့်ပေးရမယ်၊ အစိုးရမူဝါဒတွေကို အစွဲ ကင်းကင်းနဲ့ ဝေဖန်၊ ထောက်ပြပြီး ပြည်သူတွေကို တင်ပြပေးနိုင်ရမယ် ဆိုတာကိုတော့ သိထားကြဖို့ လိုမယ် ထင်တာပါပဲလေ။ ခေတ်ကိုက သတင်းနဲ့ မျက်ခြေပြတ်လို့ မရတဲ့ ခေတ်ပေကိုး ခင်ဗျ။

ဟော၊ ကချင်ပြည်နယ် ကျောက်စိမ်း တွင်း တွေအကြောင်း နားစွင့် မလား။ မြေစာပုံ ပြိုကျလို့ ပိသေသွားကြတာ မြန်မာနိုင်ငံသားတွေ တဲ့ဗျာ။ကြက် သွန်ဥ ဈေးတက်တာလောက်တောင် လူသူ စိတ်မဝင်စားကြပါဘူးဆို။ အခု နိုင်ငံတော်ကတော့ တားလိုက်ပါပြီ။ ကုန်တော့မှာစိုးလို့နဲ့တူပါတယ်။ လူကြီးတွေတော့ ကွင်းဆင်း ကြည့်ခဲ့၊ စစ်ခဲ့သေးတယ် ဆိုလား။ မြေသယ်ယာဉ် နဲ့ ယန္တရား တွေဟာ မဆိုစလောက်အောင်ပဲ တွေ့ခဲ့ရပါ သတဲ့။ သူငယ်ချင်း ကျောင်းဆရာမ ကိုတွေ့မှပြောရပါဦးမယ်။ ကလေးတွေကို သင်္ချာ ကောင်းကောင်းသင်လို့။

မေ့လို့မဖြစ်တဲ့ ရခိုင်လေး ၂ ယောက်ကိစ္စကလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ နဲ့မှ ဆိုပါလား။ ဟို…ဟို အင်တာပိုလ် ကြီးတွေကို ပြောတာပေါ့ခင်ဗျာ။ သွန်းခ ရေးမိသလားလို့ပါ။စကော့တလန်ယာ့ဒ် အဖွဲ့ကြီး ရှောင်ထွက်သွားတဲ့ အကြောင်းလေ။ ထိုင်းရဲသည် သူတို့ရဲတပ်ဖွဲ့ဝက်ဘ်ဆိုက်တွေ ဘယ်လောက် အဟက် ခံရပါစေ၊သူတို့ ရဲတပ်ဖွဲ့ကို ဘယ်လောက်ပဲ ဖိအားတွေပေးပါစေ။သူတို့ သိက္ခာ သူတို့အကျခံလိမ့်မည် ဟုမထင်။ မြန်မာနိုင်ငံသား ရခိုင်လေး ၂ ယောက် မလွတ်စေချင်လို့မဟုတ်ဖူးခင်ဗျ။ ထိုင်းရွေ့နေ တဲ့ကစားကွက် ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အထိပါနေတယ် ဆိုတာ သွန်းခ ထက်အများကြီး နပ်ကြသူတွေ ပို သိကြပါ တယ်။ သူတို့လက်ထဲမှာက ကိုယ့်နိုင်ငံသားတွေ၊ နောက်ဆုံးဆိုတဲ့ အချိန်ကိုရောက်ဦးတော့ သူတို့လိုချင်တဲ့ အ ကွက်ထဲမဝင်ရင် ကလေး ၂ ယောက် အခြေမလှနိုင်။ အဲဒါမှ အင်တာပိုလ် လည်း မကယ်နိုင်ဘဲ ဂက်စတာဗို တွေ လက်ထဲရောက်သွားမှာကိုသာ စိုးမိတော့တာပါပဲ ခင်ဗျာ။

ထိုင်းကနေ ပြန်လာတယ် ဆိုတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကတော့ မျက်နှာဖုံးနဲ့ ပြောသွားတာပဲခင် ဗျ။သူလည်း မခံနိုင်လွန်းလို့ နှစ် ၂ဝ ရှိမှ မြန်မာနိုင်ငံထဲ ပြန်ဝင်လာခဲ့တာ လို့ပြောပါတယ်။ သွန်းခ မနေနိုင်၊မထိုင်နိုင် တွေးမိပြီ။အဲဒီလူရဲ့ လုံခြုံရေး အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကအ ကာအကွယ် မပေးနိုင်လို့များ မျက်နှာဖုံးအုပ်ထားတာလား၊ အကြောင်းမဲ့တော့ မလုပ်လောက်ဖူးထင်ပါရဲ့နော်။

လွတ်လွတ်လပ်လပ် တွေးမိတာကို ရေးမိခြင်းပါခင်ဗျ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts