တူမောင်ညို သူတို့အာဘော်

တူမောင်ညို – တကယ့် ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတားနှစ်ခု

တူမောင်ညို – တကယ့် ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတားနှစ်ခု
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၆

ငြိမ်း/ပွဲစား (ဗိုလ်) ဦးအောင်မင်းက (UPDJC) အစည်းအဝေးမှာ အခုလိုပြောပါတယ်။ “ကျွန်တော်တို့ အစိုးရက ငြိမ်းချမ်းရေး ကို အဖြစ်လုပ်တာမဟုတ်ပါဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကို အဖြစ်သဘောလုပ်တာမဟုတ်ပါဘူး” တဲ့။

ဟုတ်ကဲ့။ အများပြည်သူက သဘောပေါက်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံကို ၁၀ ရက်  “က” ချင်တာ ၅ ရက်နဲ့ တော်ပါတော့ ဆိုလို့ ၅ ရက်နဲ့ အောင့်အီး ကျေနပ်လိုက်ရတာမဟုတ်လား။

(ဗိုလ်) ဦးအောင်မင်းတို့ အစိုးရက အဖြစ်လုပ်တာမဟုတ်ပါဘူး။ မဖြစ် ညစ်ကျယ်တွေ လုပ်တယ်ဆိုတာ အများပြည်သူက ကွက်ကွက်ကွင်းကွင်း သဘောပေါက်ပါတယ်။ အခုကျနော်တို့ အောက်ပါအတိုင်း ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြတ်ပြတ် သားသား ကောက်ချက်ချနိုင်ပါပြီ။

(ဖဆပလ) အစိုးရမှ (ဗိုလ်) ဦးအောင်မင်းတို့ရဲ့ ကြံ့ဖွံ့စစ်တပိုင်းအစိုးရလက်ထက်အထိ အဆက်ဆက်သော အစိုးရများဟာ ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အောက်မှာဖော်ပြထားတဲ့ အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းငြိမ်းချမ်ရေးရရှိအောင် မဆောင်ရွက်နိုင်ခဲ့တဲ့ အစိုးရတွေဖြစ်ပါတယ်။

၁၉၄၇ အခြေခံဥပဒေအောက်မှာအုပ်စိုးခဲ့ကြတဲ့အုပ်စိုးသူတွေ
– (ဖဆပလ) အစိုးရ
– ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ

၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အုပ်စိုးခဲ့တဲ့
– တော်လှန်ရေးကောင်စီ အစိုးရ

၁၉၇၄ အခြေခံဥပဒေနဲ့အုပ်စိုးခဲ့တဲ့
– (မဆလ) အစိုးရ

၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အုပ်စိုးခဲ့တဲ့
– (နဝတ- နအဖ) စစ်အစိုးရ

၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲအတည်ပြုပြီးအုပ်စိုးလာခဲ့တဲ့
-(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ

တကယ့်ပြည်တွင်းငြိမ်းချမ်းရေးကို ရရချင်တယ်ဆိုရင် မခက်ခဲပါဘူး။ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေး ပြဿနာရဲ့ အဆက်ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးပြဿနာကို ဖြေရှင်းရာကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့ အတွက် လက်နက်စွဲကိုင်ခဲ့ကြရတာဖြစ်တယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်သူမှ လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်နေမှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့ တန်းတူ ရည်တူရှိရမယ်၊  ဒီမိုကရေစီအခွင့် အရေးတွေပြည့်ပြည့်စုံစုံရှိရမယ်။ တန်းတူမှုနဲ့ဒီမိုကရေစီအခွင့်အရေးဟာ ဘယ်နိုင်ငံရေးအင်အားစုတိုင်းအတွက်မဆို ညီတူညီမျှဖြစ်ရမယ်၊ တစ်ဖက်စောင်းနင်းမဖြစ်စေရဘူး။ ကွက်ကြားတန်းတူမှု၊ ကွက်ကြားဒီမိုက ရေစီမဖြစ်စေရဘူး။ တရားမျှတရမယ်၊ လွတ်လပ်ရမယ် ခွင့်တူညီမျှစေရမယ်။

(ပြည်တွင်း- ပြည်ပ) နိုင်ငံရေးပြဿနာဆိုတာ ထာဝစဉ်တည်ရှိနေမှာဖြစ်တယ်။ ဒါတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ့် အခြေခံတွေ၊ မူတွေ ညီညီမျှမျှနဲ့ ခိုင်ခိုင်မာမာရှိနေဖို့သာအဓိကဖြစ်ပါတယ်။ ဒီလိုအခြေခံတွေ၊ မူတွေကို နိုင်ငံရေးအင်အား စုတိုင်းက ပါဝင်ရေးဆွဲချမှတ်နိုင်ရမယ်။ ခေတ်ကာလအခြေအနေနဲ့တိုင်းပြည်နဲ့ပြည်သူ့အကျိုးစီးပွား လိုအပ်မှုအပေါ်မူတည်ပြီး ပြောင်းလဲပြင်လွယ် ဖြစ်စေရမယ်။ ငါတို့ရေးတာ အတည် – ငါတို့ပြင်စေချင်မှ ပြင်ရမယ်ဆိုတာမျိုးမဖြစ် ဘယ်လိုမှ မဖြစ်သင့်။ လုံးဝမဖြစ်သင့်။

ဒီလို အခြေခံတွေ၊ မူတွေ ညီညီမျှမျှ မရှိခဲ့လို့ ပြည်တွင်းစစ်ပေါက်ကွဲခဲ့ရတာပဲ။ အခုထိလည်း ဒီအခွင့်အရေးတွေ ညီညီ မျှမျှ မရှိသေးလို့ ပြည်တွင်းစစ်ရှည်ကြာနေရတာပဲဖြစ်တယ်။ ဒီအခွင့်အရေးတွေ တန်းတူရည်တူညီညီမျှမျှဖြစ်ဖို့ အထက်မှာ တင် ပြခဲ့တဲ့ အစိုးရအဆက်ဆက်က အသိအမှတ်မပြုခဲ့ဘူး။ လက်နက်ချလာစေဖို့အတွက်သာ “မက်လုံး” အချို့ပေးခဲ့တာဖြစ်တယ်။ အရင်းခံသဘောကတော့ လက်နက်နဲ့အမြစ်ဖြုတ်ချေမှုန်းရေးသာဖြစ်တယ်။ အမြစ်ဖြုတ်ချေမှုန်းရေး မအောင်မြင်ခဲ့ဘူး။ သူပုန်အဖွဲ့တွေသာ တိုးပြီးရင်း တိုးများလာခဲ့တယ်။ “ကျောင်းသားတပ်မတော်” ပေါ်ပေါက်လာခဲ့ရတယ်မဟုတ်လား။

တန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နဲ့ ဒီမိုကရေစီအခြေခံတွေမူတွေဟာ အခြေခံဥပဒေ ၃ ခု ( ၁၉၄၇ အခြေခံဥပဒေ/ ၁၉၇၄ အခြေခံဥပဒေ /၂၀၀၈ အခြေခံဥပဒေ) စလုံးမှာ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မပါရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပြည် တွင်းစစ် ရှည်ကြာနေခဲ့ရတာပါ။ ပြည်တွင်းစစ်ရှည်ကြာမှုဟာ တိုင်းပြည်နဲ့လူထုကို အဖက်ဖက်က ဆင်းရဲနိမ့်ကျသွားစေ ခဲ့ပါတယ်။ စစ်အာဏာရှင်တစ်စုကို အကြီးအကျယ်ချမ်းသာကြွယ်ဝစေပါတယ်။

ဒါကြောင့် ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တကယ်တန်းရရှိလိုတယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို အ ကျယ်တဝင့် ဆွေးနွေးဖြေရှင်းရမယ်။ တန်းတူရည်တူ ဒီမိုကရေစီနည်းကျညှိနှိုင်းဆွေးနွေးရမယ်။

(ဗိုလ်) ဦးအောင်မင်းတို့ရဲ့စစ်တပိုင်းကြံ့ဖွံ့အစိုးရဟာ တကယ့်ငြိမ်းချမ်းရေးရရှိလိုတာမဟုတ်ဘူး။ သူတို့အဓိက ရရှိလိုတာက တနည်းနည်းလက်နက်ချဖို့၊လက်နက်အပ်ဖို့သာဖြစ်ပြီးသူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ”  ဆိုတာတွေနဲ့ ချုပ်နှောင်နိုင်ဖို့သာဖြစ်တယ်။ ဒီအချက်ကို “တပ်ငြိမ်းမူ ၆ ရပ်”မှာအပြည့်အစုံထင်ဟပ်ထားတယ်။ ဒီပေါ်လစီဟာ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်မယ့်မူ လုံးဝမဟုတ်ပါဘူး။ ပြည်တွင်းစစ်ကို ပိုမိုရှည်ကြာ စေမယ့်မူသာဖြစ်ပါတယ်။ လက်တွေ့မှာ ကြည့်ပါ။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးတောင် ဦးအောင်မင်းတို့ အစိုးရက ပီပီပြင်ပြင်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဖွဲ့ ၈ ဖွဲ့နဲ့ ဖြစ်ကတတ်ဆန်း “(NCA) စာချုပ်” ကို အဖြစ်သဘော ချုပ်ဆိုနိုင်ခဲ့တာပါ။

ဒါဟာ ယခင့်ယခင် အစိုးရများရဲ့ အချည်းအနှီးသော ရည်ရွယ်ချက်ကို (ဗိုလ်) ဦးအောင်မင်းတို့က မိုက်မိုက်မဲမဲ ဆက်လက်စွဲ ကိုင်ပြီးလုပ်ကြတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်း လက်တွေ့မှာ မအောင်မြင်ခဲ့ဘူးဆိုတာ အခုသက်သေပြခဲ့ပါပြီ။ (ဗိုလ်)ဦးသိန်း စိန် စစ်တပိုင်း ကြံ့ဖွံ့အစိုးရဟာ “ငြိမ်းချမ်းရေး” ရရှိအောင်မလုပ်နိုင်ခဲ့ပါဘူး။

ဒီတော့ တကယ့်ငြိမ်းချမ်းရေးရရှိအောင် (NLD) ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်”ရဲ့ပခုံးပေါ်ကျရောက်လာပါပြီ။ စိန်ခေါ်ချက် လည်းဖြစ်သလို အခွင့်အလန်းလည်းဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူထုရဲ့ကံကြမ္မာလို့လည်းပြောနိုင်ပါလိမ့်မယ်။ ယခင်အစိုးရ အဆက်ဆက် မရရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးကို (NLD) ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” ဟာ ဆောင်ကျဉ်းလာနိုင်မလား။ နောက်တက်မယ့်အစိုးရရဲ့ “ပထမဆုံးတာဝန်ဟာ ငြိမ်းချမ်းရေးတည်ဆောက်ရန်” လို့ အစိုးရသစ်ဖွဲ့မယ့်ပါတီက ၆၈ နှစ် မြောက် လွတ်လပ်ရေးနေ့မှာ ကြေညာပြောဆိုနေပါပြီ။

တကယ့်ငြိမ်းချမ်းရေးနဲ့ဆိုတာ တကယ့်တန်းတူရေး၊တကယ့် ဒီမိုကရေစီရေးတို့နဲ့ ကင်းကွာပြီးမတည်နိုင်ရှိပါဘူး။ တကယ့် ငြိမ်း ချမ်းရေးရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် တကယ့်တန်းတူရေးနဲ့ တကယ့်ဒီမိုကရေစီရေးဆိုတဲ့ကိစ္စတွေဟာ နိုင်ငံရေးအင် အားစုတိုင်းအတွက် တိကျတဲ့အာမခံချက်တွေ ပီပီပြင်ပြင်ခိုင်ခိုင်မာမာရရှိထားဖို့ မုချလိုအပ်ပါတယ်။

ဒီလိုခိုင်မာပီပြင်တဲ့ အာမခံချက်တွေကို ရဖို့ဆိုရင် “၂၀၀၈ အခြေခံဥပဒေ၊ တပ်ငြိမ်းမူ ၆ ရပ်၊ မတရားသင်းဥပဒေ အပါအဝင် အခြား မတရားတဲ့အမိန့်ဥပဒေတွေရဲဘောင်” ဟာ အလွန့်အလွန်ကို ကျဉ်းမြောင်းလွန်းနေပါတယ်။

တကယ့်ငြိမ်းချမ်းရေးဟာ “၂၀၀၈ အခြေခံဥပဒေ၊ တပ်ငြိမ်းမူ ၆ ရပ်” ဘောင်ထဲမှာမတည်ရှိပါဘူး။ အဲဒီဘောင်ထဲကနေ ကြိုးစားလို့ မရရှိနိုင်ပါဘူး။ ဒီလိုမရရှိကြောင်း (ဗိုလ်) ဦးအောင်မင်းတို့ရဲ့ ကြံ့ဖွံ့စစ်တပိုင်းအစိုးရက သက်သေပြသနေပြီ မဟုတ်ပါလား။

“အစိုးရသစ်” (တနည်းအားဖြင့် “စစ်ရိပ်မိုး” အရပ်သားအစိုးရ) ရဲ့ ငြိမ်းချမ်းရေးပေါ်လစီကို အဓိကစိန်ခေါ်နေမယ့် အဓိက အဟန့်အတား ၂ ခု ပဲရှိပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” နဲ့ စစ်တပ်က ကိုင်စွဲထားတဲ့ “တပ်ငြိမ်းမူ ၆ ရပ်” ပဲဖြစ်ပါတယ်။ ငြိမ်းချမ်ရေးရဲ့ကံကြမ္မာဟာ ဒီအရိပ်မည်းကြီး ၂ ခု ကျော်လွှားနိုင်သလား/ မကျော်လွှားနိုင်ဘူးလားဆိုတဲ့အချက်အပေါ်တည်မှီနေပါကြောင်း။

သရုပ်ဖော်ကာတွန်း သီဟ (စခန်းသစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts