စာစုတို မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – ရာပြည့်အတွေးများ

 

မင်းညွန့်လှိုင် – ရာပြည့်အတွေးများ

(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅

ဒီနှစ်ဟာထူးထူးကဲကဲ ရာပြည့်တွေနဲ့ ပြည့်နှက်နေတဲ့

နှစ် တစ်နှစ်ဖြစ်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်

ဒေါ်ခင်မျိုးချစ် ရာပြည့်

လူထုဒေါ်အမာ ရာပြည့်

မြန်မာကာတွန်း ရာပြည့် . . .စသဖြင့်ပေါ့

ဒီအရင်က ထူးထူးခြားခြားဖြတ်သန်းခဲ့ရတာက


မှိုင်းရာပြည့် ၁၉၇၆


အဲဒီနောက်မှာဇော် နဲ့ ဝဏ် တို့ရဲ့ရာပြည့်တွေ

 

လာမယ့် ၂၀၁၆ မှာ ဗိုလ်အောင်ကျော် ရာပြည့်

ပြီးရင် ၂၀၁၉ မှာ ဒဂုန်တာရာ ရာပြည့်

စတာတွေကို မလွဲမသွေ ဖြတ်သန်းရပါဦးမယ်

ဒီ ရာပြည့် အစဉ်ကြီးတွေကို

ပြန်ကြည့် ပြန်တွေးရင်

အမျိုးသားလွတ်မြောက်ရေး ခရီးစဉ်ကြီးကို

ထင်းထင်းကြီးမြင်ကြရပါမယ်

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသည်


ဒီဝါကျတစ်ကြောင်းရေးနိုင်ဖို့

အမျိုးသားစာဆိုကြီး မဟာမှိုင်းဟာ

စာပေလက်နက် လူထုလှုပ်ရှားမှုလက်နက်တွေနဲ့

နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ် အဖြစ်

နှစ်ပေါင်း များစွာကတည်းက

ကြိုတင် စည်းရုံးစုစည်းကာနေခဲ့ရတာပါ

 

မှိုင်းရဲ့ နောက်မှာတော့

ဇော် နဲ့ ဝဏ်တို့ရဲ့ ဝံသာနုအခြေခံ ခေတ်စမ်းစာပေလှုပ်ရှားမှု

ကြီးကျယ်တဲ့ ကြယ်ပွင့်ကြီး ဒဂုန်တာရာတို့ရဲ့

လူတန်းစားအတွေး အခြေပြု စာပေသစ်လှုပ်ရှားမှုတို့ဟာ

ထင်လင်းတဲ့မှတ်တိုင်တွေပါပဲ

 

ဆရာမကြီးဒေါ်ခင်မျိုးချစ် ဆရာမကြီးလူထုဒေါ်အမာတို့လို

လေးစားအပ်တဲ့ အမျိုးသမီးကြီးတွေရဲ့

စွမ်းဆောင်မှုတွေကလည်း လေးစားဘွယ်ကောင်းလှပါတယ်

ဆရာမကြီးတွေက အမျိုးသမီးအခွင့်အရေးတွေ ဘာတွေ

မတွေးခဲ့ မရေးခဲ့ကြပဲ

သစ်တစ်ပင်ကို မငဲ့ကွက်ပဲ

သစ်တောကြီးအရေးကိုပဲ တွေးခဲ့ကြတာ

မောင်တစ်ထမ်း မယ်တစ်ရွက်‘ အတွေးအခေါ်နဲ့

ပါဝင်ခဲ့ကြတာကိုလည်း သတိပြုစရာပါ

 

ဆရာကြီးမှိုင်းရဲ့ ရာဇဝင်ကျမ်းကို ကျောင်းမှာသင်

ဆရာကြီးရဲ့ စာတွေနဲ့ ကြီးပြင်း

ဆရာကြီး ဦးစီးတဲ့အဖွဲ့တွေမှာ ပါဝင်လှုပ်ရှား

ဆရာကြီးရဲ့ အဆူအဆဲကို ခံယူခဲ့ကြတဲ့

ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေကတော့

နေသိ လသိ ကြယ်ပွင့်တွေပါပဲ

 

ကြေကွဲစရာကောင်းတဲ့အချက်အလက်ကတော့

ဆရာကြီးမှိုင်းနဲ့ အမျိုးသားစာဆိုကြီးတွေ လိုလားတဲ့

အမျိုးသားညီညွတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး နဲ့

ပြည်သူ့အာဏာ ပိုင်စိုးရေး ရည်မှန်းချက်များကတော့

ဒီနေ့အထိ ပြည့်ဝမလာခဲ့ပါဘူး

 

ငယ်ရွယ်နုပျိုပြီး စိတ်လိုက်မာန်ပါပြောဆိုတတ်တဲ့

အမျိုးသားခေါင်းဆောင်ဟာလည်း

လက်ဝဲညီညွတ်ရေး တည်ဆောက်ဖို့ စိတ်ကူးစိတ်သန်းကို

အကောင်အထည်မဖော်နိုင်ခင်မှာ ကျဆုံးခဲ့ရရှာပါတယ်

 

ကျွန်တော်တို့တတွေဟာ

လွန်ခဲ့တဲ့နှစ်တစ်ရာက စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို

ခံစား စံစားနေကြပါတယ်


နောင်လာမယ့်အနှစ်တစ်ရာအတွက်

သစ်ကောင်းတစ်ပင်ကို စိုက်ကြ ပျိုးကြရပါဦးမယ်

 

ကျွန်တော်တို့တတွေဟာ

မလိုချင်တဲ့ရာပြည့်တွေကိုလည်း ရခဲ့ကြရပါတယ်


အချုပ်အခြာအာဏာဆုံရှုံးမှုရဲ့သင်္ကေတ

ပါတော်မူရာပြည့်မျိုးပေါ့

 

လွတ်လပ်ရေးရဲ့ ဖွားဘက်တော်အဖြစ်

မလိုချင်ပဲရခဲ့တဲ့ ဘေးထွက် ဆိုးကျိုးကြီးဖြစ်တဲ့

ပြည်တွင်းစစ် မီးတောက်မီးလျှံကြီးကိုတော့

အနှစ်တစ်ရာပြည့်အောင် သက်ဆိုးမရှည်စေလိုကြောင်း

ဆန္ဒပြုလိုက်ရကြောင်းပါဗျား

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts