ကဗျာ

အေအမ်တီ – ညကို “စကင်” ဖတ်ခြင်း

အေအမ်တီ – ညကို “စကင်” ဖတ်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅

ကမ္ဘာဦးလည်း ကမ္ဘာဦးမို့
နှစ်ဆယ့်တစ်ရာစုလည်း နှစ်ဆယ့်တစ်ရာစုမို့
တောရိုင်းကြီးဝါဒအကြောင်းပြောသူတွေ
တောထနေသလောက်
အရိပ်စိုက်ပျိုးသူရှားပါးလှတယ်
တညပြီးတည
ဘ၀ကို စကင်*ဖတ်ကြည့်မိတော့
“လ” သီးတဲ့အပင်ဆိုလို့
ကျနော့်ကိုမိုးပြီး လွှဲလွှဲသိပ်ခဲ့တဲ့
အမေ့ကိုပဲမြင်ယောင်မိတယ်
အမိုးအကာ၊ နေရာထိုင်ခင်း
အစားအစာ၊ ကျန်းမာရေး
ရှေ့ရေး၊ နောက်ရေး
အို … တပင်လုံးခဲနေအောင်
လမင်းကြီးတွေ သီးဝေနေပါလား
ကျနော်တို့ကလည်း ကျနော်တို့ပဲလေ
ကမ္ဘာကြီးက ကွယ်ထားမှ
လမင်းကို ပိုလို့တမ်းတတတ်ကြတယ် မဟုတ်လား
ဒီည ရှူရှိုက်သွင်းမိသမျှ
အဲဒီမြို့ရောက်ရောက်ခြင်း
“ငါ့အဆုတ်ငါပြန်ယူမယ်” ဆိုတာပါပဲ
ဒီလိုနဲ့ …
ဟောဒီခေါင်းမြီးခြုံလေးနဲ့
အမေ့ဘုရားရှိခိုးသံအကြား
လဘယ်နှစ်ခါပြည့်လို့
လဘယ်နှစ်ခါကွယ်နေဦးမလဲမသိ။    ။

 *စကင်ဖတ်ခြင်း – ကွန်ပျူတာသုံးစကားလုံး
Scan – စိတ်ဝင်တစားကြည့်ရှုခြင်း၊ ဟိုကြည့်ဒီကြည့်လုပ်ခြင်း

illustration : Toni Demuro

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts