ပညာရေး နှင့် ဘကြီးမိုး
(ဘကြီးမိုး။ ကုမုဒြာသတင်းဂျာနယ်)၊ မိုးမခ။ ဒီဇင်ဘာလ ၂၃၊ ၂၀၁၅
ဘကြီးမိုးတို့ တက္ကသိုလ်ရောက်ခဲ့ပေမဲ့ ဘာဘွဲ့မှ မရခဲ့ပါဘူး။ ဒါပေမဲ့ စာတွေ တအားကြီးဖတ်ပြီး စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာသမားတယောက်တော့ ဖြစ်ခဲ့ပါတယ်။ သားကြီးနဲ့ သမီးလတ် ဘွဲ့တွေရပေမဲ့ ဘာဖြစ်လို့လဲ မသိဘူးခင်ဗျ၊ ဘွဲ့ရ စာမတတ် ဖြစ်ရရှာပါတယ်။ အကြီးနှစ်ယောက်ထက် ၁၀ နှစ်ငယ်တဲ့ သားငယ်ကတော့ စာတတ်ရှာပါတယ်။ စာဖတ်ရှာပါတယ်။ မြေးမလည်း ဘွဲ့ရ၊အလုပ်ရ ဖြစ်နေပါပြီ။
ပညာရေးစနစ်ကြီး မကောင်းဘူး မကောင်းဘူးလို့ အားလုံးက ပြောကြတယ်။ ဘကြီးမိုးလည်း ဥာဏ်မှီသမျှ ပညာရေးစနစ် ဘယ်အချိန်က မကောင်းခဲ့တာလဲ၊ ဘာကြောင့် မကောင်းတာလဲဆိုတာကို စဉ်းစားကြည့်မိပါတယ်။
အားမနာတမ်းပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင်များလက်ထက်ကစပြီး ပညာရေးစနစ်ဟာ ပျက်စီး အားနည်း ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ သဘောသဘာဝက အမိန့်ပေးခြင်းနဲ့ အမိန့်နာခံခြင်း နှစ်မျိုးသာ အလေ့အကျင့်လုပ်ထားခဲ့လို့ပါပဲ။ သူတို့ရဲ့ ဆောင်ပုဒ်ကိုပဲကြည့်လေ၊ ` ရေဘူးပေါက်တာမပေါက်တာ အရေးမကြီးဘူး။ရေပါဖို့ပဲ လိုတယ် ´ တဲ့။ စစ်အုပ်ချုပ်ရေးမှာ အမိန့်ပေးစနစ်ပဲရှိတယ်။ အမိန့်နာခံခြင်းပဲ ရှိတယ်။ အဲသည်စနစ်နဲ့ ပညာရေးမှာ သုံးလိုက်တော့ အလွတ်ကျက် ပညာရေး သင်တဲ့အတိုင်းပဲဖြေ၊ ငှက်ငါးကောင်ဆိုရင် ဆရာမသင်ထားတဲ့ ငှက်ငါးကောင်ကလွဲပြီး ဖြေရင် အမှတ်မရဘူးဆိုတာအထိဖြစ်လာတယ်။ ဆရာ ဆရာမတွေကလည်း အလွတ်ကျက်၊သင်တဲ့အတိုင်း ဖြေဆိုပြီး လုပ်ရာက ပညာရေးစနစ်ကြီး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
ဘကြီးမိုးတို့ ငယ်ငယ်က အထက်တန်းအထိ ဆရာ ဆရာမတွေကို teach သင်ကြားတဲ့ Teacher ဆရာ၊ ဆရာမတွေလို့ ခေါ်ရပါတယ်။ အဲ တက္ကသိုလ်ရောက်တဲ့ ဆရာ ဆရာမတွေကို လက်ချာရာ လို့ ခေါ်ပါတယ်။ တက္ကသိုလ်က ဆရာ ဆရာမဆိုတာ သင်တာမဟုတ်တော့။ စာကို ရှင်းပြတဲ့၊ လက်ချာပေးတဲ့ ဆရာ ဆရာမတွေပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ပညာမှာ ပြဋ္ဌာန်းစာအုပ်သာ ဖတ်လို့ အမှတ်မရပါဘူး။ တခြား တခြား စာအုပ်တွေပါ ဖတ်နိုင် လေ့လာနိုင်မှ အမှတ်ရတာ ဖြစ်ပါတယ်။ အဲဒါပညာဖြစ်ပါတယ်။
တကယ့် တကယ်တော့ ဘကြီးမိုးတို့ရဲ့ ဗုဒ္ဓဘာသာမှာ တိတိလင်းလင်း ရှင်းပြထားပြီး ဖြစ်ပါတယ်။ သိမှတ်ထားတာတွေက သညာတဲ့၊ထိုးသွင်းသိမြင်မှ ပညာလို့ ဆိုတာကိုး။ စဉ်းစားတာ ၊တွေးခေါ်တာ၊ ထိုးထွင်း သိမြင်တာကိုမှ ပညာလို့ သတ်မှတ်တာလေ။ အဲသည်လို စဉ်းစားဖို့ ၊ထိုးထွင်း သိမြင်ဖို့ဆိုတာ မေးမြန်းစူးစမ်းမှု ပြုရပါတယ်။ နိုင်ငံတကာပညာသင်ကြားရေးမှာ ကလေးသူငယ်များရဲ့ အရည်အသွေးတိုးတက်မှုဟာ သိလိုစိတ်၊ စူးစမ်းလိုစိတ်နဲ့ မေးခွန်းမေးခြင်းပဲ ဖြစ်ပါတယ်။
ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ ပညာရေး ပျက်စီးခဲ့ခြင်း အကြောင်းတရားက မေးခွန်းမေးတာ မကြိုက်ဘဲ အမိန့်ပေး အလွတ်ကျက် ပညာရေး ဖြစ်သွားလို့ပါပဲ။ စာမေးပွဲစနစ် အမှတ်စနစ်ကလည်း ပညာရေးကို နိမ့်ကျစေခဲ့ခြင်း ဖြစ်ပါတယ်။တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာမှာ ခြောက်ဘာသာမှ ဂုဏ်ထူးမရရင် ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်း၊ ရေကြောင်းတက္ကသိုလ်ဝင်ခွင့် မရနိုင်တော့ဘူးလေ။
ဆေးကျောင်းဆိုလို့ ပြောရဦးမယ်။ ဘကြီးမိုးရဲ့ မိတ်ဆွေတဦးသားဟာ ၁၀ တန်းမှာ ဘာသာစုံဂုဏ်ထူးရလို့ ဆေးတက္ကသိုလ်ကိုတက်ပြီး ပညာသင်ကြားစေပါတယ်။ မိဘက လူလတ်တန်းစား ဖြစ်လို့ သားလေး ဆရာဝန် ဖြစ်ဖို့အရေး ကြိုးစားပြီး ဆေးတက္ကသိုလ် ပို့ခဲ့တာ ဖြစ်ပါတယ်။ဆရာဝန်ဘွဲ့ရဖို့ ခုနစ်နှစ် ကြာပါတယ်။ ဆရာဝန်ဖြစ်ပြီးတော့ M.B.B.S ဘွဲ့ရပါတယ်။ အစိုးရဆေးရုံမှာ အပြင်မှာ G.P ဆိုတဲ့ ဆေးကုခန်းဖွင့်ဖို့ဆိုတာ မိဘတာဝန် ဖြစ်ပြန်ရော။ အဲသည်လို ရပ်ငယ်ရွာငယ် မြို့စွန်က ဆေးခန်းမှာလည်း လူသိပ်မလာဘူးခင်ဗျ။ မြို့ကြီးပြကြီးမှာလည်း M.B.B.S ဆရာဝန်ဆိုတာ သုံးစားလို့မရပါဘူး။ အထူးကုပါရဂူဆေးခန်းတွေမှာ တန်းစီနေကြတာလေ။ သည်တော့ ဆရာဝန်ပေါက်စ ဖြစ်ဖို့အရေး ခုနစ်နှစ်ပညာတွေသင်ရ၊မိဘတွေ ပိုက်ဆံတွေ အများကြီးကုန်ရ၊ ကလေးကလည်း စာကို အင်မတန် ကြိုးစားခဲ့ရပေမဲ့ ဆရာဝန်ဘွဲ့ ရလာတော့ ဘာမှ သုံးစားလို့ မရတဲ့အဖြစ်နဲ့ ကြုံတွေ့ရရှာပါတယ်။
ဒါ သည်နေ့ ပညာရေးစနစ်ပါပဲ။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ဆိုရင် အခြေခံအားဖြင့် အလွတ်ကျက် အမိန့်ပေး ပညာသင်ကြားရေးစနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
ဒါထက် အကြောင်းကြောင်းကြောင့် အထက်တန်း ၊တက္ကသိုလ်များ ရောက်ရှိပြီး သူများကိုလည်း ခေတ်မီတဲ့ပညာရေးစနစ်နဲ့ လိုက်လျောညီထွေတဲ့ပညာရေး တိုးတက် မြင့်မားရေးကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ပညာရေးအကြောင်းကတော့ ပြောစရာတွေက အများကြီး ဖြစ်ပါတယ်။
အခုတပတ်တော့
ပညာရေးနှင့် ဘကြီးမိုးပါ။
ဆေးတို့ အင်ဂျင်နီယာတို့က အမှတ်မြင့်ဆို အမှတ်များတဲ့သူတွေက အဲ့ကျောင်းတက်ချင်နေတာကိုး။သူတို့တွေမတက်တော့ရင် အမှတ်စနစ်က သူ့ဟာသူ ပျက်သွားမှာပဲဥစ္စာ။