သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – မဖြစ်မနေ ပြောရမယ့် ခြင်ထောင်ခန်းများ (သိကြသလားဟေ့.. Date Rape)

ငြိမ်းချမ်းအေး – မဖြစ်မနေ ပြောရမယ့် ခြင်ထောင်ခန်းများ (သိကြသလားဟေ့.. Date Rape)

(မိုးမခမဂ္ဂဇင်း၊ ဒီဇင်ဘာထုတ်) ဒီဇင်ဘာ ၁၉၊ ၂၀၁၅

အသက် ၁၈ နှစ် ပြည့်ပြီး အရွယ်ရောက်သူ၊ စိတ်ကျန်းမာရေး ပြည့်စုံသူ၊ အိမ်ထောင်မရှိသူ နှစ်ဦး ‘အလိုတူရင်’ လိင်ဆက်ဆံခွင့်၊ အတူနေခွင့်ဆိုတဲ့ လူသားအခွင့်အရေး ဆွေးနွေးမှုကို အခြေခံပြီး လူ့အဖွဲ့အစည်းမှာ ပြောဖို့လိုနေတဲ့ ဆက်စပ်အကြောင်းအရာကြီးမျာကို ဒီဆောင်းပါးမှာ အနည်းငယ် ချဉ်းကပ်ကြည့်ရအောင်ပါ။

■ နှစ်ဦးသဘော တကယ်ဟုတ်ပါရဲ့လား

တကယ်တော့ ‘နှစ်ဦးသဘောတူ’ ဆိုတာမှာ ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်။

အရွယ်ရောက်သူ လူနှစ်ဦး သဘောတူ တွေ့ဆုံရာက တဆင့်တက် လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှု ဖြစ်ကြတဲ့ ဖြစ်စဉ်မှာ အမျိုးသားဘက်က အတွင်းသဘောမှာ ကြိုတင်ကြံစည်မှု ရှိနိုင်ကောင်းတယ်ဆိုတဲ့ အချက်ကြီးကို လူအများ ထည့်မတွက်တတ်ကြပါဘူး။  ဒီလိုမျိုး တင်ကြိုရည်ရွယ်ချက်ရှိရှိနဲ့  ဖြစ်သွားမှုမျိုးကို ‘Date Rape’ လို့ ခေါ်ဆိုနိုင်ပါတယ်။  ဒါဟာ အဓမ္မ အကြမ်းဖက် ကာမလုယူမှု/မုဒိမ်းမှု ‘Rape’ လို မမြင်သာ မထင်သာဘဲ နောက်ကွယ်မှာ  မိန်းကလေးအများစု ခံနေရပါတယ်။  အသက်ပြည့်ပြီး လူငယ်ရည်းစား ချစ်သူ စုံတွဲ အများစု ‘ဖြစ်’ ချိန်မှာ ‘အလိုတူ’ ချည်းပါပဲ။

ဒါပေမဲ့ အဲ့ဒီ ‘အလိုတူ’ ဆိုတဲ့ အဆင့်ရောက်အောင် ကျုံသွင်းယူခံခဲ့ရတာ များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲမှု ‘Emotional Blackmail’ လုပ်ခံရတာပါ။  ‘ချစ်လို့ပါ..’၊ ‘တကယ်မချစ်ဘူးလား..’ စကားလုံးတွေရဲ့ အင်အားမှာ၊ ချစ်ခြင်း မေတ္တာနဲ့ သဘာဝ လိင်စိတ်က မိန်းကလေးတွေကို ထောင်ချောက်ထဲ ဆွဲသွင်းပါတယ်။

ဒါကို ‘ကျား’ တွေ ကျွမ်းကျင်တယ်။  ကျနော်ကိုယ်နှိုက်လည်း ကျွမ်းကျင်ပါတယ်။   ကျနော်တို့ လူငယ်ချင်း အပြောင်အပြက် သုံးတဲ့ အင်္ဂလိပ် ဗန်းစကား တခု ရှိပါတယ်။  “Building his points to get jiggy jiggy” ဆိုပြီး  ရည်းစားကို ပုံမှန်ထက်လွန် ဂရုစိုက်ပြနေတဲ့ သူငယ်ချင်း ယောက်ျားလေးတွေကို နောက်တတ်ပါတယ်။  ဒီသဘောက အတိုင်းအတာတခုအထိ မှန်ပါတယ်။  ဒါတွေအားလုံးရဲ့ အဆုံးသတ်မှာ ‘Date Rape’ သတ်မှတ်နိုင်တဲ့ လက္ခဏာတချို့ ရှိပါတယ်။

■ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

‘Date Rape’ မှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ထိခိုက်မှု ‘Psychological Trauma ‘ ရမှုက ‘Aftermath’ နောက်ဆက်တွဲ ကိစ္စပါ။  ချစ်ခြင်း (သို့မဟုတ်) ယုံကြည်ခြင်း အခြေတည်ဖြစ်ခဲ့ချိန်မှာ ‘အလိုတူ’ တယ်၊ အများစုလည်း စိတ်ပျော်ရွှင်ချမ်းသာမှုနဲ့ ‘ကာမသုခ’ ရကြတာချည်းပါပဲ။  ဒါပေမဲ့ ဒီ ချစ်ခြင်း၊ ယုံကြည်ခြင်းကို နောက်ပိုင်း အလွဲသုံးစား လုပ်ခံရချိန်၊ ကာမလိုအင် လိုက်လျောအပြီး ပစ်ခွာခံရချိန်မှာ နောင်ပိုင်းမှာ မိန်းကလေးများ ကြီးမားတဲ့ စိတ်ဒဏ်ရာ ရကြရပါတယ်။  ဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆို ကိုယ့်ဘာသာကိုယ်ပါ ရွံရှာစက်ဆုပ်  တန်ဖိုးမထားနိုင် အထိ ဖြစ်တတ်ကြတယ်။  အဲဒီလို ခံစားချက်က အဆိုးဘဝအခြေအနေတွေကို တွန်းပို့ပေးစေပါတယ်။

Date Rape မှာ နောက်အများစု ဖြစ်ကြတာကတော့ နှစ်ဦးကြား အတိုင်းအတာ တခုအထိ ရင်းနှီးမှု၊ ယုံကြည်မှု၊ ချစ်ခြင်း မေတ္တာရှိမယ်၊ ဒါပေမဲ့ ဖြစ်တဲ့အချိန်မှာတော့ ယုံကြည်မှု၊ ချစ်ခြင်းထက် ‘ကျား’ ဘက်က အရက်၊ မူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ ဖြားယောင်းခဲ့လို့ ‘မ’ က ပါသွားခြင်းမျိုးပါရခြင်းပါ၊ ဒါကတော့ တုံ့ပြန် ခံစားရမှုက ပို ပြင်း ပို မြန် ပိုသိသာပါတယ်၊  မိန်းကလေးကိုယ်တိုင်လည်း အလိုမတူဘဲ ကာမ အယူခံလိုက်ရတယ် ဆိုတဲ့ အသိရမှု မြန်ပါတယ်။  ပထမ ချစ်ခြင်းမေတ္တာကို လုံးလုံး အရင်းခံတဲ့ ဖြစ်စဉ်မျိးမှကျ ‘Date Rape’ ဖြစ်တယ်ဆိုတဲ့ ရင်းခံအကြောင်းကို အမျိုးသမီးဘက်က အမှန်မြင်လာနိုင်မှု အချိန်ကြာတတ်ပါတယ်။

■ ဘက်ပေါင်းစုံက စဉ်းစားပါ

ကျနော့်လောက် အရွယ်ရောက်ပြီး ချစ်သူချင်းအတူနေယဉ်ကျေးမှုကို လက်ခံတာ မရှိပါ။  အတူနေနေကြောင်း ရှေ့နောက်ဝဲယာ ခုနှစ်အိမ်ကြား အရပ်သိရုံနဲ့ လက်ထပ်ခြင်း လူမှုထုံးမြောက်၊ တရားလည်းဝင်နေတဲ့ မြန်မာ့ရိုးရာ ပုဆိုးတန်းတင် အကြင်လင်မယား လက်ထပ်ခြင်း က ‘Living Together’ ပါ၊ လွတ်လပ်မှုကို မြတ်နိုးလှတဲ့ မြန်မာတွေ လက်ထပ်ဖို့ ဘာလူလုပ် အစိုးရဥပဒေ၊ ဘုန်းကြီးလုပ် ဥပဒေ၊ ဘာသာရေး အသိအမှတ်ပြုမှုနဲ့ ဘာအခမ်းအနားမှ မလိုပါ ဆိုပြီး တစိုက်မတ်မတ် တယောက်တည်း စာတွေရေးအော်လာခဲ့သူပါ။

ဒါပေမဲ့ လက်မထပ်မီအတူနေခြင်း (Living Together Before Marriage) တို့၊ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်း (Premarital Sex) တို့လို အကြောင်းအရာကြီးမျိုးမှာ အိမ်ထောင်မရှိ အသက်ပြည့်သူ နှစ်ဦး ‘အလိုတူ’ ရင် ရတယ် ဆိုတဲ့ အပေါ်ယံသဘောသက်သက် စဉ်းစားလို့မရပါဘူး၊ အခြားထည့်သွင်းစဉ်းစားရမယ့် အချက်တွေ၊ နောက်ခံကားချပ်၊ နောက်ဆက်တွဲ ပြဿနာ  ‘Pre-condition Post-condition’ အခြေအနေတွေ၊ ရိုက်ခတ်မှုတွေ အများကြီးဆိုတာကို လူအများကို မြင်စေချင်ပါတယ်။

ဒီလိုအငြင်းပွားဖွယ် အကြောင်းအရာတွေအတွက် လူမှု၊ ကျန်းမာ၊ စိတ်ပညာ၊ ရာဇဝတ်မှု၊ ဥပဒေ၊ လူမှုရေးစံသတ်မှတ်ချက်၊ ကျား-မ လိင် ဘက်လိုက်မှု၊ ခွဲခြားမှု၊ ‘ကျား’ ဆိုတမျိုး ‘မ’ ဆိုတဖုံ သတ်မှတ်လိုကြတဲ့ ‘Double Standard’ စံနှစ်မျိုးထားမှုနဲ့ အတွေးအခေါ် ‘Philosophy’၊ ကျင့်ဝတ်သီလ ‘Moral’ ‘Ethical’ အဆင့် အထိ အစရှိတဲ့ ကဏ္ဍစုံကို ချဲ့ထွင် ကျနော်တို့ စဉ်းစားဖို့ မဖြစ်မနေလိုနေပါတယ်။  ဒီအကြောင်းတွေကို အသံကျယ်ကျယ်ထွက်ပြီး လူအများကို၊ အထူးသဖြင့် လူငယ်တွေကို အသိအမြင်ရေချိန် မြှင့်တင်ပေးဖို့လည်း အရေးတကြီးလိုနေပါတယ်။

■ ပြောကိုပြောရမယ့် ခြင်ထောင်ခန်း ဆက်စပ်များ

ကျနော်တို့ဟာ ပေါင်ကြားကိစ္စတွေ၊ ခြင်ထောင်ထဲကိစ္စတွေကို စင်ပေါ်တင်ဆွေးနွေးဖို့ လိုပါတယ်။  ဘာကြောင့်ဆို မမြင်အပ်၊ မကြားအပ် ရှေးရိုးစွဲ သတ်မှတ်ချက်တွေ ကြားမှာ လူငယ်တွေ (ကျား + မ) ၊ ကလေးငယ်တွေ အပါအဝင် အားလုံးဟာ လက်တွေ့ဘဝ မှာ ဆိုးကျိုးဆက်များခံစားနေရလို့ပါပဲ။  လိင်ကိစ္စမို့ မပြောအပ်၊ မဆိုအပ်ဆိုပြီး လူ့အဖွဲ့အစည်းရဲ့ နောက်ဖေးချောင်ကို ပို့ထားရင် လိင်ပိုင်းဆိုင်ရာ ဆက်စပ် ရာဇဝတ်မှု၊ ကျန်းမာရေး ယိုယွင်းမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစား ပျက်ယွင်းမှုတွေ၊ အကျင့်စာရိတ္တ ပျက်စီးမှုတွေဟာ နောက်ကွယ်မှာ တိုးပွား အမြစ်တွယ်နေမှာသာ ဖြစ်ပါတယ်။  အိုင်းအနာ ပြည်ပုပ်ကို အအောင်းမခံဘဲ ဖောက်ထုတ်မှသာ အနာဂတ်မှာ လူသားဂုဏ်ရည်မြင့်၊ အကျင့်စာရိတ္တ မြင့်မာ အမှန်တကယ် ကာယ၊ စိတ္တ ကျန်းမာချမ်းသာ တိုးတက်ကြီးပွားနိုင်ပါမယ်။

တိုင်းပြည်မှာ တရားမျှတတဲ့ ဥပဒေပြုရေးတွေဖြစ်ဖို့၊ တရားဥပဒေအောက်မှာ လူတိုင်း အကာအကွယ်ပြည့်ပြည့်ဝဝ ရဖို့ အတွက်လည်း လူမှုကိစ္စ အရှုပ်အထွေးတွေ၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်စဉ်းစားနိုင်ရပါမယ်။  လူမှု စံသတ်မှတ်ချက် အမှားတွေ၊ ဥပဒေ မတရားမှုတွေကို ထောက်ပြ ပြင်၊ အားနည်းချက်တွေ ဖြည့်ဆည်းနိုင်ရပါမယ်။  ဒီလို အပြုသဘောဆောင်အလုပ်ဖြစ်တဲ့၊ အမြင်ကျယ် ခေတ်မီတဲ့ အတွေးအခေါ် အလုပ်တွေနဲ့သာ ကျနော်တို့ လူ့အဖွဲ့အစည်းကို ပိုမိုသာယာ ငြိမ်းချမ်း ညီညွတ် မျှတတဲ့ စနစ် လူ့ဘောင်အဖြစ် အနာဂတ်မှာ မြှင့်တင်နိုင်ကာ မျိုးဆက်သစ်ကို အမွေကောင်း၊ တိုင်းပြည်ကောင်း၊ စနစ်ကောင်းတခု ချန်ထားနိုင်မှာ ဖြစ်ပါတယ်။

■ ဖြည့်စွက်ပြင်ဆင် စဉ်းစားသုံးသပ်ရမယ့် ဥပဒေများ

ဥပမာ —  ဥပဒေပြုမှုတွေမှာ ဆိုရင် အရင် တိုင်းပြည်မှာ မဟာဖိုဝါဒ ယောက်ျား အသားပေးစနစ်အရ လင်ပြိုင် (Polyandry) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားခဲ့ပြီး မယားပြိုင် (Polygyny) ထားမှုအပေါ် ဥပဒေ အရ ခွင့်ပြုထားတာကို ပယ်ဖျက်ခြင်း လို ဥပဒေမျိုးတွေမှာ တော်တည့်မှန်ကန် မျှတတဲ့ နောက်ဆက်တွဲ ဖြည့်စွက်မှု၊ လက်တွေ့ကျ အသုံးဝင် အသုံးတည့်အောင်လုပ်မှုမျိုးတွေ အတွက် ကျနော်တို့ လေ့လာသုံးသပ်အသံထွက်ရပါမယ်။  အငယ်အနှောင်း၊ အပျော်၊ ခဏတာ လိင်အမြတ်ထုတ်မှု အားလုံး အတွက် လိုအပ်တဲ့ အကာအကွယ်ပေးမှု၊ ကလေးမွေးလာခဲ့ရင် စောင့်ရှောက်ခံရမှုတွေမှာ လစ်ဟာချက်တွေကို ဖြည့်ဆည်းဖို့ဆိုရပါမယ်။

ကျနော်ဟာ မြန်မာပြည်လိုပဲ မဟာပုရိသကျားကြီးများ စိုးမိုးရာ (Men World) လက်တင်အမေရိကားက လူများနဲ့  လက်မထပ်ဘဲအတူနေယဉ်ကျေးမှုဆက်စပ် အကြောင်းအရာတွေ အများအပြား ဆွေးနွေးဖူးခဲ့ပါတယ်။  သူတို့ဆီက တချို့နိုင်ငံတွေ၊ ဥပမာ – ကိုလံဘီယာနိုင်ငံမှာဆိုရင် လက်ထပ်ခြင်းပြင်ပ အတူနေမှုတွေမှာ ကျားများ တာဝန်မဲ့မှုတွေ မဖြစ်အောင် ထိုက်သင့်တဲ့ တာဝန်ယူမှုတွေ ပြုဖို့ အတင်းအကျပ် ဥပဒေပြဋ္ဌာန်းထားမှုတွေ ရှိပါတယ်။  ကိုယ့်ဆီမှာလည်း ကမ္ဘာကို လေ့လာ သင်ခန်းစာယူပြီး ဥပဒေတွေကို တရားမျှတမှုဘက် အနီးစပ်ဆုံး ရောက်အောင် စွမ်းဆောင်ရပါမယ်။

■ ဘာသာရေးခေါင်းဆောင်များရဲ့ ကဏ္ဍနဲ့ ဝေဖန်ခွင့်

ဒီလို ကိစ္စတွေမှာ ဘာသာရေးအမြင်တခုပဲ ဇောင်းပေးချင်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဗလီဆရာတွေ၊ ဝင်ရောက် ကြိုးကိုင် ခြယ်လှယ်ခွင့် မရဖို့ကိုလည်း သတိပြုရပါမယ်။  ကျင့်ဝတ်သီလ နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ‘Moral Authority’ ရှိသူ ဘာသာရေးခေါင်းဆောင်ပိုင်းရဲ့ သီးသန့် အမြင် သဘောထားကို တည်ရှိ ထုတ်ဖော်ခွင့်လည်း ပေးရပါ့မယ်။  အဲဒီအာဘော်ကို မနှစ်သက်သူက လွတ်လွတ်လပ်လပ် ပြန်လည် ဝေဖန်သုံးသပ်ခွင့်လည်း ရှိရပါမယ်။  အကြောင်းအရာတွေက အမုန်းမပွားရင်၊ သူတပါး လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ လိင်၊ လိင်တိမ်းညွတ်မှု မတူကွဲပြားသူ အုပ်စုတခုခုကို မထိခိုက် မနစ်နာရင် ဘုန်းကြီးအပါအဝင် နိုင်ငံသားတိုင်း၊ လူတိုင်းဟာ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့်ရှိပါတယ်။

■ Secular တိုင်းပြည် စနစ် ‘စစ်စစ်’ သည်သာ အနာဂတ်အတွက် အဖြေမှန်

ဒါပေမယ့် ဘာသာရေးဆက်စပ် အလုပ်တွေ၊ ဥပဒေတွေ၊ ထုံးတမ်းစဉ်လာတွေကို နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး တိုင်းပြည် အုတ်မြစ် ကဏ္ဍတွေမှာ သွတ်သွင်းကာ ဘာသာရေးခေါင်းဆောင်များ အလွန်အမင်း သြဇာလွှမ်းမိုး စွက်ဖက်ခြင်းမျိုးကိုတော့ အမြဲမပြတ် ဆန့်ကျင် ကန့်ကွက်ရမှာလည်းဖြစ်ပါတယ်။   ဒါမှသာ ခေတ်သစ်မှာ ဘာသာရေးကို တလွဲအသုံးချထားတဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကင်းပြီး၊ တပါတည်း မတူကွဲပြား လူမျိုးစုံ၊ ဘာသာစုံ မှီတင်းနေထိုင်ရာ ပြည်ထောင်စု တိုင်းပြည်မှာ မညီမျှမှုတွေ၊ အစွဲတွေ၊ ခွဲခြားမှုတွေ၊ အမုန်းတွေပျောက်နိုင်မှာ ဖြစ်ပါတယ်။  ဒီနည်းအားဖြင့်သာ ယဉ်ကျေးမှု ပေါင်းစုံ ထွန်းကားရှင်သန်ရာ ‘Secular Pluralistic Democratic’ တိုင်းပြည်၊ ဘာသာရေးလွှမ်းမိုးမှုမဲ့ ဗဟုယဉ်ကျေးမှု ဒီမိုကရေစီရေချိန်မြင့် လူ့ဘောင်စနစ်တခုကို တည်ထောင်နိုင်မှာပါ။  ပန်းပေါင်းစုံလင် ပွင့်လန်း၊ အတွေးအခေါ်၊ အယူဝါဒစုံ ထွန်းကား သမမျှတ ဗဟုလောကသည်သာ ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များထွန်းကားရာ၊ စည်းစိမ် ချမ်းသာတည်ရာ လောကနိဗ္ဗာန် ဧကန် ဖြစ်နိုင်ပါတယ်။

■ အတွေးအခေါ်ပူဖောင်းများ မြင့်ဖို့ လေ့လာသုံးသပ် စဉ်းစားဆင်ခြင်ကြစို့

ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်များအပေါ် တုံ့ပြန်ပုံ၊ စဉ်းစားပုံတွေကို ခေတ်သစ်မှာ လူအများအသုံးပြုကြတဲ့ ‘Facebook Trend – Online Social Media’ သက်သက် ကွက်ကြည့်ရင်တော့ အပေါ်ယံ သိပ်ဆန်တတ်ကြပါတယ်။   ဒီလို ကိစ္စရပ်တွေကို ပြင်ပမြေပြင်နဲ့ မီဒီယာတွေပေါ်မှာလည်း ဆွေးနွေးငြင်းခုံမှုတွေ၊ စာနယ်ဇင်း ဖော်ထုတ်တင်ဆက်မှုတွေလည်း အခုထက်ပို ကျယ်ပြန့် များပြားဖို့လိုနေသေးပါတယ်။

သိပ်မကြာသေးခင်တုန်းက ခရစ်ယာန် ကက်သိုလစ် ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးက ကိုယ်ဝန်ဖျက်ချမှုကို ခွင့်လွှတ်မယ် ဆိုပြီး ဘုရားကျောင်တော်ရဲ့ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးမှု အပြောင်းအလဲ ပြုလိုက်ပါတယ်။  ကျနော်တို့ဆီက ဘာသာရေး အယူဝါဒတွေ၊ ကျောင်းတော်တွေ၊ ဂိုဏ်းတွေနဲ့ လူအများကကော ဒီလို အကဲဆတ်တဲ့ အကြောင်းအရာတွေမှာ အမြင်တွေ ဘယ်လိုရှိကြပါသလဲ။

ဆတ်ဆတ်ထိမခံတဲ့ အငြင်းပွားဖွယ် ဥပမာ ခေါင်းစဉ်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်ပါ။

တရားဝင် ပြည့်တန်ဆာ လုပ်ငန်း (Legalized Prostitution)၊  တရားဝင် ကလေးဖျက်ချခွင့် (Legalized Abortion / Pro Choice or Pro Life)၊ အဆုံးစွန်ဝေဒနာခံစားနေရသူများ တရားဝင် သတ်သေခွင့် (Legalized Euthanasia)၊ တရားဝင် လိင်တူလက်ထပ်ခွင့် (Legalized Same Sex Marriage) အစရှိတဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေကို လူမှု-စီးပွား၊ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအခေါ်၊ ကျင့်ဝတ် သီလ ရှုထောင့်ပေါင်းစုံက ရှုမြင်သုံးသပ်မှုတွေကို တကိုယ်ရေဖြစ်ဖြစ် ကျနော်တို့ ထဲထဲဝင်ဝင် သိနားလည် ဆင်ခြင်သင့်ပါတယ်။  အထူးသဖြင့် စီးပွားကိစ္စ သိပ်မပူပင်ရတဲ့အပြင် တိုင်းပြည်မှာလည်း အမြဲတမ်း နေရာရ လူတွင်ကျယ် သြဇာစူးတဲ့ ခေတ်ပညာတတ် လူတန်းစား အလယ်လတ်တန်းစားနဲ့ အထက်တန်းလွှာဆိုသူများ အခြေခံကျကျ စဉ်းစားနိုင်ရပါမယ်။

ဒီလို အကြောင်းအရာတွေကို ယုံကြည်ချက်အဘိဓမ္မာ တခုခုကို အခြေခံပြီး ပြောကြ၊ ဆိုကြ၊ ရေးကြပါ။  လူဟာ အတွေးအခေါ် ယုံကြည်မှု တခုခုကို အခြေမခံရင် စကားတွေ ရှေ့နောက်မညီ ဖြစ်တတ်ပါတယ်၊ ခပ်ပေါ့ပေါ့ ခပ်ပါးပါး ဖြစ်တတ်ပါတယ်။  လူပေါ့များတဲ့ တိုင်းပြည်ဟာ မိုးပျံပူပေါင်းလိုတော့ အထက်မရောက်နိုင်ပါဘူး၊ အဝီစိပဲ ထိုးဆင်းပါတယ်။  တိုင်းပြည်ဟာ စနစ်ဆိုး၊ လူဆိုးများနဲ့ သူတို့ဒဏ်ခံ သားကောင် လူပေါ့များကြောင့် ထိုးလည်း ဆင်းခဲ့ပြီးပါပြီ။

အတွေးအခေါ်ပူပေါင်းတွေ ခပ်မြင့်မြင့် ရောက်အောက် စဉ်းစားတွေးခေါ်လေ့လာမှု ဟိုက်ဒရိုဂျင် လောင်စာတွေ ဖြည့်ကြပါ။  အထူးသဖြင့် လူငယ်တွေ စဉ်းစားကြဖို့ပါပဲ။  ဖောက်ထွက်ကြဖို့ပါပဲ။  သမားရိုးကျ တိုက်ပုံသမား လူကြီးတွေလည်း နားလည်ဆင်ခြင်နိုင်ကြပါစေ။

■ နိဂုံး

ပြန်ချုပ်ရရင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လူအများ (အထူးသဖြင့် တိုင်းပြည်အနာဂတ် လူငယ်များ) နိစ္စဓူဝ တွေ့ကြုံ လက်တွေ့ ခံစားနေရပေမယ့် အများပြည်သူဆိုင်ရာ အသိပညာ ဗဟုသုတပေးခြင်း၊ ဆွေးနွေးခြင်းမျိုးတွေ အင်မတန်နည်းနေသေးတဲ့ အကြောင်းချင်းရာတွေ အများကြီး ရှိနေပါတယ်။  အဲဒီမှာ လူငယ်နဲ့လိင်ကိစ္စ ပညာပေးမှုက အားအနည်းဆုံးပါပဲ။  ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ ရှေ့တန်းတင် လူသားသဘာဝလိင်ကိစ္စကို အကြောင်းအကျိုးမဲ့ ကွယ်ချင်ဝှက်ချင်နေတဲ့ အကျင့်တွေ ကျနော်တို့ ပြင်သင့်ပါပြီ။  ကာမ ဆက်ဆံရေး၊ လိင်ပညာရေး၊ လိင်ကျန်းမာရေး ဆက်စပ် အစီအစဉ်တွေကို မူလတန်း၊ အလယ်တန်း အရွယ် ကျောင်းပညာရေးမှာကို စနစ်တကျ ထည့်သွင်း သင်ကြားပြသသင့်နေပါပြီ။  အလားတူပဲ လိင်ဆက်စပ် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ဂုဏ်သိက္ခာ ရပိုင်ခွင့် စံချိန် စံညွှန်း အကြောင်းတွေလည်း ကျောင်းသား အရွယ်ကတည်းက နည်းစနစ်တကျ သင်ယူနိုင်ဖို့ လိုနေပါတယ်။  သန်စွမ်းကျန်းမာ၊ သီလ စင်ကြယ် သိက္ခာမြင့်မား၊ ကိုယ့်အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိုသိ၊ ကိုယ်စောင့်ထိန်းရမယ့် တာဝန်နဲ့ ကျင့်ဝတ်ကို နားလည် အလေးထားတဲ့ မျိုးဆက်သစ်များနဲ့ ကောင်းမွန်တဲ့ တိုင်းပြည် အနာဂတ်ကို လက်တွေ့တည်ဆောက် လိုရင် ရှေးရိုစွဲ အမြင် အတွေးအခေါ်တွေကို စွန့်သင့်၊ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။

ဒါကြောင့် လိင်ကိစ္စဆက်စပ်အကြောင်းအရာများအားလုံး လိင်အကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်မှု၊ တာဝန်မဲ့မှု၊ တရားမဲ့မှု၊ ဥပဒေ မျှတမှု မရှိမှု၊ လိင်ကျန်းမာရေး အသိ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ အတူနေယဉ်ကျေးမှုရဲ့ အကောင်းအဆိုး၊ ပြောင်းလဲလာတဲ့ လူမှုဘဝနောက်ခံ၊ လူမှု-စီးပွား အခြေအနေ အားလုံး လူအများ လွတ်လွတ်လပ်လပ် အတွေးအခေါ်မြင့်မြင့်မားမား ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ကာ စဉ်းစားဆွေးနွေးအသံ ကျယ်ကျယ်ထွက်ကြဖို့ တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား..။

ငြိမ်းချမ်းအေး

(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် nyeinchanaye81@gmail.com)

(မိုးမခ မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၁၂)၊ ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts