သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဇာတ်ကားတွေမရိုက်ကြပါနဲ့

ငြိမ်းချမ်းအေး – ဇာတ်ကားတွေမရိုက်ကြပါနဲ့
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅

မဆလ၊ နဝတ၊ နအဖ မျိုးဆက် ကျုပ်တို့အားလုံး အမှိုက်ကောက်၊ အမှိုက်ရှင်း၊ မြောင်းဖော်၊ မြက်နှုတ်၊ သစ်ပင်စိုက်၊ ရေ လောင်း၊ မီးကင်းစောင့်၊ မီးကင်းကြေးပေး မလုပ်ဖူးတဲ့သူ ဘယ်သူမှ မရှိဘူး။   ကျုပ်တို့ အားလုံး ဖက်ထိပ်စာလေးတွေချည်းပါ။  အဲဒီလိုလုပ်ခဲ့ရတဲ့နိုင်ငံ လူမွေးလူရောင် မပြောင်ခဲ့ဘူး။

အခု ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ တနိုင်ငံလုံး အနှံ့ ထောက်ခံသူများ လုပ်ကိုင်နေကြတဲ့ အမှိုက်ကင်းစင်မြန်ပြည်တခွင် လှုံ့ဆော်မှုတွေ၊ အလုပ်တွေနဲ့ပတ်သတ်ပြီး သိပ်ပြီးတော့ Emotional Blackmail မလုပ်ချင်ကြပါနဲ့၊ Dramatized မလုပ်ကြ ပါနဲ့။  အမေ့မိတ်ဆွေရဲ့ မြေးကလေးငယ်ပြောသလိုပြောရရင် ဇာတ်ကားတွေ သိပ်မရိုက်ကြပါနဲ့။

လူထု စည်းကမ်းမရှိလို့၊ အသုံးမကျလို့ ဒီစနစ်ဆိုး တည်မြဲနေခြင်းမဟုတ်ပါ။  အမှိုက်မပစ်၊ ကွမ်းသွေးမထွေး၊ ဆေးလိပ် တွေ့ ကရာနေရာ မဖွာ၊ အရက်ဆိုင် နေ့တိုင်းအချိန်မဖြုန်းဆိုတာက လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ အသိအမြင်ပညာ ရေချိန်နဲ့ ဆိုင်တယ်။  ဒီရေချိန်မှတ်ကလည်း နောက်ခံ နိုင်ငံရေးစနစ်၊ တိုင်းပြည်စနစ်၊ အစိုးရစနစ်က ဒေါက်တိုင်အနေဲ့ အဓိက ကျား ကန်တယ်။

ကွမ်းသွေးတဗြစ်ဗြစ်ထွေး ဘောလုံးကွင်းမှာပဲ မကျေနပ်မှုကို အော်ဆဲ ဖော်ထုတ်ခွင့်ရခဲ့တဲ့လူထုဟာ လူ့သား အရည်အသွေး၊ ဂုဏ်ရည် မြှင့်တင်ပေးစွမ်းတဲ့ ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်ပြီး ဖြစ်တယ်။

ဒီလိုတွေ ပြောလို့ သီအိုရီတွေနဲ့ လူအထင်ကြီးခံ ချေပလိုသူများလည်း ရှိမှာပါ။  လူမှုသိပ္ပံရေးရာ စကားလုံးကြီးတွေ ချပြ လူပြိန်း လက်ခုပ်သံချူလို့ ရပါတယ်။  ကျိုးနေတဲ့ ပြတင်းပေါက်တွေကို ပြင်ခိုင်းခဲ့တယ်။  နည်းခြင်းနိယာမတွေကို ချပြဖူးခဲ့ပါ တယ်။

ဒါပေမယ့် စုတ်ပြတ်နုံခြာ ချွတ်ခြုံကျနေတဲ့ လူ့ဘဝတွေဖြစ်အောင် လုပ်ထားခြင်းခံရတဲ့ စနစ်အဖွဲ့အစည်း လူ့အဝန်းအဝိုင်းမှာ တကိုယ်ရေ စာရိတ္တ ဆောက်တည်ခြင်း၊ ပြစ်တင်ခြင်း၊ ထောက်ပြခြင်းတွေဟာ အမှန်တကယ် လက်တွေ့ အလုပ်မဖြစ်၊ ရည် မှန်ချက်ပန်းတိုင် လောကသစ်ကို မတည်ဆောက်နိုင်ပါ။  လူတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်တဲ့ ကျန်းမာ၊ သန့်ရှင်း၊ သဟ ဇာတ ညီညွတ်မျှတတဲ့ လူ့ဘောင်ဖြစ်အောင် ရင်းခံ နိုင်ငံစနစ်ကို ပြင်ဖို့ကသာ အဓိက ဖြစ်တယ်။  ဒီလို စနစ်ကောင်းမှာမှ လူထုဟာ ကိုယ့်တာဝန် ကိုယ်သိ၊ ကိုယ့်အခွင့်အရေးကို ကိုယ်နားလည်၊ သူများ အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှု ကို လေးစားတဲ့ “စနစ်သားကောင်” မဟုတ်တဲ့ “နိုင်ငံ့သားကောင်းတွေ” ဖြစ်နိုင်တယ်။

အရင်ဆိုခဲ့ဖူးသလိုပါပဲ။  ဒီတိုင်းပြည် ကျော်သူ အယောက်တထောင်မရှိလို့ ဓားမနောက်ပိတ်ခွေး ဖြစ်နေခြင်းမဟုတ်ပါ။  နိုင်ငံ ရေးစနစ်ကောင်းမရှိလို့သာ ခွေးတိုးဝက်ဝင် ဘဝတွေကို ခံစားရင်း ပရမ်းပတာ အမှိုက်ပုံနိုင်ငံမှာ နေနေရခြင်းဖြစ်ပါတယ်။

အောင်ဆန်းစုကြည် အောင်ဆန်းစုကြည် အဓိကလုပ်ရမယ့် အလုပ်ကို လုပ်ဖို့ကိုသာ ဝန်းရံ အားပြု အသံတွေ ထွက်ကြပါ။  ဒါဟာ အကောင်းဆုံး အမေသံညံခြင်းပါ။

မျက်ရည်ချူ၊ ဇာတ်နာ အောင်လုပ်၊ ဇာတ်ရှိန်ကို ဇွတ်အတင်း အဓမ္မမြှင့် ကိုးရီးယားဇာတ်လမ်းတွဲ ရိုက်နေကြတာ ပျို့ချင် အန်ချင် ဖြစ်မိပါကြောင်း။

ငြိမ်းချမ်းအေး
၁၄ ဒီဇင်ဘာ၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchan81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – ဇာတ်ကားတွေမရိုက်ကြပါနဲ့
  1. ဒါတွေ
    ကတော့ အမှန်သဘော ( နိယာမ တရား)တွေပါ ။ နိယာမတရားတွေကတော့ စာ နဲနဲ ဖတ်ဖူးသူတိုင်း ပြောတတ်ပါတယ် ။ ဗမာပြည်လက်တွေ့ ကျတော့ အားလုံး လန်ကုန်ရော ။ ဥပမာ အားဖြင့် ဖက်ဒရယ် လို့ပဲ အော်ကြည့်လေ ။

  2. နိုင်ငံရေးအကူးပြောင်းကာလမှာ ထောင်သားတွေတောင်လွတ်ငြိမ်းချမ်းသာရှိတယ်စစ်သားတွေရောထွက်ခွင့်မရှိဘူးလား…

Comments are closed.