တက္ကသိုလ်ရွှေရီဝင်း – ပင်ဒိုးရား၏ သေတ္တာ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅
အခုပြောမယ့်ပုံပြင်က ဂရိနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ ပုံပြင်ဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာက ဂရိလူမျိုးတွေဟာ နတ်တွေကို ယုံကြည်ကြတယ်။ နတ်တွေဟာ တစ်ဦးချင်းစီမှာ ကိုယ်ပိုင် ပုံသဏ္ဍာန်တွေရှိကြပြီး အထူးခြားတဲ့တန်ခိုးတွေ ကိုယ်စီရှိကြတယ်။ အဲဒီနတ်တွေဟာ ကမ္ဘာပေါ်က ဖြစ်ပျက်တာတွေနဲ့ ဆက်နွယ်ကြတယ်လို့ ယုံကြည်တယ်။ သူတို့က မိုးတွေကိုရွာသွန်းစေပြီး သီးနှံတွေဖြစ်ထွန်းစေတယ်။ အဲဒီနတ်တွေကြောင့် မီးတောင်တွေပေါက်ကွဲတာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာတွေဖြစ်တယ်လို့ ယုံကြည်တယ်။
ဂရိလူမျိုးတွေဟာ အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေအများကြီးပြောကြတယ်။ သူတို့က အဲဒီနတ်တွေဟာ အိုလမ်းပတ် တောင်ထိပ်မှာ နေကြတယ်လို့ပြောတယ်။ အဲဒီတောင်ထိပ်မှာနေကြတဲ့ နတ်တွေအကြောင်းတွေကိ ဂရိရိုးရာပုံပြင်တွေလို့ လူတွေက လက်ခံကြတယ်။
ပင်ဒိုးရားရဲကသေတ္တာဟာ ဂရိ ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်တယ်။ အဲဒီပုံပြင်ရဲ့အစမှာ ကမ္ဘာကြီးမှာ ဟိုးရှေးရှေးတုန်းက အမျိုးသမီးတစ်ယောက်မှမရှိဘူးလို့ ပြောတယ်။ ဒီတော့ အိုလမ်းပတ်တောင်ထိပ်ကို အုပ်စိုးတဲ့ နတ်မင်းကြီဒ ဇီယုက သူ့ရဲ့နတ်သားတစ်ပါးကို ရွှံ့နဲ့ အမျိုးသမီးရုပ်ထု ထုစေတယ်။ အဲဒီပထမဆုံးမိန်းမကို ထုတဲ့နတ်သားက အဲဒီအရုပ်ကို ပင်ဒိုးရားလို့ နာမည်ပေးတယ်။
နတ်တွေက အဲဒီအရုပ်လေးကို လက်ဆောင်တွေအသီးသီးပေးပြီး ကမ္ဘာမြေပြင်ကို လွှတ်လိုက်တယ်။ သူ့ကိုပေးလိုက်တဲ့လက်ဆောင်တွေက ရုပ်ရည်လှပခြင်း၊ ဂီတပညာ၊ ချည်ငင်တဲ့ အတတ်ပညာ၊ အချုပ်အလုပ်ပညာနဲ့ စပ်စုတဲ့စိတ် စတာတွေဖြစ်တယ်။ နတ်မင်းကြီးဇီးယု က ပင်ဒိုးရားကို သေတ္တာတစ်လုံး ပေးလိုက်တယ်။ သူက သူပေးလိုက်တဲ့ သေတ္တာကို ဘယ်တော့မှ မဖွင့်နဲ့လို့မှာလိုက်တယ်။
ဟမ်း လို့ခေါ်တဲ့ တမန်တော်က ပင်ဒိုးရားလို အိုလမ်းပတ်တောင်ပေါ်ကနေ ကမ္ဘာကြီးဆီကို ခေါ်ဆောင်သွားပေးတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာကြီးဟာ အလွန်ပျော်စရာကောင်းပြီး ဒုက္ခတွေ ဝမ်းနည်းမှုတွေ တစ်ခုမှမရှိတဲ့ အရပ်ဖြစ်ခဲ့တယ်။ ပင်ဒိုးရားရဲ့သေတ္တာအကြောင်း ဆက်ပြောပါတော့မယ်။ ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ အက်ပီမိသိရပ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ တိုင်းပြည်မှာ တစ်ယောက်တည်းနေတယ်။ တစ်နေ့မှာ အက်ပီမိသိရပ် ရဲ့ အိမ်ကို တံခါးလာခေါက်တယ်။ သူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ သိပ်ကိုချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေတာတွေ့ရတယ်။ သူတွေ့တော့ ပင်ဒိုးရားပါပဲ။ အက်ပီမိသိရပ် ရဲ့ တစ်သက်တာမှာ အခုလိုပုံစံမျိုး တစ်ခါမှမတွေ့ဖူးဘူး။
ဒီအမျိုးသမီးရဲ့ခေါင်းမှာ ပန်းတွေပန်ထားတယ်။ အလွန်ကောင်းမွန်တဲ့ အသားနဲ့ချုပ်ထားတဲ့ အင်္ကျီရှည်ကို ဝတ်ထားတယ်။
သူ့လက်ထဲမှာ စောင်းလေးနဲ့ရွှေရောင်သေတ္တာလေးကို ကိုင်ထားတယ်။
အဲဒီမိန်းကလေးက “ကျွန်မနာမည် ပင်ဒိုးရားပါ။ ကျွန်မကို နတ်မင်းကြီး ဇီးယုက ရှင့်ရဲ့ဇနီးအဖြစ် လွှတ်လိုက်တာပါ” လို့ပြောတယ်။
အက်ပီမိသိရပ်က သူ့အကို ပရိုမိသိရပ်ပြောထားတဲ့ စကားကို သတိရတယ်။ သူ့အစ်ကိုက ဇီးယုဆီက ဘယ်လိုလက်ဆောင်မှ လက်မခံပါနဲ့လို့ ပြောထားတယ်။
ဒါပေမယ့် အက်ပီမိသိရပ်က ပင်ဒိုးရားကို ငြင်းဖို့ခက်နေတယ်။ ပင်ဒိုးရားဟာ ကမ္ဘာပေါ်မှာ အလှပဆုံး မိန်းကလေးသည်းဖြစ်နေတယ်။
ဒါကြောင့် ပင်ဒိုးရားကို လက်ခံလိုက်တယ်။ ပင်ဒိုးရားလက်ထဲက ရွှေသေတ္တာကို အက်ပီမိသိရပ်က စိတ်ဝင်စားတယ်။ ဒါကြောင့် အဲဒီသေတ္တာထဲမှာ ဘာပါသလဲလို့မေးလိုက်တယ်။
ပင်းဒိုးရား “ဘာပါသလဲဆိုတာ ကျွန်မလည်းမသိဘူး။ နတ်မင်းကြီး ဇီးယုက ကျွန်မကို ပေးလိုက်တာ၊ သူက ဘယ်တော့မှ ဒီသေတ္တာကို မဖွင့်ဖို့ ပြောလိုက်တယ်” လို့ ရှင်းပြတယ်။
အက်ပီမိသိရပ်က “ဒါဆိုရင် မင်းအဲဒိသေတ္တာကို မဖွင့်သင့်ဘူး” လို့ပြောတယ်။
ပင်ဒိုးရာကလည်း မဖွင့်ပါဘူးလို့ ကတိပေးတယ်။
ဒါနဲ့ ပင်ဒိုးရားနဲ့ အက်ပီမိသိရပ်တို့ ပျော်ရွှင်စွာနေထိုင်ကြတယ်။
ပင်ဒိုးရာဟာ အိမ်မှုကိစ္စတွေကို ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်တယ်။ သူ့ကို နတ်မင်းတွေပေးလိုက်တဲ့ လက်ဆောင်တွေနဲ့ ချက်ပြုတ်တတ်တယ်။ ဗိုင်းငင်တတ်တယ်။ စောင်းတီးတတ်တယ်။ ရေကူးတတ်တယ်။ ကွင်းပြင်မှာ ပြေးလွှားတယ်။ ကမ္ဘာကြီးမှာရှိတဲ့ အရာတွေအားလုံးကို စပ်စပ်စုစုလေ့လာတယ်။
သူသိပ်ကို သိချင်စပ်စုချင်တာကတော့ ရွှေရောင်သေတ္တာထဲမှာ ဘာရှိသလဲဆိုတာပါပဲ။ ဒါကြောင့်လည်း ခုတင်အောက်မှထားတဲ့ သေတ္တာကို မကြာမကြာထုတ်ကြည့်တယ်။
သူအဲဒီလိုကြည့်တာကို သူ့ယောက်ျားက တားမြစ်တယ်။ ဒီတော့ ပင်ဒိုးရာက “ကျွန်မ ဒီသေတ္တာရဲ့ အဖုံးလေးကို နည်းနည်းလေးဖွင့်ကြည့်လို့ရတယ် မဟုတ်လား” လို့မေးတယ်။
သူ့ယောက်ျားက “မင်းကို နတ်မင်းကြီး ဇီးယုက မဖွင့်ကြည့်ရဘူးလို့ ပြောထားတယ်မဟုတ်လား” ဆိုပြီးတားတယ်။
ဒီတော့ ပင်ဒိုးရားက “ရှင်ပြောတာဟုတ်ပါတယ်” ဆိုပြီး အဲဒီသေတ္တာကို မြေအောက်ခန်းမှာသွားပြီး ထားလိုက်တယ်။ ဒါပေမမယ့်ပင်ဒိုးရားဟာ မြေအောက်ခန်းတွေကို အကြောင်းမရှိအကြောင်းရှာ ဆင်းပြီး သေတ္တာလေးကို ကိုင်ကြည့်တယ်။
သူ့ယောက်ျားက “မင်း အဲဒီသေတ္တာကို သွားကြည့်ပြန်ပြီလား” လို့မေးတော့ သူက “ဟုတ်တယ်။ အဲဒီသေတ္တာထဲမှာ ရွှေဒဂါးတွေ ရှိရင်ရှိမှာ” လို့ ပြန်ဖြေတယ်။ သူ့ယောက်ျားက နတ်မင်းကြီး ဇီးယုရဲ့စကားကို ထပ်သတိပေးပြီး အဲဒီသေတ္တာကို ကမ်းစပ်က သောင်ပြင်မှာ မြှုပ်လိုက်ဖို့ပြောတယ်။ ဒါပေမယ့်လည်း မရဘူး။ ပင်ဒိုးရားရဲ့စပ်စုတဲ့စိတ်၊ စူးစမ်းလိုတဲ စိတ်က တားမရဘူး။
နောက်ဆုံးတော့ ပင်ဒိုးရားဟာ အဲဒီသေတ္တာကို ဖန်ဘူးထဲထည့်တယ်။ အဲဒီဖန်ဘူးကို သေတ္တာထဲထည့်ပြီး ကြိုးနဲ့ချည်ပြီး ရေတွင်းဟောင်းတစ်ခုထဲ ပစ်ချပြီး ချည်ထားလိုက်တယ်။ အဲဒီလို ရေတွင်းပျက်ထဲ ရွှေသေတ္တာချပြီး နောက်ပိုင်း ပင်ဒိုးရားဟာ နည်းနည်းတော့ သေတ္တာကို မေ့သလိုဖြစ်သွားတယ်။
ဒါပေမယ့် ကြာကြာမမေ့နိုင်ပါဘူး။ သူ့ရဲ့စပ်စုတဲ့စိတ်က သူ့ကိုလှုပ်နိုးနေတယ်။
မိုးတွေရွာတဲ့ နေ့တစ်နေ့မှာ သူ့ယောက်ျားက အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ်။ အဲဒီအခါမှာ ပင်ဒိုးရားဟာ အိမ်မှာ တစ်ယောက်တည်းရှိတုန်း ရွှေရောင်သေတ္တာထဲမှာ ဘာရှိမလဲဆိုပြီး သိချင်တဲ့စိတ်တွေ နိုးထလာတယ်။ သူ့စိတ်ထဲမှာ သူထားထားတဲ့ ရေတွင်းပျက်ကြီးထဲမှာ အဲဒီရွှေသေတ္တာရှိသေးရဲ့လားဆိုတာ တွေးတယ်။
အဲဒီအတွေးနဲ့ စပ်စုလိုတဲ့ ပင်ဒိုးရားဟာ မိုးသဲကြီးမဲကြီးရွာပြီး လျှပ်စီးတွေလက်၊ မိုးခြိမ်းနေတာကို ဂရုမစိုက်ဘဲ ရေတွင်းဆီကို သွားပြီး တွင်းထဲက သေတ္တာကို အပေါ်တင်လိုက်တယ်။ ပြီးတော့ သေတ္တာကို ဒရွတ်တိုက်ဆွဲပြီး မိုးလွတ်ရာကို ယူခဲ့တယ်။ ပြီးတော့မှ သေတ္တာကိုဖွင့် ဖန်ဘူးကိုထုတ်၊ ဖန်ဘူးထဲက ရွှေသေတ္တာကို ယူလိုက်တယ်။ မိုးဟာပိုပြီးတော့တောင် သည်းလာတယ်။ ပင်ဒိုးရားရဲ့လက်ထဲက ရွှေသေတ္တာဟာလည်း ကြောက်စရာလေမုန်တိုင်းရဲ့ အလင်းနဲ့ အရောင်တောက်ပနေတယ်။ ပင်ဒိုးရားရဲ့စိတ်ထဲမှာ ရွှေသေတ္တာက သူ့ကိုဖွင့်ဖို့ပြောနေတယ်လို့ ထင်နေတယ်။
“ငါဒီသေတ္တာကို ဖွင့်လို့မဖြစ်ဘူး။ နတ်မင်းကြီး ဇီးယုက မဖွင့်ဖို့ သေချာမှာလိုက်တာ။ ဒါပေမယ့်လည်း သေတ္တာအဖုံးလေးကို နည်းနည်းလေး မပြီးချောင်းကြည့်ရင် ရနိုင်တာပဲ။ အထဲမှာဘာရှိသလဲဆိုတာ ငါသိချင်လှပြီ”
အဲဒီလိုတွေးပြီး သေတ္တာရဲ့အဖုံးကို နည်းနည်းလေးမလိုက်တာနဲ့ အင်မတန် ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင် ဟာ တောင်ပံခတ်ပြီး ထွက်လာတယ်။ ပင်ဒိုးရားဟာ ကြောက်လန့်ြ့ပီး သေတ္တာကိုလွှတ်ချလိုက်တာ သေတ္တာထဲက နောက်ထပ်ရုပ်ဆိုးဆိုးနဲ့ သတ္တဝါတွေထွက်လာတယ်။ သူတို့ပါးစပ်က စူးစူးရှရှအော်ပြီး တောင်ပံတွေခတ်ပြီး ပင်ဒိုးရားရဲ့ ခေါင်းပေါ်မှာ ပျံဝဲနေကြတယ်။ သူတို့ပါစပ်က သူတို့နာမည်တွေကို ပြောနေတာဖြစ်တယ်။ သူတို့ကတော့ မနာလိုစိတ်၊ မောဟစိတ်၊ ဝန်တိုစိတ်၊ ရိုင်းစိုင်းသောစိတ်၊ မုန်းတီးစိတ်၊ အာဃာတစိတ်တို့ ဖြစ်ကြတယ်။
ပင်ဒိုးရားဟာ သူ့ရဲ့ခေါင်းကို လက်နှစ်ဖက်နဲ့ ကာထားပေမယ့် စောစော သတ္တဝါတွေကတော့ သူ့ခေါင်းကို အတောင်ပံတွေနဲ့ ခတ်ပြီး အားရတော့မှ ကမ္ဘာကြီးဆီကိုပျံသွားကြတယ်။
ပင်ဒိုးရာဟာ သူ့ရဲ့ အပြစ်အတွက် ငိုကြွေးနေတယ်။ အဲဒီအခါမှာ အသံသေးသေးတသံက “ ကျွန်မကိုကြည့်ပါဦး” လို့ပြောတယ်။ ပင်ဒိုးရားက အံ့သြပြီး ရွှေသေတ္တာလေးကို မ ပြီးကြည့်လိုက်တယ်။ ရွှေသေတ္တာထဲမှာ သတ္တဝါလေးတစ်ကောင်ကျန်နေတာတွေ့ရတယ်။ ဒီသတ္တဝါက ရုပ်မဆိုးဘူး။ လှပတဲ့မျက်နှာလေးနဲ့ သူ့ကိုယ်မှာ ရွှေရောင်အလင်းတွေ လွှမ်းခြုံထားတယ်။
အဲဒီသတ္တဝါလေးက “မငိုပါနဲ့တော့။ ကျွန်မက ရှင်နဲ့တခြားလူတွေကို ကူညီမှာပါ။ ရှင်က ကျွန်မကိုတခြားသတ္တဝါတွေ မနှိပ်စက်နို်င်အောင် စောင့်ရှောက်ပေးပါ” လို့ပြောတယ်။
ပင်ဒိုးရားဟာ အငိုတိတ်သွားပြီး အဲဒီသတ္တဝါလေးကို ရွှေသေတ္တာထဲက ထုတ်ယူလိုက်ပြီး အဲဒီသတ္တဝါရဲ့ နာမည်ကို မေးတယ်။ သူ့နာမည်က “မျှော်လင့်ချက်ဖြစ်တယ်” လို့ ဖြေတယ်။ ပင်ဒိုးရာဟာ မျှော်လင့်ချက်လေးကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့လိုက်တယ်။
အဲဒီအချိန်ကစပြီး ကမ္ဘာကြီးဟာ ပြောင်းလဲသွားတယ်။ ကမ္ဘာပေါ်က လူတွေဟာ အမြဲတန်းပျော်ရွှင်နေပြီး၊ အပူပင်မရှိ နေခဲ့ကြတာတွေကို ဆုံးရှုံးသွားကြတယ်။ ယခုအခါမှာ သူတို့ဟာ မကောင်းတဲ့ခံစားမှုတွေ ခံစားကြတတယ်။ အဲဒါကလည်း ပင်ဒိုးရားရဲ့ ရွှေသေတ္တာ ရုပ်ဆိုးတဲ့ သတ္တဝါတွေကြောင့် ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်ကလည်း မျှော်လင့်ချက်ဆိုတဲ့ သတ္တဝါလေးက လူတွေကို မကောင်းတဲ့ ဒုက္ခတွေ၊ အန္တရယ်တွေက လွတ်ကင်းအောင် ကူညီလျက်ရှိတယ်။ အဲဒီမျှော်လင့်ချက်ဆိုတဲ့ သတ္တဝါကလည်း ပင်ဒိုးရားရဲ့ ရွှေသေတ္တထဲက ထွက်လာတာပဲဖြစ်ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်ထဲမှာ ပရိုမိသိရပ် ဆိုတဲ့ နာမည်ပါတယ်။ သူက ပင်ဒိုးရားရဲ့ ယောက်ျား အက်ပီမိသိရပ်ရဲ့ အစ်ကိုဖြစ်တယ်။ ပရိုမိသိရပ်ဟာ အိုလမ်းပတ်တောင်က နတ်မင်းကြီးတွေထက် တန်ခိုးရှိတဲ့ နတ်ဘီလူးဖြစ်တယ်။ အဲဒီနတ်သား ပရိုမိသိရပ်ဟာ လူတွေနဲ့ မိတ်ဆွေဖြစ်တယ်။ သူဟာ နတ်မင်းကြီး ဇီးယုဆီက မီးကိုခိုးပြီး လူတွေကိုပေးလို့ နတ်မင်းကြီး ဇီးယုက သူ့ကို အရမ်းစိတ်ဆိုးတယ်။ ဒါကြောင့် စောစောက ပုံပြင်ထဲမှာ ဇီးယုက ပင်ဒိုးရားသေတ္တာကို ကမ္ဘာကိုပို့လိုက်တာဟာ လူတွေကို ပရိုမိသိရပ်ဆီက မီးကိုလက်ခံလို့ ဒဏ်ခပ်တာဖြစ်တယ်လို့ ဆိုတယ်။
တက္ကသိုလ်ရွှေရီဝင်း