စာစုတို

မောင်လူရေး – ကျောက်စိမ်းမာဖီးယားများ

  မောင်လူရေး – ကျောက်စိမ်းမာဖီးယားများ
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

ဒီနေ့ ဖားကန့်ဘက်မှာ မြေစာပုံပိလို့ လူတယောက်သေသည့်သတင်းတပုဒ်တက်လာပြန်သည်။ မကြာသေးခင်က မြေစာ ပုံပိလို့ လူပေါင်း (၁၀၀) ကျော် အလောင်းပြန်ရ၊ ပျောက်ဆုံး (၁၀၀) ကျော် အားလုံးလူပေါင်း (၂၀၀) ကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုကြီးသည် တကယ်တော့ မတော်တဆမှုမဟုတ်ပေ။ မတော်တဆမှုဆန်ဆန် ပြည်ဖုံးကားချလိုက်လို့ မဖြစ် ပေ။

စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း ဥပဒေစိုးမိုးမှုမရှိခြင်း ဥပဒေလက်တလုံးခြားလုပ်ဆောင်ခြင်း ဥပဒေအထက်တက်ထိုင်ခြင်း စသည့် ဥပဒေအကြောင်အကြားတို့ဖြင့် လူပေါင်းများစွာကို သေစေခြင်းသာဖြစ်သည်။ တိတိကျကျပြောရလျှင် ပြစ်မှုဖြစ်သည်။

ဤကျောက်စိမ်းဒေသတွင် သက်တမ်းမစေ့ဘဲသေနေခြင်းများသည် အခြားမြန်မာနိုင်ငံ တနံတလျားမှာထက် ပိုများသည်။ အိပ်ခ်ျအိုင်ဗွီ တီဘီ ဘီပိုး စီပိုး ငှက်ဖျား ဆေးယဉ်ပိုးအမျိုးမျိုး မူးယစ်ဆေးဝါး ပြည့်တန်ဆာ လောင်းကစား အင်မတန်ပေါ များသောဤနေရာတွင် ဝိသမကျောက်စိမ်းကုမ္ပဏီတို့၏ခြေဖဝါးအောက်မှာ ဥပဒေနှင့် စနစ်တကျ စီမံစောင့်ရှောက်မှု မရှိခြင်းက နေ့စဉ်လူမည်မျှကို သေစေခဲ့ပြီ သေစေနေအုံးမည်နည်း။ ဘယ်ဪဘယ်မျှ သေစေခွင့် ဆက်လက်ပေးထားကြ မည်နည်း။

လာရောက်လုပ်ကိုင်သူများကိုသေစေသလို ဒေသဖွံ့ဖြိုးမှုတခုလုံးကိုလည်း ဖျက်ဆီးသတ်ဖြတ်ပြီးလေပြီ။ နေရာဒေသပတ် ဝန်းကျင်နှင့် လူငယ်များ အဖျက်ဆီးခံလိုက်ရပြီ။ အခြားဘယ်ကမှန်းမသိသူများက ဒေသပိုင်ရတနာများကို အနိုင်အထက်ပြု ထုပ်ယူသွားကြပြီး ခံစားစံစားနေကြသည်။ ဒေသကတော့ အသက်ငင်နေပြီ။

ယင်းကျောက်စိမ်းမုဒိမ်းကျင့်မှုများ၏ ဆိုးကျိုးအဆင့်ဆင့်ကို တိုင်းပြည်က လက်ခံလိုက်ရပြီ။

ယင်းကျောက်စိမ်းမုဒိမ်းလူသတ်သမားများနှင့် သတ္တုတွင်းဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်များ ရပိုင်ခွင့်များ တာဝန်ရှိမှု တာဝန်ယူမှု တာဝန်ခံမှုအပိုင်းများ ရှင်းရှင်းလင်းလင်းပြနိုင်ဖို့ အရေးကြီးသလို အခွန်ဘဏ္ဍာကိစ္စများလည်း တိတိလင်းလင်းထုတ်ပြန်နိုင်ဖို့ အလွန်တရာအရေးကြီးပါသည်။ ထိုမှတဆင့် ကျောက်စိမ်းမာဖီးယားများကို တရားစီရင်မှုများဆက်လက်ဆောင်ရွက်ဖို့ လိုသည်။

ယင်းကျောက်စိမ်းမဖီးယားများ၏လုပ်ဆောင်ချက်များသည် လူအစုလိုက်အပြုံလိုက်သေစေမှု ပြည်သူ့ကျန်းမာရေးစောင့် ရှောက် မှုဟန်ချက်ပျက်ယွင်းမှု သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှု ဒေသဖွံ့ဖြိုးရေးသင်းကွပ်မှု နိုင်ငံတော်ဘဏ္ဍာအလွဲသုံးမှု သယံဇာတမှောင်ခိုမှုစသည့် နိုင်ငံတော်လုပ်ကြံမှုအဆင့်များဖြစ်သောကြောင့်ပင်။

ဥပဒေမဲ့ခြင်း တာဝန်ယူမှုမရှိခြင်းသည် နိုင်ငံတော်ဆုံးပါးပျက်စီးခြင်းကလွဲ၍ အခြားမရှိချေ။

တာဝန်ယူမှု တာဝန်ခံမှုရှိမှသာ တိုင်းသားပြည်သူ ပူပင်ကြာင့်ကြ မရှိရတော့မည်သာတည်း။

မောင်လူရေး

photo source : Time.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်လူရေး – ကျောက်စိမ်းမာဖီးယားများ
  1. မူးယစ်ရာဇာ ဝေရှောက်ခမ်း
    ဟိုတုန်းက အမေရိကန်အစိုးရက သေဒဏ်ပေးထားတဲ့ မူးရစ်ရာဇာ လော်စစ်ဟန်၊ ခွန်ဆာ နာမည်တွေပဲ ကြားသိရပြီး၊ ဒီလူတွေ အေရှားဝေါ လိုကုမ္ပဏီနဲ့ သူတို့သားသမီးတွေ မြန်မာ့စီးပွားရေးမှာ ဦးဆောာင်လုပ်ကိုင်နေတာပဲ သိရပါတယ်။ အခု တရုပ်နိုင်ငံအစိုးရပိုင် ဂလိုဘယ်ဝှတ်နက်စ် သတင်းဌာနက မူးယစ်ရာဇာ ဝေရှောက်ခမ်း ဆိုတဲ့လူတစ်ယောက် မြန်မာ့ကျောက်စိမ်းလောကမှာ အမည်ခံကုမ္ပဏီများစွာနဲ့ ကြီးစိုးချယ်လှယ်နေကြောင်း ဖေါ်ပြလိုက်ပါတယ်။
    .
    အရှေ့တောင်အာရှတခွင် လှိုက်စားနေတဲ့ ရာဘ ဆိုတဲ့ စိတ်ကြွရူးသွတ်ဆေးပြား ပြသနာရဲ့ ဗိသုကာဖြစ်ပြီး အမေရိကန်အစိုးရက ဖမ်းမိသူကို ဒေါ်လာ၂သန်း ဆုငွေကြေငြာထားခံရပါတယ်။ တလောက လူ၂၀၀ကျော် သေဆုံးတဲ့ ဖားကန့်မြေပြိုမှုမှာ တာဝန်ရှိတဲ့ ရောင်ခြည်ဦး ကုမ္ပဏီကလည်း ဝေရှောက်ခမ်း ပိုင်တယ်လို့ ဆိုပါတယ်။ New Watch Magazine

Comments are closed.