ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ထူးထူး (တောင်ငူ) – တော်လောက်ပြီ

 

ထူးထူး (တောင်ငူ) – တော်လောက်ပြီ

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

 

အခန်း (၁)

 

ကိုရွှေထူးတယောက် အခုတလော ခေါင်းထဲကိုမဖိတ်ခေါ်ဘဲသူ့အလိုလိုရောက်လာတဲ့အတွေးတစကို အမျှင်မဖြတ်နိုင်အောင်ဖြစ်နေပါတယ်။ တိတိကျကျပြောရရင်တော့ စာဖတ်သူတို့သုံးနေတဲ့ Facebook လူမှုကွန်ယက်စာမျက်နှာကိုပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ (Mark Zuckerberg) မက်ဇက်ကာဘတ် နဲ့ သူ့ဇနီး (Priscilla Chan) ပရစ်စီလာချန်တို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့ ဘဝထဲကိုရောက်လာတဲ့ ရင်သွေးငယ်သမီးလေး Max ကိုရေးတဲ့ (A letter to our daughter) စာကိုဖတ်ပြီးတဲ့အချိန်မှာဝင်လာတဲ့ အတွေးပါ။  

အဲ့ဒီ့ငါတို့သမီးသို့ပေးစာတစောင် (A letter to our daughter) ကိုဖတ်နေရင်းနဲ့ လူတယောက်ရဲ့ တန်ဖိုး ဆိုတာဒါပါလားလို့ကွက်ကွက်ကွင်းကွင်းမြင်လာပါတော့တယ်။ အဲ့စာထဲမှာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သီလကို စာရေးသူအရှင်းသားတွေ့နေရပါတယ်။ 

 

“လူတယောက်ရဲ့တန်ဖိုးဆိုတာ သူ့ခေတ်သူ့ကာလ၊ သူ့သမိုင်းကသူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့တာဝန်ကို ဘယ်လောက်ကျေပြွန်အောင်ထမ်းဆောင်ခဲ့သလဲဆိုတာနဲ့တိုင်းတာရမှာဖြစ်တယ်” လို့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ကပြောခဲ့ပါတယ်။ 

 

အခုလဲ Mark Zuckerberg တို့ဇနီးမောင်နှံနှစ်ယောက်ဟာ “Max ရေ အဖေတို့က သမီးကိုချစ်တဲ့အတွက် သမီးလေးနဲ့ ကလေးတွေအားလုံးအတွက်ပိုကောင်းတဲ့ကမ္ဘာကြီးကိုချန်ထားပေးရမယ့်တာဝန်တွေရှိလာ တယ်လို့ခံစားရပါတယ်” လို့ရေးသားထားပါတယ်။ မိဘဖြစ် လာတာနဲ့အမျှ သူတို့သမီးလေးကို ချစ်ကြောင်း၊ သူတို့မိဘအပိုင်း (တာဝန်) ကိုကျေပြွန်အောင် လုပ်ဆောင် သွားမယ်၊ ဒါပေမယ့်သူတို့ သမီးလေး Max တယောက်တည်းအတွက်သာမဟုတ်ဘဲ သမီးလေးနဲ့ အတူနောက်မျိုးဆက်သစ်တွေအတွက်ပါလုပ်ဆောင် သွားမယ်လို့ အတိအလင်းကြေငြာရေးသားထားတာပါ။ ဒါဟာသူတို့စိတ်ဓာတ် ဘယ်လောက် အဆင့်မြင့် တယ်၊ ဘယ်လောက်လူသားဆန်တယ်ဆိုတာဖော်ညွှန်းနေတာပါပဲ။ 

 

အဓိကကတော့ ကလေးတွေအစွမ်းရှိသလောက်ဖွံ့ဖြိုးတိုးတက်ဖို့၊ အားလုံးတန်းတူရည်တူဖြစ်စေဖို့ မျှော်လင့် သလို၊ ဒါကိုအဓိကထားလုပ်ဆောင်သွားမယ်။ ပျော်ရွှင်ကျန်းမာတဲ့ကမ္ဘာဖြစ်ဖို့မျှော်လင့်ထားတယ်၊ သူတို့ ကုမ္ပဏီရဲ့အစုရှယ်ယာ ၉၉ ရာခိုင်နှုန်း (ခန့်မှန်းတန်ဖိုးအမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ) ကိုလှူဒါန်းသွား မယ်လို့ သမီးလေး Max သို့ပေးစာမှာ ရေးသားထားပါတယ်။ 

အခန်း (၂)

 

နယူးဇီလန်နိုင်ငံမှာလည်း ဋ္ဌာနေတိုင်းရင်းသား Sir Tipene O’Regan က intergenerational wealth အကြောင်းကိုသူ့လူမျိုးတွေကိုဝေမျှခဲ့ပါတယ်။ ဆရာကြီးပြောတဲ့အချက်ကတော့- ယနေ့တို့တွေသုံးစွဲနေတဲ့၊ စီမံခန့်ခွဲနေတဲ့သွင်းအားစုအရင်းအမြစ်တွေ၊ သဘာဝသယံဇာတတွေရဲ့ပိုင်ရှင်အစစ်အမှန်က အနာဂတ် မျိုးဆက်တွေပါပဲ။ တို့တတွေက သူတို့ဆီကခဏငှားသုံးနေတာပါ။ ဒါတွေကိုမပျောက်မပျက်အောင်၊ တိုးပွား အောင်စီမံခန့်ခွဲရမှာ၊ လက်ဆင့်ကမ်းသွားရမှာတို့တတွေရဲ့တာဝန်ပါပဲလို့ ဆရာကြီးကမိန့်ဆိုခဲ့ပါတယ်။ 

 

နိုင်ငံတကာကပညာရှင်ကြီးတွေရဲ့အဆိုအမိန့်တွေကိုလေ့လာကြည့်ရင် အများစုတူညီနေတဲ့အချက်တွေ ကတာ့ လူလူချင်းလေးစားတန်ဖိုးထားဖို့၊ တန်းတူရည်တူ လွတ်လွတ်လပ်လပ် မျှမျှတတလုပ်ကိုင် ဆောင်ရွက်ကြဖို့၊ မေတ္တာ တရားထားကြဖို့ ဆိုတာတွေချည်းပါပဲ။ 

 

လူသားတယောက်အတွက် ကိုယ်ကျင့်တရားလို့ဆိုရာမှာ၊ စာရေးသူနားလည်ထားတဲ့အချက်တချက် ကတော့ အဲ့ဒီ့ကိုယ်ကျင့်တရားတွေထဲမှာ တယောက်ကိုတယောက်အပြန်အလှန်ဂရုစိုက်ခြင်းဆိုတဲ့ (Caring) အချက်ဟာ မပါမဖြစ်ပါဘဲ။ အနည်းဆုံးတော့ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဂရုစိုက်ဖို့လိုမယ်လို့ထင်ပါတယ်။ တယောက်နဲ့တယောက်ကြားမှာ နားလည်မှု၊ ကြင်နာသနားမှု၊ ဂရုစိုက်မှု၊ ချစ်ခင်လေးစားတန်ဖိုးထားမှု၊ ကိုယ်ချင်းစာနာမှုတွေဟာမရှိမဖြစ်လိုအပ်တယ်လို့ ခံစားနားလည်မိပါတယ်။ 

 

စာရေးသူတို့စာပေကျမ်းဂန်တွေမှာလည်း လောကနီတိတို့၊ မင်းကျင့်တရားဆယ်ပါးတို့ဆိုတာတွေကို အတိအလင်း  ဖော်ပြထားပါတယ်။ တခါတလေကျတော့လည်း စာရေးသူစဉ်းစားမိတဲ့အချက်က အစိုးရ ဝန်ကြီးတွေ၊ အာဏာရပါတီကခေါင်းဆောင်တွေ၊ နောက် ခရိုနီတွေကို လောကနီတိတို့၊ မင်္ဂလသုတ်တို့ကို သေသေချာချာနားကောလည်ရဲ့လားလို့ သံသယဖြစ်မိ ပါတယ်။ 

 

သူတို့တတွေသာဒါတွေနားလည်ပြီး၊ တခြားတိုင်းပြည်ကခေါင်းဆောင်တွေလို တိုင်းသူပြည်သားတွေအပေါ် မှာ ကိုယ်ချင်းစာစိတ်ကလေးသာရှိခဲ့မယ်ဆိုရင်၊ ယနေ့စာရေးသူတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ပြည်တွင်းစစ်တွေဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူး။ 

 

အိမ်နီးနားချင်းတိုင်းပြည်တွေအသီးသီးတိုးတက်ဖွံ့ဖြိုးကုန်ကြပါပြီ။ စာရေးသူတို့မြန်မာနိုင်ငံတနိုင်ငံတည်း ဒုက္ခတောထဲမှာရွာလည်နေတာပါ။ ယနေ့တိုင်းပြည်ကိုဦးဆောင်နေတဲ့အာဏာရပါတီကိုကြည့်လိုက်ရင် ထိပ်သီးခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွေမှာ အသက် (၄၀) အောက်တယောက်မှမရှိပါဘူး။ စာရေးသူမြင်ရ သလောက်တော့ အားလုံးလူကြီးပိုင်းတွေချည်းပါပဲ။ 

 

အဲ့တော့ ၁၉၈၄ ခုနှစ်ကမှမွေးတဲ့၊ အသက် (၃၁) နှစ်သာရှိသေးတဲ့ (Mark Zuckerberg) မက်ဇက်ကာဘတ် တောင်မှဖခင်တယောက်ဖြစ်လာချိန်မှာ သူ့သမီးလေးအတွက်၊ နောက်ကမ္ဘာပေါ်မှာရှိတဲ့ မျိုးဆက်သစ် ကလေးငယ်တွေအတွက် အလေးအနက်စဉ်းစားပြီးလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ သမီးလေး Max ကိုတိုင်တည်ရင်း ကမ္ဘာသိကြေငြာခဲ့သလို၊ စာရေးသူတို့ မြန်မာနိုင်ငံကလက်ရှိအာဏာရ ဘီလီယံချီကြွယ်ဝချမ်းသာနေကြပြီဖြစ်တဲ့အစိုးရခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ၊ ဝန်လေးတွေဟာပြည်သူ တွေကိုရင်ဝယ်သားလိုအုပ်ချုပ်ဖို့ စေတနာမရှိရင်တောင်မှ၊ ကျန်တော့တဲ့အစိုးရသက်တမ်း (၃)လဆိုတဲ့ ကာလလေးအတွင်းမှာ ဘတ်ဂျက်တွေထပ်တိုးတောင်းပြီး၊ ဇီးသီးဗန်းမှောက်ချဖို့ပြင်နေတာတွေဟာ မဖြစ်သင့်တော့ပါဘူး။ 

 

ခင်ဗျားတို့တတွေဆယ်သက်စားမကုန်သောက်မကုန်အောင်ကြွယ်ဝချမ်းသာနေကြပြီပဲ၊ အေးအေးဆေးဆေး အထုပ်ပိုက်ပြီးပျော်ရာမှာနေသင့်နေပါပြီ။ ရှေ့လျှောက်တိုင်းပြည်ချောက်ထဲကျမှာကိုလည်းမစိုးရိမ်ပါနဲ့တော့။ ဝဝစားပြီးရင်၊ ဝေးဝေးသာသွားနေကြပါတော့ဗျာ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ထူးထူး (တောင်ငူ) – တော်လောက်ပြီ
  1. ကျနော်တို့ဆီမှာက အမျိုးသားနိုင်ငံရေးတို့ အဘိုးအဘွားနိုင်ငံရေးတို့နဲ့တိုင်ပတ်နေကြတာလဲ ကြာပါပြီ။ ဒီမှာ အသက် (၃၁) နှစ်သားမက်ဇက်ကာဘတ်(Mark Zuckerberg) က ကုသိုလ်တို့ သံသရာဝဋ်ဆင်းရဲတို့ဘာတို့ ပြောမနေဘူး သမီးလေးနဲ့ကလေးတွေအတွက်တဲ့…။ ဘာအမျိုးသားရေးတို့ဘာအကျိုးစီးပွားတို့လဲ လုပ်မနေဘူး သမီးလေးနဲ့ကလေးတွေပဲ။ ဒါဟာ တကမ္ဘာလုံးလွှမ်းခြုံပဲ။ အနာဂတ်အတွက်ပဲ။ ဒီဆောင်းပါးရေးသူထူးထူး(တောင်ငူ) ရော၊ မိုးမခကိုပါ ကျေးဇူးတင်ပါတယ်။ အစွဲတွေကျွတ်အောင်ချွတ်ကြ။ ဖြူစင်ကြ။ ဖြောင့်ဖြောင့်ရိုးရိုးတွေးကြ။

  2. I think he transferred from one account to the next. I m not sure he really is going to give it away.

Comments are closed.