စာစုတို

အဲလိုထူး – လမ်းလျှောက်ထွက်ခြင်း

အဲလိုထူး – လမ်းလျှောက်ထွက်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅

ဆောင်းဝင်လာတာနဲ့ လမ်းလျှောက်ထွက်ရမယ်လို့ ဘယ်သူမှမပြောပါဘူး။ ကျွန်တော်တို့လင်မယားကတော့ ဆောင်းဝင် တာနဲ့ လမ်းလျှောက်ထွက်ကြမယ် ပြောတယ်။ ဒါပေမယ့် ဆောင်းက တော်တော်နဲ့မအေး။ နှင်းကိုလည်း တစက်တမှုံမှ မမြင် ရ။ မန္တလေးရဲ့လူထုဒေါ်အမာပွဲကတော့ အေးနေပြီ။ ရန်ကုန်ပြန်ရောက်တာနဲ့ ဒီဇင်ဘာရဲ့အစ၊ SWEET..DECEMBER လို့ စာတန်းတွေတက်လာပြီ။ ဒါနဲ့ ကျွန်တော်တို့လင်မယားလည်း နှိုးစက်နာရီကို မနက် (၅) နာရီသို့ ညွှန်းဆိုလိုက်ပါတော့ တယ်။

စိတ်ရဲ့စေ့ဆော်တိုက်တွန်းမှုက အံ့သြဖွယ်ကောင်းလောက်အောင် ကျွန်တော်တို့ နှိုးစက်နာရီမအော်ခင် အိပ်ယာထဖြစ်ကြပါ တယ်။ ရာသီဥတုအခြေအနေက အနွေးထည်းဝတ်ပြီး ခေါင်းစွပ်ဦးထုပ်ကြီးဆောင်းရလောက်အောင် ချမ်းချမ်းတုံမနေပါဘူး။ နေလို့ထိုင်လို့ကောင်းရုံ အေးစိမ့်စိမ့်ကလေးရှိနေပါတယ်။

အိမ်မီးတွေ အပြည့်အစုံလင်းထိန်နေအောင်ဖွင့်ပြီး ခြံတံခါးပိတ်ထွက်ခဲ့ကြပါတယ်။ အပြင်လမ်းမပေါ်မှာ အလင်းကမပြည့်မစုံ မှုံဝါးဝါး၊ လမ်းမီးလင်းလင်းတွေ မမှိတ်သေး။ လေအေးအေးတွေတော့ ရှိနေတယ်။ အိမ်တချို့အတော့ အိပ်မောကျလျှက်။ လမ်းထိပ်ရောက်တော့ ကိုယ့်ထက်ဦးတဲ့လူနဲ့တိုးတယ်။ ကျန်းမာရေးအရလည်းမဟုတ်သလို အချိန်ပိုတွေကို အကွက်ကျကျ အသုံးချနေတာလည်း မဟုတ်ရပါဘူး။ မုန့်ဟင်းခါးဆိုင်ထွက်ဖို့ ဟင်းရည်အိုးမီး အစပျိုးနေတာပါ။

“လမ်းလျှောက်ထွက်လာကြတာလား”

စားပွဲခင်းကြီးကိုပြန့်အောင်ဖြန့်ရင်း နှုတ်ဆက်စကားဆိုတယ်။ လမ်းထိပ်ဆိုက္ကားဂိတ်မှာ ဆိုက္က္ကားတစီး ပုဆိုးခြုံကွေးနေတယ်၊ဖြတ်သွားဖြတ်လာ ကားတစ်စီးနှစ်စီးရှိတယ်။ ခွေးတွေကတော့ ပြေးပြေးလွှားလွှားနဲ့။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပေမယ့် မသန့်ရှင်းပါဘူး။ လမ်းဘေး လမ်းမ ရှုပ်ပွလို့။ လမ်းဘေးဈေးသည်တွေရဲ့ တောင်းတွေ ပုံးတွေ ဆိုင်ခုံမှောက်ရက်တွေ၊ စွန့်ပစ် ထားတဲ့ အမှိုက်သရိုက်တွေ။ ဟိုးရှေ့မီးပွိုင့်ကြီးကတော့ သူ့တာဝန်အတိုင်း စိမ်းလိုက် နီလိုက်။

“ဘယ်ဘက်သွားမလဲ”
“သုဝဏ္ဏထိလျှောက်မလား”

“အာ…အဲလောက်အဝေးကြီး”
“ဒါဆို…ဘုရားဘက်လျှောက်ကြတာပေါ့..”

မီးပွိုင့်အတိုင်းဆက်လျှောက်လာတော့ ဈေးကြိုကားတစ်စီးပြန်လာတာနဲ့ကြုံတယ်။ သြော်.…သူတို့လုပ်ငန်းခွင်ဝင်ခဲ့ကြတာ ခရီးတစ်ဝက်မကတော့ပါလားပေါ့။ ထင်တယ် နှစ်ချက်ခွဲသုံးနာရီထိုးလောက်ကတည်းက အလုပ်လုပ်နေကြရသူတွေ။ ပူလို့ ပူမှန်းမသိ။ တစ်ယောက်နဲ့ တစ်ယောက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။ ကားလမ်းပေါ် အရမ်းတက်လို့မဖြစ်ဘူး။ ကား တွေက တရကြမ်းမောင်းတာ။ စောစောကမီးပွိုင့်မှာ မီးနီကြီးကို ကားရှင်းတယ်ဆိုပြီး ဖြတ်မောင်းသွားတာ။ ဟိုရက်ကပဲ အ ဒေါ်ကြီးတစ်ယောက်ကားတိုက်သွားတာ..ပွဲချင်းပြီးပဲ။

“အာ…ငါကြောက်တယ်..ပြန်လှည့်ကြရအောင်”
“လမ်းကြားထဲက ဖြတ်ထွက်မယ်လေ။ နောက်နေ့ဆို ဟိုဘက်ကသွားမယ်။ မနက်ပိုင်းလေးတော့ ပုံမှန်လျှောက်ပေးမှ”

လမ်းကြားဆိုတဲ့အတိုင်း လမ်းမကြီးကိုဘေးတိုက်ကပ်ထားတဲ့ အဆွယ်အပွားအိမ်သေးသေးလေးတွေ။ တံခါးဟောင်းလောင်း နဲ့ ခြင်ထောင်တွေလှမ်းတွေ့ရတယ်။ အိမ်သာကို ဘယ်အနားသွားထားသလဲမသိပါဘူး။ မိသားစုတွေကလည်း အိမ်နဲ့ကာ ဟန်မတူ။ အဖေလုပ်သူကအမူးလွန်ပြီး အိမ်ပေါ်မတက်နိုင်တာလား။ အိမ်ပေါ်မှာလူကြပ်နေလို့လားမသိဘူး။ အတက်ဝ ခုံတန်းရှည်မှာ အင်္ကျီချွတ်နဲ့ အိပ်မောကျနေတယ်။ ခြင်တွေသည်း သည်းထလို့။ သူတို့က ရေမြောင်းကိုပိတ်ပြီး အိမ် ဆောက် ထားတာဆိုတော့။ ဘုရားရှေ့ လက်ဘက်ရည်ဆိုင်မှာတော့ အီကြာကွေးကြော်နေပြီ။

“အပြန်ကြ…ဒီမှာလက်ဘက်ရည်ဝင်သောက်မယ်”
“အေး”

ဘုရာတံခါးဖွင့်နေပြီ။ လူရှင်းတော့ အာရုံက ချက်ချင်းကပ်တယ်။ ဒါပေမယ့် ငါတို့လမ်းလျှောက်လာတာလား ဘုရားဘူးလာ တာလား…ပေါ့။ သိပ်တော့မထူးပါဘူး။ လမ်းလျှောက်တာ ကျန်းမာရေးအတွက်။ ဘုရားဘူးတာကုသိုလ်ရေးအတွက်။ ခက် တော့ခက်နေပါပြီ။ ဘုရားရင်ပြင်တော်ပေါ်မှာလည်း လမ်းလျှောက်ခြင်းပါပဲ။ လေအေးအေးတွေ အဆုပ်ထဲဆွဲသွင်းရင်း၊ ခြေ ညောင်းလက်ဆန့် လှုပ်လှုပ်ရှားရှား၊ အလင်းက ထင်သာမြင်သာထွက်ပေါ်နေပါပြီ။ လှုပ်ရှားမှုတွေကလည်း မြန်မြန်သွက် သွက်၊ ရေးကြီးသုတ်ပြာ၊ လောဘဇောကပ်ပြီး။

ဘုရားပေါ်ကပြန်ဆင်းပြီး မိုးစင်စင်မလင်းသေးတာနဲ့ ဘုရားလမ်း တပတ်လျှောက်လိုက်သေးတယ်။ ဆိုက်ကားတွေ သွား နေကြပြီ။ အလုပ်…လုပ်နေကြတာ မိုးမလင်းသေး။ အလုပ်သွားသူတချို့တွေ့ရတယ်။ ဒါလည်း..အလုပ်ပဲ။ ဈေးသည်တချို့ ရောင်းဝယ်ဖောက်ကားဖို့ ဟန်ပြင်နေကြပြီ။ ဒါ…လုပ်ငန်းခွင်ဝင်နေကြခြင်းဖြစ်ပါတယ်။ သတိရမိပါရဲ့။ လူတစ်ယောက်ရဲ့ တစ် နေ့အလုပ်ချိန် (၈) နာရီဆိုတာကို။

ရပ်ကွက်ကလေးက စတင်သက်ဝင်လှုပ်ရှားနေပါပြီ။ ထမင်းစားဖို့လား…ဘဝရပ်တည်ရေးအတွက်လား၊ လက်ဘက်ရည် ဆိုင်ထဲ အီကြာကွေးတစ်ပွဲ လက်ဘက်ရည်ပေါ့ဆိမ့်နှစ်ခွက်နဲ့ တီဗီဖန်သားပြင်ကြီးက ဘောလုံးပွဲအပိုင်းအစတစ်ခုကို ငေး ရင်း အရောင်ရင့်ရင့် အရိပ်တစ်ခုလာရပ်တော့ တိုင်းရင်းသားမျက်နှာပေါက်နဲ့ ကိုရင်လေးတစ်ပါး။ ဆိုင်ရှင်က မလိုတမာ စကားတွေနဲ့ လှမ်းပေါက်ပေမယ့် တန်ဘိုးသင့်အကြွေတစ်ရွက်တော့ သပိတ်ပေါ်တင်ပေးလိုက်ပါတယ်။

အိမ်တံခါးသော့ဖွင့်ရင်းပြောမိတယ်။ ငါတို့…လမ်းလျှောက်တာချည်းသက်သက်လုပ်လို့ရတဲ့နေရာရှာကြရအောင်လို့။ လင်မ ယားနှစ်ယောက်က ကျန်းမာရေးနဲ့ညီညွတ်ပြီး ပေါ့ပါးလန်းဆန်းအောင်လမ်းလျှောက်ထွက်ပါတယ်ဆိုမှ လေးပင်အုံ့မှိုင်းပြီးပြန် လာရတယ်လို့..။

အဲလိုထူး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts