ရသဆောင်းပါးစုံ

ရန်လိုကျွဲ – နိုင်ငံရေးသမားကိုပဲ အစိုးရက ဦးစားပေးမှာလား

 ရန်လိုကျွဲ – နိုင်ငံရေးသမားကိုပဲ အစိုးရက ဦးစားပေးမှာလား
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

၂၀၁၅ အဝင်တွင် နိုင်ငံရေးသမား အများအပြား အံ့အားသင့်သွားစေသည့် ကြေညာချက်တစ်စောင် နေပြည်တော်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုကြေညာချက်တွင်   စစ်တပ်က စစ်တန်းလျားပြန်မည်၊  အခြေခံဥပဒေ အသစ်ပြန်ရေးမှ သင့်တော်မည်၊ ရွေးကောက်ပွဲ ကော်မရှင်ကို ကြားလူများဖြင့် ပြန်ဖွဲ့ပေးပါမည်၊ ငွေစက္ကူတွင် ခြင်္သေ့ရုပ်ထည့်မိသဖြင့် တောင်းပန်ပါသည် စသည့် စသည့် အချက်များ မပါဝင်ဘဲ ဘာကြောင့် အံ့သြနေကြသနည်း။

နိုင်ငံရေးသမား အများအပြား အံ့သြကြရခြင်းမှာ နေပြည်တော်က ဖွဲ့ပေးတော်မူသည့် ကော်မတီတစ်ခု၏ အဖွဲ့ဝင် ၂၈ ဦး စာရင်းတွင် သူတို့အမည်ကို မျှော်လင့်မထားဘဲ တွေ့လိုက်ကြရခြင်းကြောင့်ပင်။

ဟုတ်သည်၊ မည်မျှအထိ အရာရောက်မည်မှန်း မသိရသည့်  အဖွဲ့တစ်ခုက အစိုးရကြေညာချက်ဖြင့် ဗြုန်းခနဲ ထွက်ပေါ်လာပြီး အဖွဲ့ဝင်များစာရင်းတွင် ကိုယ့်အမည်ကို ကိုယ်တွေ့လိုက်ရခြင်းကြောင့် အံ့သြစရာပင်။

အများ ထင်မထားသည့် အကွက်များကို နေပြည်တော်က ရံဖန်ရံခါ ရွှေ့တတ်ခြင်းက မြန်မာပြည်နိုင်ငံရေးအတွက် အပျင်းပြေ စရာအကွက် မဟုတ်လော။

တစ်ယောက်ယောက်ကို အံ့သြသွားအောင်လုပ်ပြီး Surprise ဟု အော်ဟစ်လိုက်သည့် အပြုအမူမျိုးကို အင်္ဂလိပ်ရုပ်ရှင်ထဲ တွင်တော့ ကြည့်ဖူးသူများကတော့  ဤကော်မတီအမည်စာရင်း ရုတ်တရက် ချပြခြင်းကို  အနောက်တိုင်းဆန်သော လှုပ်ရှား မှုဟုလည်း ယူဆဖွယ်ရှိသည်။

အမိန့်ပေးခိုင်းစေသည့်ပုံစံ သက်ရောက်သဖြင့် စစ်တပ်ဆန်းလွန်းသည်ဟု အဆိုးမြင်သူလည်း ရှိချိမ့်မည်။

မည်သို့ပင် မြင်ကြပါစေ… နိုင်ငံရေးအကျဉ်းသားရေးရာ ကော်မတီ ဟု အမည်ရသော စုစည်းမှုက အင်အားကောင်းလှသည်။ အစိုးရကိုယ်စားလှယ်တို့ ထိပ်ဆုံးက ပါသည်၊ နိုင်ငံရေးသမားတို့ အလုံးအရင်းနှင့် ပါသည်၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တချို့ပင် ပါသေးသည်။

ငါ့နာမည်ကို ငါ့သဘောတူညီမှု မယူဘဲ၊ အသိမပေးဘဲ ဒီလို ထည့်လိုက်တယ်ဆိုတာ ထင်ပေါ်လို့ စင်တော်ကောက်တာ ပဲဖြစ်မှာပါဟု ယူဆသည့် နိုင်ငံရေးသမားလည်း ရှိနိုင်သည်။

တော်သေးတာပေါ့ကွာ…ခါတိုင်းလို ခြင်ထောင်ထဲ ဝင်ဆွဲပြီး အင်းစိန်ထောင် ပို့လိုက်တာမှမဟုတ်ဘဲဟု အကောင်းဘက်က တွေးသူလည်း ရှိနိုင်သည်။

ဘေးမှကြည့်သူတို့ကတော့ ဗိုလ်ချုပ်ကြီးများနှင့် နိုင်ငံရေးသမားများ လက်တွဲနေကြပြီဟု ယူဆနိုင်သည်။ ကော်မတီဝင် ဆိုတော့ ကားပါမစ်တွေ၊ ဘာတွေ ရမှာပဲဟု ထင်သူလည်း ရှိနိုင်သည်။

အရပ်ဘက်နိုင်ငံရေးသမားတို့ကို နေရာ ရက်ရက်ရောရော ပေးလာခြင်း၊ စကားလုံး အသုံးအနှုန်း အကဲဆတ်တော်မူလှသည့် ဗိုလ်ချုပ်ကြီးတို့က နိုင်ငံရေးအကျဉ်းသားဟူသောစကားလုံးကို စိတ်လိုလက်ရ သုံးလာခြင်းတို့က အကြီးစား တိုးတက်ဖြစ် ထွန်းမှုများ ဖြစ်သည်ဟု အနောက်တိုင်းအစိုးရမင်းတို့က ရွှေဥာဏ်တော်စူးရောက်စွာ မှတ်ချက်ချကောင်း ချနိုင်သည်။

မြန်မာပြည်အသွင်ကူးပြောင်းရေးကိုစောင့်ကြည့်နေသည်ဟူသည့် အနောက်ဘက်အစိုးရတို့လည်း အမြင်တွေ ပြောင်းနေပြီ မဟုတ်လော။

သေချာပေါက် မေးလာကြမည့်မေးခွန်းမှာ ဒီကော်မတီက ဘာလုပ်မှာလဲဟူသော မေးခွန်းပင်။ ဗိုလ်ချုပ်ကြီးတို့ နိုင်ငံရေးလုပ် လာသည်မှာ ရာစုနှစ်ထက်ဝက်ရှိလာပြီ ဆိုသောကြောင့် ဒီမေးခွန်းမျိုးကိုတော့ တစ်ရေးနိုးလည်း ထဖြေနိုင်ပေလိမ့်မည်။

ကော်မတီမှာ အဖွဲ့ဝင် အယောက် ၃ဝ နီးပါး ပါဝင်တယ်ဆိုတော့ အင်အားကောင်းလှချည်လား၊ နိုင်ငံရေးအကျဉ်းသား အရေအတွက် များလွန်းလို့ ကော်မတီကို အင်အားကောင်းကောင်းဖွဲ့ထားတာလားဟုလည်း တချို့က မေးနိုင်သည်။ ကော်မ တီဝင်တွေက ဘာတွေလုပ်ရမှာလဲ၊ နိုင်ငံရေးသမားတွေကို လိုက်ဖမ်းရမှာလားဟုလည်း မေးလာဖွယ်ရှိသည်။

နိုင်ကျဉ်းအရေအတွက် များလာနိုင်ချေရှိလို့ ဒီလို ဖွဲ့လိုက်တာဖြစ်နိုင်တယ်ဟု အကဲခတ်တချို့က သုံးသပ်လာဖွယ်ရှိသည်။ မြန်မာပြည်ကို ဆက်ပြီးအုပ်ချုပ်မင်းလုပ်နေသူတွေဟာ ယခင်ဗိုလ်ချုပ်ကြီးတွေပဲဖြစ်တာကြောင့် နိုင်ငံရေးအကျဉ်းသား အ ရေအတွက် များလာမယ်ဆိုရင်လည်း မထူးဆန်းပါ ဟူသော  သုံးသပ်ချက်ပင် ထွက်လာနိုင်သည်။

လက်ပံတောင်းဒေသ တောင်ဖြိုနေမှုကို ကန့်ကွက်အပြီးဖြစ်လာနေသည့် ပဋိပက္ခမှာ ဆူပူအောင်လှုံ့ဆော်သူများကြောင့်ဖြစ်သည်ဟု အကြော်သည်လက်နှီးကဲ့သို့သော ကောက်ချက်ချသံ ထွက်လာသည်မှာ မကြာသေးသောကြောင့်လည်း နိုင်ငံရေး အကျဉ်းသား သေချာပေါက် တိုးပွားလာတော့မည်ဟု ခန့်မှန်းသူက ခန့်မှန်းလိမ့်မည်။ ပဲခူးတိုင်းဘက်မှာ ဒုတိယအင်းစိန်ထောင် ဆောက်နေပြီမဟုတ်လားဟု ထောက်ပြသူက ထောက်ပြမည်။

ထောင်ထဲသို့ နိုင်ငံရေးသမားများ ရောက်သွားပြီ ဆိုပါစို့။  ထိုအခြေအနေကို သဘောကျသူများထဲတွင် မူးယစ်ဆေးရောင်းသူ၊ ဓားပြ ရာဇဝတ်သားတို့လည်း ပါဝင်နိုင်သည်။ လက်ခုပ်သံမျှော်လင့်သည့်အစိုးရက နိုင်ငံရေးသမားတို့ကို လွတ်ငြိမ်းခွင့်ပေး တိုင်း သူတို့လည်း  ရောယောင်ပြီး အလုံးအရင်း လွတ်မြောက်သွားတတ်ကြသည်မှာ မကြာခဏ မဟုတ်လော။ လာလော့ လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်းသက်သာခွင့် လာလော့။

အစိုးရ ဖွဲ့ပေးလိုက်သည်က ကော်မတီတစ်ခု။ အကဲခတ်ချက်၊ ခန့်မှန်းချက်တွေက ဆယ်ခုမက ထွက်လာသည်။

သေချာသည်ကတော့  ကော်မတီသစ်တွင် နိုင်ငံရေးသမားများကို ဦးစားပေးခြင်းဆိုသည်မှာ အစိုးရက သိသိသာသာ ဘက် လိုက်ခြင်းပင်။ ကော်မတီအဖွဲ့တွင် နိုင်ငံရေးသမား အယောက် ၂၀ ထည့်ပေးလျှင် စာနယ်ဇင်းသမားလည်း အယောက် ၂၀ တော့ အနည်းဆုံး ပါဝင်သင့်သည်။ အဘယ်ကြောင့်နည်း။

နိုင်ငံရေးသမားသာ ထောင်ကျသည်မဟုတ်၊ ကလောင်သမားလည်း ထောင်ကျတတ်သည်။ မင်းမျက်သင့် စာနယ်ဇင်း သမားကိုလည်း နိုင်ကျဉ်းအဖြစ် ခေတ်အဆက်ဆက် အသိအမှတ် ပြုခဲ့ကြသည်။ ဤစကားလုံး မသုံးလိုသည့် ဗိုလ်ချုပ်ကြီး တို့ကိုယ်တိုင်ပင် အကျဉ်းကျစာနယ်ဇင်းသမားကို အထူးအကျဉ်းသား၊ အရေးကြီးအကျဉ်းသား စာရင်းသွင်းပြီး အထူး ဂရုစိုက်ခဲ့ဖူးသည်။

ယနေ့ခေတ်တွင် မင်းမျက်သင့် လယ်သမားများလည်း ရှိလာသည်။ ထွန်တုံးတိုက်ပွဲဆင်ခြင်း၊ မြေအသိမ်းခံရမှုဆန္ဒပြခြင်းဖြင့်ထောင်ထဲရောက်သည့် လယ်သမားအရေအတွက်က ရာဂဏန်း ရှိလာပြီ။ ထိုသို့သော မင်းမျက်သင့်ခံရသူတို့ကိုလည်း အဖွဲ့အစည်းတချို့က နိုင်ကျဉ်းအဖြစ် ယူဆကြသည်။

အစိုးရက မျှမျှတတ လုပ်ဆောင်သည်ဟူသောအချက်ကို ပြသလိုပါက ကော်မတီတွင် နိုင်ငံရေးသမားတို့ကိုသာမက စာနယ် ဇင်းသမားများ၊ လယ်သမားများကိုလည်း ထည့်သွင်းသင့်ပါသည်။ မကြာမီ ထည့်သွင်းမည်ဟုလည်း ယုံကြည်ပါသည်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts