သတင်းပဒေသာ

ဆလိုင်းရွှေလင်း – ဓမ္မစာဆို အရှင်နာရဒ(ပုတီးကုန်း) ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ သြဝါဒါစရိယဆရာတော် ၊ ဝိနယဓရ ပိဋိကတစ်ပုံ အာဂုံအောင် ပျံလွန်တော်မူ

ပန်းချီဆရာကြီး ဦးစန်းလှိုင်နှင့်အတူ မကြာသေးမီက တွေ့ခဲ့ရသော အရှင်နာရဒ(ပုတီးကုန်း)
 
ဆလိုင်းရွှေလင်း ဓမ္မစာဆို အရှင်နာရဒ(ပုတီးကုန်း) ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ သြဝါဒါစရိယဆရာတော် ၊ ဝိနယဓရ ပိဋိကတစ်ပုံ အာဂုံအောင် ပျံလွန်တော်မူ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅
 
ရန်ကုန်၊အလုံ၊ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ်တွင် စာချနာယကအဖြစ် ဆောင်ရွက်တော်မူသော ဆရာတော် အရှင်နာရဒသည် သက်တော် ၅၇-နှစ် ဝါတော် ၃၇-ဝါအရောက် ၂၁-၁၁-၂၀၁၅ စနေနေ့၊ကောဇာ ၁၃၇၇ တန်ဆောင်မုန်းလဆန်း (၁၀) ရက်နေ့ ည ၇-နာရီတွင် ပျံလွန်တော်မူခဲ့ပါသည်။ဆရာတော်သည် ဗမာတိုင်းရင်းသားဖြစ်သော်လည်း ချင်းလူမျိုးများအပါအဝင် အခြားတိုင်းရင်းသားများ ဗုဒ္ဓဘာသာထွန်းကားရေးကို လိုလားတော်မူသည်။ အားပေးတော် မူသည်။ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့တွင် သြ၀ါဒါစရိယဆရာတော်အဖြစ် ပျံလွန်တော်မူသည်အထိ ပါဝင်ချီးမြှောက်တော်မူသည်။ 
 
ဆရာတော်ကို ကောဇာ ၁၃၂၀ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ရက် (၂၁-၂-၁၉၅၉) စနေနေ့တွင် ပဲခူးတိုင်း သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လက်ပံကုန်ကျေးရွာ၌ ခမည်းတော် ဦးကျော်ငြိမ်း၊ မယ်တော် ဒေါ်ခင်သန်းတို့မှ ဖွားမြင်တော်မူသည်။ ၁၃၃၄ခုနှစ်တွင် မိဘများ၏ ပစ္စည်းလေးပါးဒကာ ခံယူ၍ ရှင်သာမဏေပြုသည်။ ဥပဇ္ဈာယ်ဆရာမှာ ဆရာတော် ဦးကေလာသ ဖြစသည်။် ရွာဦးကျောင်း ဆရာတော်ထံမှ အခြေခံစာပေများကို သင်ယူခဲ့သည်။ ၁၃၃၈-ခုနှစ် တွင် ရန်ကုန်မြို့ အလုံ အောင်မင်္ဂလာတိုက်သစ်သို့ ရောက်ရှိကာ ဆရာတော် ဦးတေဇိန္ဒာဘိဝံသနှင့် စာချနာယက ဆရာတော်များထံ စာဝါလိုက်ခဲ့သည်။ ၁၃၄၀-ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာနေ ဦးခင်မောင်+ဒေါ်သင်းဥတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဖြစ်တော်မူသည်။ 
ရဟန်းဥပဇ္ဈာယ်ဆရာမှာ ဆရာတော် ဦးပဏ္ဍိတဖြစ်သည်။ 
 
၁၃၄၃ခုနှစ် သက်တော် ၂၃နှစ် အရွယ်တွင် နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိသည်။ ၁၃၄၄ ခုနှစ်မှစ၍ ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၃၅၁ ခုနှစ်မှစ၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ၀ိနည်းဓိုရ်ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၃၅၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ပိဋိကတ် သုံးပုံစာမေးပွဲ ၀ိနည်းငါးကျမ်း အာဂုံဆောင်နိုင်သဖြင့် (၀ိနယဓန) ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်ရရှိသည်။ တဖန် နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ (၀ိနိယ၀ိဒူ)ဘွဲ့ နိကာယုဇ္ဇေတက၀ိနယဓရဘွဲ့တံဆိပ်တို့ကို ရရှိခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ ပထမပြန်စာမေးပွဲ စာစစ်တာဝန်တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၃၅၄ခုနှစ်မှစ၍ ပျံလွန်တော်မူသည်အထိ အောင်မင်္ဂလာတိုက်သစ်၌ စာချနာယကတာဝန်ကို ထမ်းဆောင်ခဲ့သည်။
 
ပျံလွန်တော်မမူမီ ၃ရက်အလို ၁၈-၁၁-၂၀၁၅ (ဗုဒ္ဓဟူးနေ့) တွင် အသက် ၉၄နှစ်ရှိ ပန်းချီ ဆရာကြီး ဦးစန်းလှိုင်၏ တကိုယ်တော် ပန်းချီပြပွဲသို့ ကြွရောက်ခဲ့သေးသည်။ ဆရာဆလိုင်းရွှေလင်းက ဆရာကြီးနှင့် ဆရာတော်ကို တွဲ၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပေးသည်။ 
 
ဆရာတော်သည် တေးထပ်၊ရတု၊ လင်္ကာ၊ များကို အထူးပြောင်မြောက်စွာ ရေးသားစပ်ဆိုတော် မူခဲ့သည်။ စာပေ၀ါသနာပါသော ကျောင်းသားနှင့် ရဟန်းများကို အားပေးကူညီ၍ သင်ပေးတော်မူသည်။ စာရေးဆရာ ဆလိုင်းရွှေလင်းသည် ကျောင်းသားငယ်ဘ၀၌ ဆရာတော်ထံ မရှင်းလင်းသည်များကို မေးလျှောက်၍ စာပေများ ရေးသားခဲ့သည်။ ဆရာတော်က စာမူကြမ်းများကို ဖတ်ရှု၍ အကြံပြုတော်မူသည်။ ရဟန်းစာဆို အရှင်ဥတ္တမ (ကလောင်အမည်- အနွေးသခင်၊ ရှင်မွေ့နွမ်း) ကို လည်း သင်ပေးပြပေးတော်မူသည်။ ဆလိုင်းရွှေလင်း၏ ပါဋိအသံထွက် ဖတ်နည်းကိုလည်း စိစစ်တည်းဖြတ်တော်မူခဲ့သည်။ ဆရာတော်သည် ဆလိုင်းရွှေလင်း၏ အလှူငွေဖြင့် ကဗျာလင်္ကာပေါင်းချုပ်စာအုပ်ဖြစ်သော ဓမ္မသင်းထုံ ကဗျာစုံ စာအုပ်ကို ထုတ်ဝေလှူဒါန်းခဲ့သည်။ သက်တော် ၅၀-ပြည့် ရွှေရတုစာစောင်ကိုလည်း ကလောင်စုံဖြင့် ထုတ်ဝေလှူဒါန်းခဲ့သည်။
 
ဆရာတော်သည် သက်တော် ၁၇-နှစ် အရွယ်မှစ၍ ဆေးလိပ်သောက်ခဲ့ရာ ပျံလွန်တော်မမူမီ ၃နှစ်အလိုတွင်မှ ဆေးလိပ်ပြတ်ခဲ့သည်။ စာရေးစာချ တရားဟောအလုပ်များကြောင့် အညောင်းမိခဲ့သည်။ ဒကာဒကာမတို့ ကပ်လှူသော အဆီအစိမ့် အငန်များကို  ဘုန်းပေးခဲ့ရသည်။ ထိုအကြောင်းများကြောင့် ကျန်းမာရေး ထိခိုက်လာသည်။ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများ ဖြစ်ပွားခဲ့သည်။ သို့သော် ကျန်းမာရေးကြောင့် တာဝန်များ မလစ်ဟင်းစေခဲ့ပါ။ အခြားသူတို့ကိုလည်း ၀န်ထုပ်ဝန်ပို မဖြစ်စေခဲ့ပါ။ နေကောင်းသည်ဟုသာ အမြဲပြောနေခဲ့သည်။
 
 ဆရာတော်သည် ကျိန်းစက်ရာတွင် သီးသန့်အခန်းဖွဲ့ ခြင်း မပြုပါ၊ ဆိတ်ကွယ်ရာ မထားပါ။
ဆရာတော်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၂၉-၁၁-၂၀၁၅ (စနေနေ့)တွင် ထိန်ပင် သုသာန်၌ အန္တိမဈာပနသဘင် ကျင်းပမည်ဟု သတင်းရရှိပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts