သတင်းဆောင်းပါး

ခက်ဦး – ကဗျာဆရာမောင်နီမွန် နှစ်နှစ်ကာကာပြုံးလိုက်တဲ့ ညနေ

ခက်ဦး – ကဗျာဆရာမောင်နီမွန် နှစ်နှစ်ကာကာပြုံးလိုက်တဲ့ ညနေ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

မောင်နီမွန်တဲ့။ သူ့ရဲ့ ၁၉၅၈ မှသည် ၂၀၁၅ အထိ ကဗျာအားဖြင့်ဖြတ်သန်းမှုဆိုတာကြီးက မင်သက်မိအောင်အံ့သြစရာ၊ ကဗျာ ကဗျာ ကဗျာ ကဗျာနဲ့သာ တသားထဲကျအောင် ကိုယ့်ကိုယ်ကို စောင့်ကြည့်စိုက်ပျိုးဖူးပွင့်ရင့်သန်ခဲ့ပုံဆိုတာကြီးကလည်း ပြန်တွေးတဲ့အခါ ရင်ခုန်သံတွေမြန်လာလောက်အောင်ကြည်နူးစရာ၊ နိုင်ငံကျော်ကဗျာဆရာများနှင့် ပြင်ပမှာ facebook မှာ ကြုံရဆုံရလေတိုင်း မေးကြသည်က မောင်နီမွန်ကြီး ကျန်းမာပါရဲ့လားတဲ့။ ဟုတ်ကဲ့ပါ ဆရာကြီးမောင်နီမွန် ကံအကြောင်း မသင့်၍ လေဖြတ်ရောဂါ ခံစားနေရပါသော်လည်း နှလုံးသားကျန်းမာ ရွှင်လန်းစွာဖြင့် ယခုတိုင် စာနှင့်ကဗျာနှင့် ထုံမွေ့ရှင် သန်နေဆဲပါ။ ထို့အပြင် ထိုသို့မွေ့လျော်ရှင်သန်ခဲ့ခြင်းရဲ့ပြယုဂ်အဖြစ် ပင်လယ်ညကဗျာ ကဗျာစုစာအုပ် ထုတ်ဝေလိုက်နိုင် သည်အထိ ဆက်လက်ရှင်သန်နေဆဲပါခင်ဗျား။
……    …..   …… ……. …… ….. …….

၂၆ . ၁၁ . ၂၀၁၅ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်နေ့ညနေ၊ ကဗျာဆရာ မောင်သော်တာ၊ အောင်လွန်းမြိုင်၊ ကိုလွင် နန်းမြေ၊ ပန်းချီစိုးမြင့်လေး၊ ဒီသစ်၊ ဒဿနေမင်းတို့ရှိရာ၊ ကဗျာဆရာ ရန်လင်းအောင်၊ လွင်နောင်နောင်၊ ခက်ဦး၊ ကဗျာဆရာ ကိုသားကြီး၊ ဇေရ၊ လင်းရီဝေ၊ ခေတ်ဆူး၊ ကောင်းဈာန်ထက်၊ ဇာန်မိုးဆဲလ်တို့ အသင့်ရောက်ရှိနေတဲ့ စာအုပ်မိတ်ဆက်ပွဲလေး ကျင်းပမယ့် တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းမှာရှိတဲ့ ၅၀၅ နှစ်ပြည့် မြို့တည်နန်းတည် ကေတုမတီ အထိမ်းအမှတ် ပန်းချီပြပွဲ ခန်းမငယ်ဆီကို တောင်ငူမြို့ရဲ့ကဗျာဆရာကြီး မောင်နီမွန် ကားငယ်လေးစီးလို့ ညနေ ၃ နာရီခွဲခန့်မှာရောက်ရှိလာပါတယ်။

လူငယ် လူလတ်ကဗျာဆရာတွေက ဆရာ့ကို ကားပေါ်ကနေ ထိန်းပွေ့ခေါ်ဆောင်ပြီး ဘီးတပ်ကုလားထိုင်ငယ်ပေါ်ကိုတင်လို့ ခန်းမထဲကို တွန်းတခါ မတလှည့်နဲ့ ခေါ်ဆောင်လိုက်ကြတယ်၊ စောင့်ဆိုင်းနေကြသူတွေကို ပြုံးပြပြီး ဆရာကြီးက နှုတ် ခွန်းဆက်လိုက်ပါတယ်။

အခမ်းအနားလေးစပါပြီ အခမ်းအနားအစီအစဉ်အရ ကဗျာစာအုပ်ထုတ်ဝေနိုင်မှုနဲ့ပတ်သက်ပြီး ဆရာ မောင်နီမွန်က ကြွ ရောက်လာသူ မြို့တွင်း မြို့အနီးက ရောက်ရှိလာကြတဲ့ကဗျာဆရာအပေါင်းကို အမှာစကားပါးပါတယ်။ ဆရာကြီးလေသံက တိုးညှင်းနေသော်ငြား ထိုင်ရာမထ ဘီးတပ်ကုလားထိုင်လေးပေါ်ကနေ ပြောနေရပါသော်ငြား မေတ္တာဓာတ်နဲ့ ရွှင်လန်းမှုနဲ့ လတ်ဆတ်မွှေးမြလို့နေပါတယ်။

ကဗျာဆရာဆိုတာ ကဗျာဖန်တီးရာမှာ ကိုယ်ပိုင်မြင်ထောင့်စစ်စစ်နဲ့ own creation နဲ့ own words နဲ့ ဖန်တီးနိုင်အောင်ကြိုးစားကြသင့်တယ်တဲ့ ၊ ဆရာကြီးရဲ့စေတနာပါတဲ့စကားက တွေးစရာတွေ အမျှင်အတန်းဖွဲ့ကျန်ရှိနေစေတယ်။

ကဗျာဆရာ အောင်လွန်းမြိုင်ရဲ့ ကဗျာစာအုပ်စီစဉ်သူအဖြစ်အမှတ်တရစကား ပြောကြားမှုနဲ့ အစီအစဉ်နောက်တစ်ခု ကို ဆက်လိုက်တယ်။ သူ့စကားသံတွေထဲမှာလည်း ဂုဏ်ယူသံ ဝမ်းမြောက်ကြည်နူးသံတွေ အပြည့်နဲ့ပါပဲ။

နောက်အစီအစဉ်က ကဗျာဆရာ လွင်နောင်နောင် ရဲ့ အမှတ်တရစကားပြောကြားမှု၊ သူက ဆရာမောင်နီမွန်ရဲ့ နာမည်ကျော် ဂန္တဝင်မြောက်လက်ရာ ကဗျာရှည်၊ ခေတ်ပြိုင်အိပ်မက်ထဲကခပေါင်း ကဗျာရှည်ကြီးကို ကဗျာဆရာ ရန်လင်းအောင်ရဲ့ ပံ့ပိုး ကူညီမှုနဲ့ စီဒီခွေနဲ့ ကဗျာရွတ်ပေးထားတဲ့ကဗျာဆရာပါ။

နောက်အစီအစဉ်က ဆရာကြီးရဲ့သမီး မအိဖြူလှိုင်ရဲ့ ကဗျာစာအုပ်နဲ့ မိတ်ဆက်ပွဲလေး ဖြစ်မြောက်အောင်မြင်မှုအတွက် ကြွရောက်လာသူများကို ကျေးဇူးတင်စကား ပြောကြားခြင်းအစီအစဉ်ပေါ့။ သူ့ဖေဖေရဲ့စာအုပ်အတွက် ကြည်နူးပျော်ရွှင်လွန်း တာမို့ ကျေးဇူးတင်စကားကို လှိုက်လှိုက်လှဲလှဲကို ဆိုရှာပါတယ်။

နောက်အစီအစဉ်ကတော့ အခမ်းအနားကိုကြွလာကြတဲ့ ဆရာကြီးရဲ့ ညီ တူ သား ကဗျာဆရာများမှ ဆရာ့ကဗျာစာအုပ်ထဲက ဆရာရေးသီရာကဗျာများထဲမှ နှစ်သက်ရာတွေ ရွေးချယ်ရွတ်ဆိုကြတဲ့အစီအစဉ်ပေါ့။

ဒီသစ် ရန်လင်းအောင် လွင်နောင်နောင် ခက်ဦး ဒဿနေမင်း ခေတ်ဆူး ဇေရ ဇာန်မိုးဆဲလ် ကောင်းဈာန်ထက် ကိုလွင် နန်းမြေ ပန်းချီစိုးမြင့်လေး (တောင်ငူ) နဲ့ ကိုသော်တာ တို့ရဲ့ ကဗျာရွတ်ဖတ်သံတွေနဲ့ ခန်းမငယ်လေးဟာ မြိုင်ဆိုင်နွေးထွေးသွားပါတော့တယ်

ဆရာကြီးမောင်နီမွန်က သူရေးသီရာ သူ့ကဗျာတွေကို သူ့နောက်မျိုးဆက်များ ရွတ်ဆိုနေကြချိန်မှာ ဦးခေါင်းလေးအသာ စောင်းလို့ အာရုံတွေနိုးကြွပြီး လန်းဆန်းကျေနပ်လို့နေပါတယ်။

အဲဒီ့အချိန်မှာပဲ အခမ်းအနားရှိရာဆီ လုပ်ငန်းတာဝန်တွေနဲ့မအားမလပ်လို့ ရောက်မလာနိုင်တဲ့ ကဗျာဆရာ မင်းညွန့်လှိုင် ရဲ့ facebook status ကနေတဆင့် ပေးပို့လိုက်တဲ့ အလွမ်းစာစုကို ကဗျာဆရာ ရန်လင်းအောင် က တွေ့ရှိဖတ်ရှုမိရာကတဆင့် ကဗျာဆရာ ကိုသားကြီးက ကြွရောက်လာကြသူအားလုံးကို ကိုမင်းညွန့်လှိုင် ကိုယ်စား ဖတ်ပြပေးပါတယ်။

အခမ်းအနားငယ်ကို ညနေ ၄နာရီခွဲမှာ အဆုံးသတ်လိုက်ပါတယ်။
…….     ………    ………     ………   ……..

ကဗျာ့ခေတ်အသွယ်သွယ်ကို ခက်ခဲစွာ ဖြတ်သန်းနိုင်ခဲ့သူ ကဗျာဆရာကြီး မောင်နီမွန်ရဲ့ ပင်လယ်ညကဗျာ စာအုပ်မိတ်ဆက် ပွဲလေးဟာ  ပြောင်မြောက်တဲ့ကဗျာများနဲ့ ခေတ်တာဝန်ကိုထမ်းပြီး လှပရဲရင့်စွာဖြတ်သန်းခဲ့သူ ရှေ့ဆောင် ကဗျာဆရာကြီး တစ်ဦးရှိရာဆီ ဆရာကြီးရဲ့နောက်တော်ပါးမှ ထပ်ကြက်မကွာ စီတန်းဖြန့်သန်း ဖြတ်သန်းလာကြတဲ့ လူငယ်လူလတ် ကဗျာဆရာများ ချစ်ခြင်းနဲ့ လေးစားခြင်းနဲ့ တန်ဘိုးထားခြင်းနဲ့ အရောက်လာပူးပေါင်းပျော်ရွှင်ကြတဲ့ထူးခြားတဲ့ အခမ်းအနား လေးပါပဲ။

၂၆ . ၁၁ . ၂၀၁၅ ရဲ့ နေရောင်ဝင်းတဲ့ ကဗျာရနံ့သင်းသင်းညနေလေး လှလှပပ ကုန်ဆုံးခဲ့ပါတယ်။
….. …..  ….. ……….. ……… ……. ………….

လျှောက်လှမ်းဖြတ်သန်းခဲ့ရာ ကဗျာသက် ၅၇နှစ်ကျော်ကြာခဲ့တဲ့ ကဗျာလမ်းမှာ စုစုစည်းစည်း ထူးထူးခြားခြားထုတ်ဝေဖြစ်ခဲ့တဲ့ စာအုပ်လေးအတွက် ချစ်သောကဗျာမိတ်ဆွေများနဲ့ရင်းနှီးချစ်ကြည်စွာ ဆုံလိုက်ရတဲ့အတွက် ကဗျာငွေ့လှုံလိုက်ရတဲ့အတွက် ဒီနေ့ညနေမှာ ဆရာကြီးမောင်နီမွန်ဟာ နှစ်နှစ်ကာကာကြီးကို ပြုံးရွှင်လို့နေပါတော့တယ်။

ကျွန်တော်လည်း ဆရာကြီးရဲ့ ကဗျာစာအုပ်နာမည်လည်းဖြစ် ဆရာကြီးရဲ့ ကဗျာနဲ့ လူမှုဘဝ ဖြတ်သန်းမှုကိုထင်ဟပ်တဲ့ သူ့ကိုညွှန်းဆိုရာသူ့နိမိတ်ပုံ သူ့ကဗျာ ပင်လယ်ည (အခိုးသတ်ထားတဲ့ပင်လယ်) ကဗျာကို စိတ်ထဲ တီးတိုးရွတ်ဆိုရင်း ချမ်းအေးလာတဲ့ညယံတိုင် ရန်ခုန်သံနဲ့ ကဗျာ့သွေးအားနဲ့ နွေးထွေးနေပါတော့တယ် ။

ပင်လယ်ည
………………

နေကုန်နေခမ်း မပူခဲ့သလိုမျိုး
ရေခဲမျက်နှာ
သူ့ကြမ်းပြင် တတောလုံး တတောင်လုံး
မီးဟုန်းဟုန်းထ

(မောင်နီမွန်)

ခက်ဦး ၂၇ . ၁၁ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts