ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုက်တွန်းချက် – အပိုင်း(၄)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ  ။ နေပြည်တော် ၊ နိုဝင်ဘာ ၂၄

ဗိုလ်ထက်မင်း –  စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုက်တွန်းချက် – အပိုင်း(၄) 

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅

၁၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ စံချိန်တင် အများစုရထားတာမို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုရင် စိုးမိုးထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပေးသင့်ပါတယ်။ အကြောင်းရင်းမှာ ဗဟိုမှ မြို့နယ်အဆင့်ထိ အရပ်ဘက်၊ နယ်ဘက် အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေး၊ ပြည်တွင်းလုံခြုံရေးကို ပြည်ထဲရေးဌာနက အဓိကထား ကိုင်တွယ်နေရတာဖြစ်ရာ အီးယူက ထောက်ပံ့ပေးသလို ပြုပြင်ပေးရေး လိုအပ် ချက် ရှိနေတာမို့ NLD ရဲ့ ဒီမိုကရေစီ အသွင်ဖေါ်ဆောင်ရေးမှာ ထိရောက်မှူရှိရေးအတွက် လုပ်ပိုင်ခွင့်ပေးသင့် ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆန္ဒပြမှူတွေကို ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတာကြောင့် နာမည် ပျက်နေပါတယ်။ ဒီလို လွှဲပြောင်းလိုက်ခြင်းဖြင့် တပ်မတော်က သဘောထားကြီးတဲ့ ခြေလှမ်းတလှမ်းလှမ်းလိုက် တယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။ သတိပြုရာမှာက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကျရင် တပ်ချုပ်ရဲ့ မဲတမဲ လျှော့နည်းသွားမှာဖြစ်လို့ အရေးကြီးဆုံးဖြတ်ချက်၊ အမျိုးသားရေး၊ ပြည်ထောင်စုက ခွဲထွက်တာမျိုး ဒို့တာဝန်အရေး (၃) ပါး နဲ့  ရိုးရိုးဆန္ဒပြတာမဟုတ်ဘဲ အကြမ်းဖက်ခံရတာလိုမျိုး လုံခြုံရေးဆိုင်ရာတွေမှာ ဆိုးဝါးစွာ ထိခိုက်တဲ့ ပြည်တွင်းပြည်ပ ဖြစ်စဉ်လိုမျိုးတွေမှာ သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး တို့က တပ်ချုပ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြရေး ချိန်ဆကြရမှာ ဖြစ်ပါတယ်။

၁၈။ တပ်မတော်ထိပ်သီးတွေထဲမှာ တချို့က ဒေါ်အောင်ဆန်းစုကြည်မှာ “ဝှက်ဖဲ” ရှိတယ်လို့ သံသယဖြစ်နေကြပါတယ်။ မိမိတပ်မတော်မှာနေခဲ့တုံးက သိရသလောက် အမေရိကန်က ကိုးကိုးကျွန်းကို အခြေစိုက်စခန်းလုပ်ခွင့်ဆန္ဒ ရှိနေတယ်။ ဗြိတိန်ဟာ ဒေါ်အောင်ဆန်းစုကြည်သားများကို နိုင်ငံသားပေးထားတာကြောင့် ယခင်ကိုလိုနီ ဖြစ်ခဲ့တာမို့ သြဇာပြန်လွှမ်းမိုးဖို့ လုပ်လာတယ်လို့မြင်ကြပါတယ်။ စီးပွားရေးနဲ့ စပ်လျဉ်းပြီး စွမ်းအင်ကဏ္ဏမှာ ဗြိန်တိန်ဝင်ရောက်လိုတဲ့ အကြောင်းရင်းက ရခိုင်ပြည်နယ်စွမ်းအင် ရွှေဂက်ရတနာစီမံကိန်းလိုမျိုး ဝင်လို့ရရင် တရုတ်သြဇာမှ ဖယ်ရှားပြီးသားဖြစ်လိမ့်မယ် – စတဲ့ သည်လိုမျိုး တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးက ဖြစ်စေ၊ ထောက်လှမ်းရေးရဲ့ ၀ါဒဖြန့်ချိရေးကြောင့်ဖြစ်စေ တပ်မတော်သားတွေထဲမှာ သံသယအတွေးတွေ ရှိနေကြပါတယ်။ (မိမိစစ်ရုံးကိုရောက်ခဲ့တုံးက စစ်ဦးစီးမှူးပထမတန်းတစ်ဦး အခန်းထဲ ရုတ်တရက်ဝင်လာကာ လမ်းတဖက်မှာ ရှိနေတဲ့ဗြိန်တိန်သံရုံးက အားကောင်းတဲ့ ထောက်လှမ်းရေးစက်တွေနဲ့ ဆွဲနေလို့အခန်း တံခါးတွေ အလုံပိတ်ခိုင်းတာကို မြင်တွေ့ဖူးပါတယ်) ရွေးကောက်ပွဲအကြို  မဲဆွယ်ခရီးစဉ်တွေမှာ ဗြိန်တိန်သံရုံးမှ ၀န်ထမ်းတဦးက ခွင့်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နောက် လိုက်နေလို့၊ တပ်ချုပ်က ပြည်တွင်းရေးမှာ နိုင်ငံခြားသားတွေ မဝင်စွက်သင့်ဖူးလို့ အစည်းအဝေးတခုမှာ ပြောလိုက်ရာ ဗြိန်တိန်သံအမတ်ကြီး ရှင်းလိုက်ရတဲ့ ဖြစ်စဉ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ကလည်း အဲသလို သံသယတွေနဲ့ စောင့်ကြည့်နေတာမို့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသံသယတွေရဲ့ နောက်ကွယ်က အင်အားတွေကို သတိရှိရှိ စောင့်ကြည့်သင့်ပါတယ်။ နောက် သံသယတခုက (တဖက်ဝါဒဖြန့်ချိမှုတခု) ဘင်္ဂလီတွေကို နိုင်ငံသားပေးမယ်ဆိုတာ NLD မှ အသံဗလံ ထွက်ခဲ့တာမို့ မဘသအပါအဝင် မြန်မာအများစု စိုးရိမ်စိတ်လေးနက်မှုကို သိထားသင့်ပါတယ်။  ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အပေါ်မှာ ပြည်တွင်း ပြည်ပအားလုံးက အပေါင်းလက္ခဏာရှိတဲ့ စေတနာအမြင်ကို ထားရှိစေလိုကြောင်း၊ အပြုသဘောထားအမြင် ရှိကြစေလိုကြောင်း ပြောဆိုလိုက်တာဟာ အများကြီး ထိရောက်သွားပါတယ်။

၁၉ ။ ကျွန်တော်တို့ တပ်မတော်သားတွေမှာ – အထက်အကြီးအကဲတွေရဲ့သား၊ သမီးတွေကို မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ ဂါရဝတရားနဲ့ဆက်ဆံ ပြုစုလုပ်ကိုင် စောင့်ရှောက်တတ်တဲ့ ချစ်စရာကောင်းတဲ့ တပ်ရဲ့အစဉ်အလာ ရှိပါတယ်။  အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သားတွေရဲ့ ငြိမ်းချမ်းတဲ့ လက်တွဲဆောင်ရွက်မှုကို ပြည်သူလူထုက မြင်တွ့ချင်ကြပါတယ်။ အဓိက နိုင်ငံရဲ့အနာဂတ်ဟာ တပ်ချုပ်လက်ထဲမှာရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် တပ်ချုပ်ရဲ့ လက်ရှိအကြီးအကဲတွေအပေါ် သစ္စာဖေါက်ရာ မကျဘူးလို့ မြင်ပါတယ်။ ပါတီက အချို့အစွန်းရောက်လူတွေက အာဃာတတရားနဲ့ ပြုမူလာခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ကိုင်တွယ်ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖြစ်စဉ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်က မဲပေးပြီးနောက်တနေ့မှာ ရှူံးနိမ့်သူကိုဂုဏ်ပြုရမယ်။ အောင်ပွဲခံတာ မလုပ်ရဖူးလို့ ဟန့်တားလိုက်တဲ့စကားကို သူ့ပါတီဝင်တွေသာမက ပြည်သူလူထုက ယနေ့ထိ မြေဝယ်မကျနားထောင်နေတာတွေ့ရတာဟာ ထင်ရှားတဲ့ သာဓကပါပဲ

၂၀။ ဒေါ်အောင်ဆန်းစုကြည်ဟာ မေထုန်ရာသီဖွါး အင်္ဂါသမီးဖြစ်လို့ အတိုက်အခံများ ၊ပြိုင်ဘက်များပေမဲ့ အင်္ဂါနေ့ ဖွါးပီပီ မေထုန်ရာသီဂွင်သဘောအရ တိုက်ခံရလေ၊ ဖိနှိပ်ခံရလေ ပိုမိုပြီး တောက်ပြောင်လေဖြစ်ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ မျက်နှာမြင် လူချစ်လူခင်ပေါတတ်တဲ့ ရာသီဂွင်ဖြစ်ကာ ပြင်းထန်စွာဖိနှိပ်ခံရသလောက် အောင်မြင်ပြီဆိုရင်လည်း သူများနဲ့မတူဘဲကြောက်ခမန်းလိလိ တရှိန်ထိုးအောင်မြင်ကျော်ကြားပါတယ်။ လူထုက နှစ်ပေါင်းများစွာ သူမရဲ့စွန့်လွှတ် အနစ်နာခံမှူကို ကရုဏာသက်ကာ ချစ်ခင်မှုလေးစားမှူတွေနဲ့ ယုံကြည်မှု ပေးဆပ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက၊ သူမပါတီက အမတ်လောင်းတွေအားလုံးကို မိမိမဲဆန္ဒနယ်အသီးသီးမှာ ၀ိုင်းဝန်း မဲထည့်လိုက်ကြတာက မော်ကွန်းတင်လောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ခြေရာနင်းဖို့ တပ်မတော်တခုဘဲ တရားဝင် အတိအလင်း ထောက်ခံအားပေးဖို့သာ လိုအပ်နေပါတော့တယ်။

၂၁။ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံများဖြစ်ကြတဲ့ အမေရိကန်နဲ့အနောက်အုပ်စု၊ ဂျပန်တို့ကတဖက်၊ တရုတ်နဲ့ တဖက်၊ တဖန် တရုတ်နဲ့ အိန္ဒိယတဖက် တို့အကြားတွေမှာ အားပြိုင်တဲ့ အားစမ်းတဲ့ ကွင်းဖြစ်နေပါတယ်။ အချင်းချင်း မညီညွှတ်လေ ကြိုက်လေဖြစ်တာမို့ အချုပ်အချာအာဏာ မထိခိုက်စေရေးနဲ့ အမျိုးသားအကျိုးစီးပွါးအတွက် ဘက်မလိုက်ဝါဒကို ကျင့်သုံးမှသာ တိုင်းပြည်တိုးတက်နိုင်ပါမယ်လို့ တပ်မတော်ဘက်က အင်အားစုအချို့က ခံယူထားကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ နိုင်ငံရေးပါတီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အမျိုးသားပြန်လည်သင့်မြတ်ရေး အခုလိုအချိန်မှာ အရေးကြီးလိုအပ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စံပြအဖြစ် – ထိပ်သီးခေါင်းဆောင်နှစ်ဦးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စံနမူနာယူစရာအဖြစ် စတင်အကောင်အထည်ဖေါ်နိင်ခဲ့မည်ဆိုပါရင် ကျန်တဲ့သူများပါ ဆက်လာနိုင်ဖို့ရှိကာ လွတ်လပ်ရေးရပြီးနောက် တခါမှမရဘူးသေးတဲ့ မြန်မာ့သမိုင်းမှာ စည်းလုံးခြင်းရဲ့ အင်အားစုကြီးတစ်ရပ် ပေါ်ထွက်လာပါက အာဆီယံက အားကျအတုယူရတဲံ့ အာရှတိုက်ရဲ့ အတောက်ပဆုံးကြယ် ဧကန်မလွှဲဖြစ်လာမှာ သေချာကြောင်း တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts