ခိုင်မာကျော်ဇော – အဆိပ်သင့် ပန်းများ

မင်းကိုနိုင်၏ ပန်းချီကား
 
ခိုင်မာကျော်ဇော – အဆိပ်သင့် ပန်းများ 
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅

နတ်ဆိုးတွေပစ်တဲ့ ကျည်ဆံဟာ

ကလေးတို့ ရဲ့  ရင်ဝကိုမှ

တည့်တည့် ထိမှန်ရတယ်လို့ …… ။

မစုဝေလေး ခင်မျာ

ပျံသန်းဖို့ အခွင့်မသာခဲ့ဘူး

အိမ်ကြီးရှင်ရဲ့  ရှေ့ တော်မှောက်

ဒူးထောက်ဆို ထောက်

မှောက်ဆိုရင်လည်း မှောက်ရတာပဲ

နောက်ပြန် ကြိုးတုပ်

နေ၀င် မိုးချုပ်လို့ 

သုသာန်ပို့ ခဲ့ရင်လည်း ငုံ့ ခံဖို့ ပဲရှိတယ်

ငွေဆယ်သိန်းနဲ့ ကျွန်ဖြစ်ရတဲ့ ပန်းကလေးရေ

အမှောင်ညတွေ ရှည်လွန်းလှပေါ့။

သမီးရေ ….

ကမ္ဘာ့ရွာကြီးထဲက အဒေါ်တို့ ရဲ့ အိမ်လေးဟာ

အဆိပ်သင့်နေတာ ကြာလှပေါ့ကွယ်။

ဟိုမှာ… သမီးရဲ့ ညီမလေး

သစ်ငုတ်တိုလေးမှာ ချိတ်

ကျည်ထိရင်လည်း သေ

ဗုံးဆံထိလည်း သေရမှာပဲ

မငိုရဲရှာဘူး

သမီးလိုပဲ…

အသံတိတ်ကြေကွဲလို့ ။

တိုက်ပွဲတွေဖြစ်နေတယ်

မငိုနဲ့ တိတ်တိတ်နေတဲ့

မွေးကတည်းထဲက

အူဝဲလို့  ငိုခွင့်မရသူတွေလေ

အဆိပ်သင့်နေတဲ့ ပန်းတွေပေါ့ကွယ်။

ဒါပေမဲ့… အားတော့မလျော့နဲ့ သမီးတို့ ရယ်

မိစ ၦာဆိုတဲ့အမ်ဳိးက သက္ဆိုးမရွည္ဘူးကြဲ ့

သူတို့ ကို ရွာပြင်ထုတ်ဖို့ 

သံပုံးတွေ တီးနေကြပြီ

မိစ္ဆာတွေရဲ့ ခရီးဟာ ရောင်နီလာရင်ပြီးတော့မှာပါ။

နေခြည်ဖြာရင်…

အရိပ်တွေ ကွယ်ရမယ်

အဆိပ်တွေ ပြယ်ရမယ်

အနာဂတ်ကို သမီးတို့ ပိုင်တယ်

တိမ်တွေပြာ ပန်းတွေပွင့်တဲ့ရက်လည်း

သမီးတို့ အတွက်ပဲ ဖြစ်ရမယ်။

 

 
ခိုင်မာကျော်ဇော

နိုဝင်ဘာ ၂၃၊ ၂၀၁၅