ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် ( ၈ )

 
ရန်လင်းအောင် – ပြောဇာတ် ( )
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅
 
ခုတလော မဟာကဏှဇာတ်ကို
မကြာမကြာသတိရမိနေရဲ့
ဗာရာဏသီ ဥသီနကမင်း လက်ထက်တုန်းကပေါ့

ရဟန်းတွေကလည်း အကျင့်ပျက်

မင်းမှုထမ်းပုဏ္ဏားတွေလည်း ဖောက်ပြန်

လူတွေကလည်း လော်လီ

သြော် . . . ပျော်စရာအတည်ရယ်လို့မရှိ

ငရဲပြည်မှာ စည်ကားပြီး

နတ်ပြည်မှာတောင်

ဘုံပျောက်လုခမန်းဆိတ်သုဉ်းခဲ့ရပါသတဲ့

 
ဒါနဲ့

မဖြစ်ချေဘူးဆိုပြီး

လောကကြီးပျက်တော့မယ်

လောကကြီးပျက်တော့မယ်

လောကကြီးပျက်တော့မယ်အော်လို့ ဟစ်လို့

ဘိုးသိကြား က မုဆိုးကြီးလို

မာတလိ က ခွေးနက်ကြီးလို ဖန်ဆင်း

လူ့ပြည်ကို ချက်ချင်းဆင်းချလာပါပေါ

 
ဒီတော့မှ

ခွေးနက်ကြီးကိုမြင်ပြီး

ကြောက်လွန်း လန့်လွန်းလို့

တနိုင်ငံလုံး နန်းရင်ပြင်ထဲ ၀ရုန်းသုန်းကား

ပြေးကြ ပုန်းကြနဲ့

ဥသီနကဘုရင်ကြီးတောင် အကြောက်လွန်လို့

ပြဿ    ဒ်ပေါ်တက်ပြေးသွားပါသတဲ့

 
ဒီခွေးနက်ကြီး နန်းတွင်းထဲ ဘယ့်နှယ်

တွင်တွင်ထိုးဟောင်နေရသလဲ မုဆိုးကြီးရဲ့

ကြောက်ကြောက်နဲ့ ဘုရင်ခမျာမေးလာတော့မှ

ရန်သူ့ အသား စားချင်လို့

အကျင့်ပျက်မှန်ရင် ဒီခွေးနက်ကြီးရဲ့ ရန်သူ ပဲ

ပြောပြောဆိုဆို မုဆိုးတဖြစ်လဲ

ဘိုးသိကြားက ကိုယ်ထင်ပြ

ဘုရင်နဲ့အတူအားလုံးကို တရားပြတဲ့

တရားရစေတဲ့ မဟာကဏှဇာတ်

ခုတလော မကြာမကြာ သတိရမိပါရဲ့

 
ကမ္ဘာလောကကြီး သာယာဖို့

လောကကြီးကို အလှပြန်ဆင်နိုင်ဖို့

မုဆိုးကြီးလို၊ ခွေးနက်ကြီးလို

ဘိုးသိကြားရဲ့ ပါဖောမ်မန့် နဲ့

မာတလိ ရဲ့ ပါဖောမ်မန့် နဲ့

ညစ်ပွဲတွေ စစ်ပွဲတွေ ရပ်တန့်စေဖို့

မုဆိုးကြီးရေ . . . လာပါတော့

ခွေးနက်ကြီးရေ . . . လာပါတော့ . . .

 
ငါးရာ့ငါးဆယ်ဇာတ်တော်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်တော် ကိုမှီးပါသည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts