မောင်မိုးသူ

မောင်မိုးသူ – မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများ နှင့်မောင်မိုးသူ

မောင်မိုးသူ –  မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများ နှင့်မောင်မိုးသူ
(မောင်မိုးသူ  မော်ဒန်သတင်းဂျာနယ်) မိုးမခ၊ နိုဝင်ဘာ၊ ၂၁၊  ၂၀၁၅

ရန်ကုန်ရှိ မန္တလေးအသင်းတိုက်မှာ သက်ကြီးပူဇော်ပွဲ ပြုလုပ်ပါတယ်။မောင်မိုးသူလည်း ၇၉ နှစ်ရှိပြီမို့ တက်ရပါတယ်။ သက်ကြီးရွယ်အို ဘိုးများ ဘွားများကို အသင်းသူအသင်းသားများက လက်အုပ်ချီမိုးရှိခိုးကြပြီး လှူဖွယ်များပေးအပ် လှူဒါန်းကြပါတယ်။ သက်ကြီးများကိုယ်စား အသက်သိပ်မကြီးတဲ့ မောင်မိုးသူက ကျေးဇူးတင်စကား ၊ဆုတောင်းစကားပြောရပါတယ်။

မောင်မိုးသူဟာ အသက် သိပ်မကြီးပေမဲ့ သည်ရန်ကုန်မှာ စတင်ဖွဲ့စည်းတဲ့ မန္တလေးအသင်း စတင်ဖွဲ့စည်းရာမှာ အမှုဆောင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မန္တလေးအသင်း အမှုဆောင် အဆက်ဆက်မှာ ကွယ်လွန်အနိစ္စရောက်ကုန်ကြတာလည်း များလှပေါ့။

ကန်တော့ပွဲပြီးလို့ အသင်းက ကြာဆံဟင်းနဲ့ သီးသီးသုပ်ကျွေးဖို့ စီစဉ်ထားပါတယ်။ မန္တလေးအသင်းရဲ့ ကြာဆံဟင်းဟာ စားလို့ကောင်းမှန်း သိသလို သီးသီးသုပ်ဆိုတာလည်း မန္တလေးအသင်းက သာ မန္တလေးအနွယ်တွေမို့ မန္တလေးအစာ သီးသီးသုပ် လုပ်ကျွေးတာမို့ စားချင်ပေမဲ့ နောက်ပွဲ တပွဲရှိလေသေးတော့ သားငယ်နဲ့ မောင်မိုးသူ မစားမသောက်ဘဲ ပြန်ခဲ့ရပါတယ်။

နောက်ပွဲတပွဲကတော့ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ အိမ်မှာ စုစည်း ညစာကျွေးမွေးတဲ့ပွဲပါ။ မောင်သိန်းနိုင်က ငယ်သူငယ်ချင်းတွေ ရသလောက်စုပြီး ဆုံကြရအောင်ပါတဲ့။ အဓိကကတော့ အမေရိကန်က တလ ပြန်လာတဲ့ မောင်စွမ်းရည်ခေါ် ငဝက် ကို အကြောင်းပြုပြီး ဖိတ်ကြားတာ ဖြစ်ပါတယ်။ မောင်သိန်းနိုင်က မောင်စွမ်းကိုလည်း သွားခေါ်တယ်။ ခင်မောင်ဝင်း(ဝင်းကြွယ်) ကိုလည်း သွားခေါ်တယ်။ ဇော်မြင့် (ဇော်ဇော်အောင်) ကိုလည်း သွားခေါ်ပါတယ်။ ဒါရိုက်တာဝင်းဖေကတော့ ကြွက်တက်နေလို့ မန္တလေးအသင်း သက်ကြီးပူဇော်ပွဲတောင် မလာပါဘူး။ ဒါပေမဲ့ မောင်သိန်းနိုင်က သည်မန်းတက္ကသိုလ်က သူငယ်ချင်းတွေ ဆုံကြဖို့ မလွယ်တော့ဘူး။ ဝင်းဖေကြိုက်တဲ့ ဝက်သားအိုးကြီးချက်လည်း ချက်ထားပါတယ်ဆိုတော့ ဒါရိုက်တာဝင်းဖေက ရောက်အောင်လာမယ်တဲ့။

မောင်မိုးသူနဲ့ စာပေသူငယ်ချင်းများ (ဓာတ်ပုံ – မိုးစံ၊ ကျေးဇူးပြုသူ – မိုးချိုသင်း)

 

 

 

 

 

 

 

 

 

 

 

 

 

မောင်သိန်းနိုင်က ငယ်သူငယ်ချင်းတွေ ကားနဲ့ လိုက်ပတ်ခေါ်၊မောင်သိန်းနိုင်ရဲ့ ဇနီး ကြည်ကြည်တင်က ဘကြီးမိုး ဘာသောက်မှာလဲ၊ ဘာဝယ်ထားရမှာလဲ လို့ မေးပါတယ်။ မောင်မိုးသူလည်း ချီးဗတ်စ်ဖြစ်ဖြစ်၊ ဘလက် ဖြစ်ဖြစ်ပေါ့လေ၊ အလွယ်တကူပြောလိုက်တာကို ကြည်ကြည်တင်က ချီးဗတ်စ်ရော ဘလက်ပါ နှစ်လုံးဝယ်ထား ရှာပါတယ်။

မောင်မိုးသူ နဲ့ သားငယ် ညီညီမိုးသူတို့  မောင်သိန်းနိုင်အိမ် ရောက်သွားတော့ မောင်သိန်းနိုင်က ပြန်ရောက်မလာသေး။ ကြည်ကြည်တင်ကလည်း ရေချိုးနေသတဲ့။ ဒါပေမဲ့ ဧည့်ခန်းမှာ မောင်မိုးသူတို့ထက် အရင်ရောက်နေတာက ဘဂျမ်း(တင်မိုး)သမီး မိုးစံ တို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ခဏကြာတော့ ခင်မောင်ဝင်း(ဝင်းကြွယ်) ည ကား မမောင်းရဲလို့ တက္ကဆီနဲ့လာတာတဲ့။ သူရောက်လာတယ်။ ခဏကြာတော့ ဒါရိုက်တာဝင်းဖေ သူ့ကားနဲ့ သူရောက်လာတယ်။

သိပ်မကြာပါဘူး။ မောင်သိန်းနိုင်က မောင်စွမ်းရည်နဲ့ ဇော်ဇော်တို့ခေါ်ပြီး ရောက်လာတော့ လူစုံပြီပေါ့။  သည်ပွဲမှာ မောင်သိန်းနိုင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ တင်မိုးမရှိတော့ပေမဲ့ တင်မိုးသမီး မိုးစံ လာနိုင်တယ်လေ။ ကွယ်လွန်သွားပြီ  ဖြစ်တဲ့ မောင်ပေါက်စည်နဲ့ကြည်အောင်ကိုလည်း အမှတ်ရစရာပဲပေါ့။ ရန်ကုန်မှာပဲရှိနေတဲ့ မောင်သာနိုးကတော့ လမ်းလျှောက်လို့ မဖြစ်နိုင်လို့ မလာဘူးတဲ့။

သည်လို သည်လိုနဲ့ မောင်မိုးသူတို့ သူငယ်ချင်းတစု အရက်ဝိုင်း၊ ထမင်းဝိုင်းမှာ ထိုင်ကြ၊ဆုံကြပါတယ်။ မောင်သိန်းနိုင် နံဘေးမှာ ခင်မောင်ဝင်း(ဝင်းကြွယ်) ၊သူ့နံဘေးမှာ မောင်စွမ်းရည်(ငဝက်)၊ မောင်စွမ်းရည်နံဘေးမှာ တင်မိုးရဲ့သမက်၊ ပြီးတော့ ဒါရိုက်တာဝင်းဖေ၊ ဝင်းဖေ နံဘေးမှာ ဇော်မြင့်၊ ဇော်မြင့် နံဘေးမှာ မောင်မိုးသူပေါ့။ မောင်မိုးသူက လူလည်လေ။ နားမကြားတဲ့ ဇော်မြင့်နဲ့ ငဝက်ကြား မှာ မထိုင်မိဖို့ စကတည်းက နေရာယူပြီးသား။ သူတို့ နှစ်ယောက်အကြားမှာ ထိုင်ရင် ကိုယ်ကပဲ လော်စပီကာလို အော်အော် ပြောရတာ အဆင်မပြေဘူးလေ။

ကြည်ကြည်တင် ချက်ပြုတ်ကျွေးတာတွေကတော့ စုံလို့ စုံလို့ပါပဲ။ ဝက်သားအိုးကြီး နှပ်လည်းပါရဲ့၊ငါးမြင်းငါးပိချက်နဲ့ သီးစုံချဉ်ရည်ဟင်းလည်းပါရဲ့၊ပုစွန်ကြော်၊ငါးကြော်တွေလည်း ပါရဲ့ ၊မြည်းဖို့ ချိစ်တို့ ၊ အာလူးကြော်တို့လည်းပါရဲ့ ။ ဒါပေမဲ့ ဇော်မြင့်က မသောက်နိုင်တော့ပါဘူး။ မောင်သိန်းနိုင်၊ခင်မောင်ဝင်း နဲ့ မောင်မိုးသူတို့က တခွက်စီပဲ သောက်နိုင်ကြပါတယ်။ ဝင်းဖေနှစ်ယောက် (မောင်စွမ်းရည်ကလည်း ဝင်းဖေပဲလေ) ဒါရိုက်တာ ဝင်းဖေတို့ကတော့ သုံးခွက်စီလောက် သောက်နိုင်ပါတယ်။ စကားဝိုင်းမှာ နားမကြားပေမဲ့ စကားအပြောဆုံးက ငဝက် မောင်စွမ်းပါပဲ။ အင်းလေ သူက အခုလို စကားပြောချင်လို့  မြန်မာပြည် တကူးတကပြန်လာရှာတာကိုး။ နောက်တယောက်ကတော့ ဒါရိုက်တာဝင်းဖေပဲခင်ဗျ။ ဝင်းဖေကတော့ စွယ်စုံလည်း ဖြစ်၊ အသိကလည်းကျယ်၊ အဖြစ်အပျက်တွေကလည်း ရှယ်မို့ သူပဲဝိုင်းထိန်းပြီး စကားပြောသွားပါတယ်။

အားလုံးစုပြီး ဓာတ်ပုံရိုက်ကြတော့ဒါရိုက်တာဝင်းဖေက ဒါမန္တလေးတက္ကသိုလ်ရဲ့ နှင်းဆီကုန်းတွေလို့ ပြောပါတယ်။ နှင်းဆီကုန်းဆိုတာ ဘိုးဘွားရိပ်သာပေါ့။ တကယ်လည်းသည်လူအုပ်ဟာ မန္တလေးတက္ကသိုလ်ရဲ့ ဘိုးဘွားတွေ ဖြစ်နေကြပြီပဲ။ အငယ်ဆုံးဖြစ်တဲ့ ငဝက်၊ဇော်မြင့် နဲ့ မောင်မိုးသူတောင် ၇၉ နှစ် ရှိပြီပဲ။ ကျန်တဲ့လူတွေက ၈၀ ၊ဒါရိုက်တာ ဝင်းဖေက ၈၁၊ နှင်းဆီကုန်းတွေလို့ ပြောလို့ရတာပေါ့နော်။

 

ဆရာတို့၏ အမှတ်တရ လက်ရေးများ၊ ဓာတ်ပုံ မိုးစံ၊ ကျေးဇူးပြုသူ မိုးချိုသင်း

နောက်နေ့ကျတော့ ငဝက်(မောင်စွမ်း) က မောင်သာနိုးအိမ်ကို သွားချင်ပြန်သတဲ့။ ငဝက်က သွားချင်ပါတယ်ဆိုတော့ မောင်သိန်းနိုင်က လိုက်ပို့ရတာပေါ့။ မောင်သာနိုးက အိမ်က ကုလားထိုင်ကြီးပေါ်မှာ ရှပ်ကျယ် လက်ပြတ်နဲ့ ပုံ့ပုံ့ကြီးထိုင်နေပါတယ်။ နံဘေးမှ လေးချောင်းထောက် လမ်းလျှောက်တဲ့ပစ္စည်းနဲ့ ၊ အဲသည်မှာလည်း မောင်စွမ်းက စကားအပြောဆုံးပါပဲ။ မောင်သာနိုးက ပြုံးနေပြီး ဘာမှ မပြောပါ။ မောင်သိန်းနိုင်၊မောင်မိုးသူတို့က တခွန်းစ၊နှစ်ခွန်းစပဲပေါ့။

Photo – Yan Naung (Bo Ta Htaung)

 

 

 

 

 

 

 

 

 

 

 

 

ဒါနဲ့လည်း မပြီးသေးဘူးခင်ဗျ။ နောက်နေ့ (၁၇ ရက်နေ့) ဟုမ်းမှာ မိုးမခ ရဲ့  မောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများ စကားဝိုင်း လုပ်ဖြစ်ပါသေးတယ်။ အဲသည်စကားဝိုင်းမှာ ထိပ်ခုံမှာ ထိုင်ကြသူများကတော့ ဇော်မြင့်(ဇော်ဇော်အောင်) ၊မောင်မိုးသူ၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊မောင်သိန်းနိုင် နဲ့ ဒါရိုက်တာဝင်းဖေတို့ပါပဲ။ သည်ခြောက်ယောက်စလုံးကလည်း မန်းတက္ကသိုလ် ကျောင်းသူ ကျောင်းသားဟောင်းများပါပဲ။ မိုးမခမဂ္ဂဇင်းရဲ့ နာယကက မောင်မိုးသူ နဲ့ မောင်စွမ်းရည်လေ။ နာယက နောက်တဦးက မာမာအေးပါ။ သူ ရန်ကုန်မှာရှိရင် ပါရဦးမှာပေါ့။
၂၀၁၅ နိုဝင်ဘာလဆန်းကတည်းက မောင်မိုးသူလည်း ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲအလွန်တွေ

ဆောင်းပါး ရေးနေရသူ ဖြစ်ပေမဲ့ ငဝက် ရန်ကုန်ပြန်လာသခိုက် ငယ်သူငယ်ချင်းများနဲ့ ဆုံစည်းကြရတဲ့အကြောင်း ဒါရိုက်တာဝင်းဖေ နာမည်ပေးထားသလို မန်းတက္ကသိုလ်ရဲ့ နှင်းဆီကုန်းများနှင့် မောင်မိုးသူ လို့ ရေးလိုက်ပါတယ်။ သည်လူတွေ နောက်တကြိမ် အခုလို တစုတဝေးတည်း တွေ့ကြဖို့ ဆုံကြဖို့ဆိုတာ ဖြစ်ကောင်းမှ ဖြစ်နိုင်တော့တာမို့ပါ။

(သူငယ်ချင်းများနှင့်အတူ ဆုံခဲ့ပျော်ခဲ့တဲ့)  မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts