သတင်းဆောင်းပါး

ဆွေဝင်း (Myanmar Now) – အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု

ဆွေဝင်း (Myanmar Now) – အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

ယခုဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) – နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အပြတ်အသတ် အနိုင်ရခြင်းသည်  စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးအင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများရှိနေသည်။

ဆယ်စုနှစ်များစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကို မဲတစ်ပြားစီဖြင့် ကလဲ့စားချေလိုက်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သကဲ့သို့၊  မဲမသမာမှုတို့ အကြီးအကျယ် ဖြစ်ပွားခဲ့သော၂ဝ၁ဝ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာလက်လွှတ်ရန် ပြည်သူတို့က “သင်တို့ သွားကြလော့၊ ဆင်းကြလော့” ဟု တစ်ခဲနက်ကြွေး ကြော်လိုက်သည်ဟုလည်း ဆိုနိုင်သည်။

သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီအကူးအပြောင်းများဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ပြည်သူ့အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီကိုသာ  ပြည်သူများက အလဲထိုးအနိုင်ယူခဲ့ခြင်းမဟုတ်ချေ။

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာညှိးနွမ်းစေခဲ့သော ဗုဒ္ဓဝါဒအမည်ခံ အစွန်းရောက် မျိုးချစ်အင်အားစုတို့ကို  ပြည်သူများက အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း  ကောက်ချက်ပြုနိုင်သည်။

ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမှုမရှိသော၊ ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သော “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ဦးစီးသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလမ်ဘာသာလွှမ်းမိုးလတ္တံ့ဟု ပြည်သူလူထုကို မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကိုအိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊  NLD ပါတီ သည် မဘသအဖွဲ့ကအကြံပြုတင်သွင်းပြီး နောက်ဆုံး သမ္မတ အတည်ပြုသည့် မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော် တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီအာဏာရလာပါက ထိုဥပဒေများအားပြင်ဆင်နိုင်သဖြင့် ဘာသာ သာသနာဆုတ်ယုတ်ကုန်တော့မည်ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။

ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတကြီး ဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရရှိသူ ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော် နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ  ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

ထို့ပြင် မဘသအဖွဲ့က ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အတုမရှိ စသည့် ဂျာနယ် မဂ္ဂဇင်းများတွင်လည်း မဘသ၏ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသ အပါအဝင် မဘသ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များက ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုတယ်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှုးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သူ အစိုးရဝန်ကြီး တချို့ကလည်း အမျိုးဘာသာ သာသနာကို ထမ်းရွက်မည်ဟု အသံကောင်းဟစ်ခဲ့လေသည်။ ပြည်ခိုင်ဖြိုးပါတီဝင်တချို့ကလည်း မဘသအဖွဲ့ကရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာရွက်စာ တမ်းများကို ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ဝေငှခဲ့သည်။

ဘာသာရေးနှင့် နိုင်ငံရေး ဒွေးရောယှက်တင် မပြုရန် တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွံပြုခဲ့ကြသည်။

စစ်ခေါင်းဆောင်များကို မနှစ်မြို့သော၊  ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံသောသူတို့၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကို ထူ ထောင်ပြီး၊ မဘသအဖွဲ့တွင် တက်ကြွစွာလှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့ကို အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်း လှမ်းခဲ့သည်။ NDP ၏ ပါတီကြေညာစာတမ်းတွင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။

ထိုအမျိုးသားရေးလှုပ်ရှားမှုများကိုထောက်ရှု၍ ၁၉၉ဝ ရွေးကောက်ပွဲတွင်ကဲ့သို့  NLD အပြတ်အသတ် အနိုင်မရနိုင်ဟု တွက် ဆမှုများ ထွက်ပေါ်လာသည်။

သို့သော် ထိုတွက်ဆချက်များ အလုံးစုံမှားယွင်းကြောင်း NLD ၏ အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။

ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာအနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုး သားရေး၊ ဘာသာရေးအသံများ ဟစ်ထားသော၊ NLD မှ ခွဲထွက် ဖြစ်ပေါ်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ မွတ်စလင်မုန်းတီးရေးများပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှာလည်း ရွေးကောက်ပွဲ တွင် နေရာတစ်နေရာမှ မရရှိခဲ့ပေ။

မဘသ အားအကောင်းဆုံးဟူ ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။

စစ်တပ်ခေါင်းဆောင်များလွှမ်းမိုးထားသော အုပ်ချုပ်ရေးကို ပြည်သူတို့စက်ဆုပ်ရွံရှာမှုသည် မွတ်စလင်ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမိုအား ကောင်းနေခြင်း၊ လူမျိုးရေး ဘာသာရေးအမည်ခံ အစွန်းရောက်လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံခြင်းတို့ကို ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှားပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။

၂ဝ၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများဖြစ်ပွားပြီး၊ ထိုမီးပွားများ အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေး ခံစားချက်များ တိုးပွားလာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွယ်ကြောင်း ပြည်သူတို့က သံသယဖြစ်လာသည်။

မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းအဖြစ်သို့ ဆွဲခေါ်ခံသွားရသည်၊ ထိုထို အမုန်းစကား တရားပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင်ပြောဆို ထုတ်လွှင့်နေသူ များကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။

နောက်ဆုံး ပြည်သူတို့ကို အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများကို အမျိုးဘာသာ သာသနာစောင့်ရှောင့်မည့်သူများအဖြင့် ပုံဖော် မဲဆွယ်နေခြင်းဖြစ်ကြောင်း  ပြည်သူတို့တွေ့ရသောအခါ သူတို့၏မကျေနပ်ချက်များ အထွဋ်အထိပ်ရောက် လာခဲ့သည်။

သို့သော် သံဃာတော်များကို အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဤထေရဝါဒနိုင်ငံတွင်ရှိသော ပြည်သူတို့သည် ထိုမကျေနပ် ချက်များကို မြိုသိပ်ခဲ့သည်။ ဆန့်ကျင်ဖက် ပြောဆိုပါကလည်း မွတ်စလင်ဘက်ကရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့ သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာ သာသနာညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ပါတီကို မဲမထည့်ကြနဲ့ ဟူသောစကားများကို ရဲရဲတင်းတင်း ဥပက္ခောပြု၍ NLD ပါတီ သောင်ပြို ကမ်းပြိုအနိုင်ရစေရန် မဲပေးလိုက်ကြသည်။

ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့်ရမရဆိုသော အ ကြောင်း အရာသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအမည်ခံဟောပြောမှုများကို ပြည်သူတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ် များက ထင်ထင်ရှားရှားဖော်ပြလိုက်သည်။

ပြည်ခိုင်ဖြိုးရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မိမိကမေးမြန်းသောအခါ ရန်ကုန်ရှိ မဘသ ထိပ်တန်းတာဝန်ရှိ သူတစ်ဦးက   “သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမှုကို ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့် ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန်ကြိုးစားပါက ငြိမ်နေလိမ့်မဟုတ်ဟု ထုတ်ဖော် မိန့်ကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲ ပြင်းထန်သူများမဟုတ်ကြောင်း ရွေးကောက်ပွဲမှတစ်ဆင့်ပြသလိုက်သည်ကို မဘသ ဆရာတော်များသည်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာနေသူများ သည် လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။     ။

photo credit : cctv-america


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts