ကဗျာ ကမာပုလဲ

လင်းနွေးအိမ် – အရေးတော်ပုံသစ္စာခံ ကိုပေါက်

လင်းနွေးအိမ် – အရေးတော်ပုံသစ္စာခံ ကိုပေါက်

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

အရေးတော်ပုံထဲမှာ
ကိုထက်မိုး
ပြီးတော့ ဂုရု
ဟော- အခု
ကိုမင်းလွင်တဖြစ်လဲ
ကမာပုလဲခေါ်ကိုပေါက်
တယောက်ပြီးတယောက် နောက်ဆုံးထွက်သက် ရှိုက်သွားခဲ့။

ကိုပေါက်ရာ
ခင်ဗျားဗျာ တကယ်ဆိုနေပါဦးလား
ဖေ့ဆ်ဘွတ်နဲ့ဝေးရာ သွားတော့မလို့ နှုတ်ဆက်တယ် ဆိုတုန်းက
ပြန်ဆုံကြဦးမယ်အထင်နဲ့ စိတ်ထဲမလေးခဲ့ဘူးပေါ့။

ဒီလိုကာလမှာ
လမ်းချင်းတူလို့ လူချင်းတွေ့တယ်
ကိုယ့်တာဝန်ကိုယ် ထမ်းရင်း
ဝေးခဲ့ကြတာလဲ ရှိတယ်
ဘယ်လိုဖြစ်ဖြစ် ပြည်တွင်းစစ်ကြီး ပြီးရင်တော့
ပီတိမျက်ရည်စမ်းစမ်းနဲ့ ပြန်ဆုံကြမယ်ပေါ့။

အခုတော့ ကျန်ရစ်သူကျုပ်တို့မှာ
ခင်ဗျားရဲ့ အတိတ်ပုံရိပ်တွေက အနှေးပြကွက်လိုတသသလွမ်း။

တဲတလုံးမှာကြားဖြတ်စက်သတင်းတွေနိစ္စဓူဝမျှားခဲ့တဲ့ခင်ဗျားရဲ့ပုံ။

ခင်ဗျားတို့ကျနော်တို့ရွတ်သမျှကဗျာတွေကို သောင်ရင်းမြစ်ကမေးထောက်နားစွင့်ပေးခဲ့ပုံ။

ချက်အရက်တလှည့်စီမော့
ဆေးပေါ့တလိပ်စီရှိုက်နဲ့
ဖိဆီးထားတဲ့ခေတ်ကိုမှုတ်ထုတ်လိုက်ကြပုံ။

ကိုလွမ်းဏီ မအေးမာတို့ရဲ့
ထုံထောင်းဘုံရိပ်သာမှာ
ခေတ်တွေအကြောင်းပြောခဲ့ကြပုံ။

အခုတော့-
ကိုပေါက်ဆိုတဲ့
ဘိုကလေးသားတော်လှန်ကဗျာဆရာ ကမာပုလဲချန်ခဲ့တဲ့ခြေရာကြီးတွေကို
ဒေါနတောင်နဲ့သောင်ရင်းကမှတ်တမ်း တစအနေနဲ့
စစ်ကြီးပြီးရင်ထုတ်ပြလိမ့်မယ်ဆိုတဲ့အကြောင်း။

ဒီလောက်ပါပဲ..ကိုပေါက်ရေ။

လင်းနွေးအိမ်
နိုဝင်ဘာလ ၁၈ ရက် ၂၀၁၅။
(မယ်လာဦးဒုက္ခသည်စခန်းက ရောင်နီဦးစာသင်ကျောင်းမှာမျိုးဆက်တွေကိုပျိုးထောင်ရင်းကွယ်လွန်သွားတဲ့ ကမာပုလဲသို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts