ဇင်လင်း သူတို့အာဘော်

ဇင်လင်း – လူထုက NLD ကို ဘာကြောင့် မဲပေးခဲ့တာလဲ ?

ဇင်လင်း – လူထုက NLD ကို ဘာကြောင့် မဲပေးခဲ့တာလဲ ?

(ဒီလှိုင်းဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၅
၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကာလအတွင်း မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် အပြောင်းအလဲ ဖြစ်ပေါ်ဖို့ ဘယ်ပါတီကို မဲပေးကြမလဲ..ဆိုတာ အသေအချာ စဉ်းစားခဲ့ကြရတယ်။ မြန်မာ လူထုရဲ့ နိုင်ငံရေးရေချိန်ဟာ မနိမ့်ပါ။ အာဆီယံဒေသ အတွင်းမှာ နိုင်ငံရေးစိတ်အားထက်သန်မှု အမြင့်မားဆုံးနိုင်ငံဟာ မြန်မာလို့တောင်ပြောနိုင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ၈၀% ကျော် မဲပေးခဲ့ကြတာက သက်သေပါပဲ။ အရေးကြီးတဲ့ အခါတိုင်း လူထုရဲ့ ဆုံးဖြတ်ချက်ဟာ တိတိကျကျ မှန်မှန်ကန်ကန် ရှိစမြဲဖြစ်ပါတယ်။ အချိန်အခါနဲ့ လျော်ညီ စွာ အပြောင်းအလဲကို ဖန်တီးဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်ပြလိုက်ပါ တယ်။

လက်ရှိသတင်းတွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၈၀ သာသာ အနိုင်ရရှိမယ့် အနေအထားရှိပါတယ်။ မြန်မာပြည် အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်မယ့် အစိုးရက လက်ရှိ အာဏာရပါတီ ထက် ပိုမိုလုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ပြည်သူက ယုံကြည်ကြောင်း ရွေးကောက်ပွဲ ဖြစ်စဉ်က သက်သေပြနေပါတယ်။

ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ(၆) ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က အစိုးရနဲ့ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာ သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို ကတိပြုခဲ့ပါတယ်။တနည်းအားဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီကျင့်ဝတ်ကို လိုက်နာကျင့်သုံးမယ်လို့ ကတိပေးတာဖြစ်ပါတယ်။ ဒီ သဘော အယူအဆကိုတော့ ပြည်သူလူထုက ကြိုဆိုမှာပါပဲ။

ဆယ်စုနှစ်တွေနဲ့ချီပြီး ပြည်သူလူထုအသက်သွေးချွေးတွေနဲ့ရင်းနှီး တိုက်ပွဲဝင်ခဲ့ရတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ရဲ့ အရုဏ်ဦးကို နိုဝင်ဘာ(၈)ရက်နေ့က စတင်မြင်ကြရပြီလို့ ဆိုနိုင်ပါတယ်။ယုံကြည်လက်ခံနိုင်လောက်တဲ့  သတင်း ကောင်းတွေကို အဆက်မပြတ် ကြားနေရပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲနေ့မှာ မြန်မာလူထုရဲ့ ပူးပေါင်း ပါဝင်မှုနဲ့၊ သူုတို့ရဲ့ နိုင်ငံသားအခွင့်အရေးအတွက် တက်တက်ကြွကြွ ပါဝင်မှုတွေဟာ အထူး ချီးကျူးစရာ ဖြစ်တယ်လို့ ကာတာစင်တာက လေ့လာရေးအဖွဲ့ကို ဦးဆောင်သူ Jimmy Carter က မှတ်ချက်ပြုကြောင်း မီဒီယာကတဆင့် သိရပါတယ်။ နိုဝင်ဘာ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွေဟာ ပြည်သူအများမျှော်လင့်ထားတာ ထက် ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ကြောင်း၊ မဲပေးမှု နဲ့ မဲရေတွက်မှုကို စောင့်ကြည့်လေ့လာခဲ့တဲ့ ဥရောပ သမဂ္ဂ(EU) Election Observer Team တာဝန်ခံက ချီးကျူးစကား ဆိုလိုက်ပါပြီ။ မဲရေတွက်ခြင်းမှုလည်း ပွင့်လင်း မြင်သာမှုရှိတယ်လို့ နိုဝင်ဘာ(၁၀)ရက် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင် အလက်ဇန္ဒာ ဂရဖ် လမ်းစ်ဒေါဖ် (Alexander Graf Lambsdorff) က နိုင်ငံတကာမီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ရွေးကောက်ပွဲရလဒ် ဖြစ်ထွန်းလာရေးအတွက် ကျန်ရှိ နေသေးတဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အဆင့်ဆင့်ကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ လိုနေသေးတယ်လို့ Lambsdorff က သတင်းထောက် တွေကို ပြောပါတယ်။သူ့အဖွဲ့ဝင် ၁၅၀ ဟာ မဲရုံ ၅၀၀ ကျော်ကို စောင့်ကြည့်ခဲ့ရာ မှာ ၉၅ ရာခိုင်နှုန်း ကောင်းတယ် လို့ဆို ပါတယ်။ “ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ တည်ငြိမ်အေးချမ်းမှုရှိတဲ့အတွက် အများမျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန် ပါတယ်” လို့ Lambsdorff  ကပြောပါတယ်။

ဒါထက်ပိုမို ကောင်းမွန်တဲ့ သတင်းတစ်ခုကတော့ ဒီမိုကရေစီကျင့်စဉ်(Democratic Practice)ကို ပထမဆုံး စတင်ကျင့်သုံး ပြသလိုက်တဲ့ ဖြစ်ရပ်ပါ။ နိုဝင်ဘာလ ၉ရက်နေ့က မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ သူရဦးရွှေမန်းက ရွေးကောက်ပွဲ မဲရလဒ်အရ သူ ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း၊ NLD အမတ်လောင်း ဦးသန်းညွန့်အတွက် ၀မ်းသာဂုဏ်ယူကြောင်း၊ ဖုန်းဆက်ချီးကျူးစကား ပြောကြားပြီး ဖွင့်ဟ ၀န်ခံလိုက်တဲ့ ကိစ္စပါပဲ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ ယှဉ်ပြိုင်အရွေးခံတဲ့ ဦးရွှေမန်းက သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘုတ် (Facebook) ပေါ်က တဆင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြိုင်ဘက်ကို ချီးကျူးဂုဏ်ပြုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့မှုဟာ လည်း အလွန် ဂုဏ်သိက္ခာရှိတဲ့ ဆောင်ရွက်ချက်ပါပဲ။ ဒါဟာ ဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံသူတို့ရဲ့ ဂုဏ်သက္ခာရှိတဲ့ အပြုအမူဖြစ်ပါတယ်။

ဒီအပြင် နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ အာဏာရပြည်ခိုင်ဖြိုးပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံပါတီ NLD ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို လက်ခံသွားမှာဖြစ်တယ်လို့ USDP ပါတီပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ၀န်ခံလိုက်တာဟာ လည်း မင်္ဂလာတစ်ပါးပါပဲ။ “ကျွန်တော်တို့ ရှုံးပါတယ်။” လို့ ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ရိုက်တာ သတင်းဌာန (Reuters News) နဲ့ အင်တာဗျူးမှာ ၀န်ခံခဲ့ကြောင်း မစ္ဖျိမသတင်းက ထပ်ဆင့် ဖေါ်ပြခဲ့ပါတယ်။

နောက်ထပ် သတင်းကောင်းတစ်ခုလည်း ရှိပါသေးတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြီး ဂုဏ်ပြု စကားပြောကြားဖို့ဆန္ဒရှိနေကြောင်း  ဒီမိုကရေစီ တူဒေး သတင်းစာ သို့ ပြောခဲ့တယ်လို့ ကြားရပါတယ်။ အလွန် မင်္ဂလာရှိတဲ့ ဒီမိုကရေစီ ရှေ့ပြေးနိမိတ်ပါပဲ။

နိုဝင်ဘာလ(၉)ရက်နေ့ အမေရိကန်သမ္မတအိမ်ဖြူတော် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူလူထုကို အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲ အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းအားလုံး ကိုလည်း ချီးကျူးကြောင်း၊ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားခဲ့တဲ့ သတင်းကို လွတ်လပ်တဲ့ အာရှအသံကတဆင့် သိရပါတယ်။ လုပ်နည်းလုပ်ဟန် နည်းစနစ်ပိုင်းမှာ အားနည်းချက်တွေ ရှိတာ မှန်ပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းပြလိုက်တာပဲလို့ Josh Earnest က ဆိုပါတယ်။

အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှု ရှိသော် လည်း မျှတမှု မရှိကြောင်း၊ နေရာတချို့မှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း  ဘီဘီစီ သတင်းဌာန နဲ့ အင်တာဗျူးမှာ  ပြောဆိုခဲ့တာလည်း ကြားရပါတယ်။

ဘယ်လိုပင်ဖြစ်စေ ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံအတွက် လူထု တောင်းဆိုမှုကြောင့် အပြောင်းအလဲတံခါးတစ်ချပ်ကို စတင်ဖွင့်ပေးခဲ့ရတယ်။ နောက်တဆင့် တံခါးအားလုံးဖွင့်နိုင်ဖို့ ၁၉၉၀ ခု ရွေးကောက်ပွဲတုံးက NLDပါတီ ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးခေါင်းဆောင်မှု (သို့မဟုတ်) လုပ်ပိုင်ခွင့် (Mandate) ကို လူထုက စွန့်စွန့်စားစား ပုံအောပေးလိုက်ပြန်ပါပြီ။ ပြောင်းလဲချိန်ကျပြီဖြစ်တဲ့အတိုင်း အပြောင်းအလဲအတွက် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ နိုင်ငံကိုဦးဆောင်နိုင်စွမ်းရှိမယ့် NLD ပါတီကို ပြည်သူလူထုက Mandate ပေးလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူလူထုက ဘာကြောင့် NLD ပါတီကို ယခု ၂၀၁၅ ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ သလဲ…..ဆိုတဲ့ ကိစ္စ သုံးသပ်ရရင် လက်ရှိ အစိုးရလက်ထက် ပေါ်ပေါက်ခဲ့တဲ့ အရေးကြီး ပြဿနာ များကို ဖြေရှင်းပေးစေချင်လို့ ဖြစ်ပါတယ်။  ပြဿနာများစွာ အနက် အချို့ကို ပြောရရင်

(၁) တိုင်းရင်းသား တွေ တောင်းဆိုနေတဲ့ တန်းတူရေး တရားမျှတရေး ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ။

(၂) အဓမ္မ မြေယာသိမ်းဆည်းမှု ကြောင့် တောင်သူလယ်သမား အများအပြား အတိ ဒုက္ခရောက်ခဲ့ရတဲ့ ပြဿနာ။

(၃) ပြည်သူကို ချပြတိုင်ပင်မှုမရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းစေတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ ပြဿနာ။

(၄) ပြည်သူအများ အကျိုးခံစားမှုအတွက် မြင်သာ ထင်သာမရှိတဲ့ သယံဇာတတွေ ရောင်းချမှု ပြဿနာ။

(၅) အစိုးရ၀န်ကြီးဌာနအသီးသီးရဲ့ ခြစားမှုတွေကို သမ္မတက အရေးယူဖို့ပျက်ကွက်တဲ့ ပြဿနာ။

(၆)  အလုပ် လက်မဲ့ ပြဿနာ နဲ့ လုပ်ခလစာ နိမ့်ကျလွန်းတဲ့ ပြဿနာ။

(၇) တရား ဥပဒေ စိုးမိုးမှု ယိုယွင်းပျက်စီးနေတဲ့ ပြဿနာ။

(၈) ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားလူငယ်များကို အင်အားအလွန်အကျွံသုံး ဖမ်းဆီးထားတဲ့ ပြဿနာ။ ….အစရှိ သဖြင့် တွေ့ရပါတယ်။

အခြားပြဿနာတွေ အများအပြားရှိသေးပေမယ့် အခု ပြောခဲ့တာတွေ ကတော့ ထင်ရှားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ခြုံငုံပြောရရင် ဦးသိန်းစိန်အစိုးရ ယခု ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်ရုံမက၊ တရားဥပဒေစိုးမိုးရေးအတွက်လည်း လူထုထောက်ခံမှု ရလောက်အောင် မည်မည်ရရ လုပ်မပြနိုင်ခဲ့လို့ပါပဲ။

အဲဒီ ဦးသိန်းစိန်အစိုးရ မလုပ်ဆောင်နိုင်ခဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့  ပြဿနာတွေကို ဖြေရှင်းပေးဖို့ ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံယုံကြည်ကြည် Mandate အပ်နှင်းလိုက်ခြင်းဖြစ်တယ်။ တိုင်းရင်းသား ဒေသဖြစ်တဲ့ ပြည်နယ်အသီးကပါ NLD ကို ဆန္ဒမဲ ပုံအောပေးလိုက်တာကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရကို ပြည်သူလူထုက အယုံအကြည်မရှိတော့ကြောင်း ပြသလိုက်ခြင်းဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုး ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း – “ကျမတို့အနေနဲ့ ရွေးကောက်ပွဲမှာ တစ်ရာ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင် နိုင်ငံအတွက် အစဉ်အလာကောင်းတရပ်ကို ချမှတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရတရပ် ဖွဲ့စည်းလိုပါတယ်။ နိုင်တဲ့သူက အကုန်ယူပြီး ရှုံးတဲ့သူက အကုန်ရှုံးတာမျိုး မဖြစ်သင့်ပါဘူး” လို့ ရွေးကောက်ပွဲအကြို ရန်ကုန်မှာ ကျင်းပတဲ့ NLD ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားက မင်္ဂလာတရားနဲ့ ပြည်စုံပါတယ်။ ဒါကြောင့် ယခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရှေ့တစ်လှမ်း တိုးနိုင်ဖို့ ပြည်သူလူထုက သူတို့ဆန္ဒမဲများနဲ့ NLD ကို ပုံအောတာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ မြင်မိကြောင်းပါ။။။။။

16 November, 2015 (Monday) ဒီလှိုင်းစာစောင် အတွဲ (၄) အမှတ် (၄၅) မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts