Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင် (ဗိုလ်တထောင်) – အလွမ်းတွေပြေ အလန်းတွေဝေခဲ့တဲ့ ဆရာစွမ်း တွေ့ဆုံပွဲ

 
ရန်နောင် (ဗိုလ်တထောင်) – အလွမ်းတွေပြေ အလန်းတွေဝေခဲ့တဲ့ ဆရာစွမ်း တွေ့ဆုံပွဲ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ကဗျာဆရာကြီး၊ စာရေးဆရာကြီး မောင်စွမ်းရည် မြန်မာပြည်ကို အလည်လာမည်ဟု ကဗျာဆရာကျော်ဟုန်းမှ ကျနော့်ကို သတင်းလှမ်းပေးထားတာ မနှစ်ကတည်းက ဖြစ်သည်။ ထိုသို့လာခဲ့ရင် အတတ်နိုင်ဆုံးကူညီပေးပါဟု ဆရာကျော်ဟုန်းမှ ပြောကတည်းက ကဗျာကဝိပညာရှိကို ပြုစုခွင့်ရမည့်အရေး တွေးပျော်နေခဲ့သည်။ သို့သော်လည်း ထိုစဉ်က ဆရာစွမ်း မလာ ဖြစ်ခဲ့။ သူမလာဖြစ်သည့်အတွက် ကဗျာတပုဒ်တောင် မိုးမခမှာ ရေးဖွဲ့ခဲ့သည်ကို ဖတ်ခဲ့ရသေးသည်။

ဒီနှစ် ဆရာစွမ်းလာတော့ မိုးမခ ဆရာရစ်က လေယာဉ် ဘယ်အချိန်ဆိုက်မည်၊ ဘယ်တော့ရောက်မည်ဟုတော့ ပြောသည်။ သို့သော် ရွေးကောက်ပွဲ နီးကပ်ကာလဖြစ်၍ မဲဆွယ်ပွဲများ၊ အောင်နိုင်ရေးပွဲများ တက်ရောက် တင်းယူနေရ၍ သွားရောက်ကြို ဆိုနိုင်ခြင်းမရှိခဲ့ချေ။ ဆရာရစ်၏မိခင်ဖြစ်သူ ဆရာမ တက္ကသိုလ်ရွှေရီဝင်းမှလည်း လေဆိပ်ကို ဘယ်သူတွေသွားလဲ လှမ်းမေးတော့ မသွားဖြစ်ပါဘူး ဆရာမရယ်ပေါ့။

သည်လိုနှင့် ဘကြီးမိုးတို့၊ ဦးဝင်းချိုတို့နှင့် ဆရာစွမ်းတွေ့ပြီး အညာဘက်ခရီးထွက်သွားသည်ကိုတော့ ဖေ့ဘုတ်ခ် စာမျက်နှာ တွင်တော့ တွေ့ခဲ့ရသည်။ ဆရာစွမ်းမရောက်ခင်ကတည်းက ဆရာရစ်က ကျနော်တို့အဖွဲ့အား ဆရာစွမ်းနှင့် စာပေမိတ် ဆွေများ စကားဝိုင်းကို မဖြစ်ဖြစ်အောင်လုပ်ရန် တာဝန်ပေးခဲ့ပေသည်။

ဆရာစွမ်း နှင့် ရင်းနှီးသော စာပေမိတ်ဆွေများကား ကျနော်တို့ အဖိုးအရွယ်၊ အဖွားအရွယ်တွေ ဖြစ်နေတော့ စုစည်းကာ တွေ့ဆုံဖို့ ဘကြီးမိုးကပဲ ဖိတ်ရမည့်သူများကို စီစဉ်ပေးခဲ့သည်။ ထိုအချိန်တွင် ဆရာစွမ်းက မန္တလေးတွင် မန်းစာရေးဆရာများ နှင့်ဆုံညီပွဲကို နွှဲနေပြီ ဖြစ်သည်။

ရန်ကုန်တွင် ရှိသော စာရေးဆရာကြီးများကို ကျနော် နှင့် ဆရာငြိမ်းချမ်းအေးတို့ ဘကြီးမိုး၊ ဆရာစွမ်းတို့ အစီအစဉ် အတိုင်း လိုက်လံ ဖိတ်ကြားခဲ့ကြသည်။ ခန်းမကို အထူးတလည် ရှာမနေဘဲ ကျနော်တို့ မိုးမခ ရုံးစိုက်ရာ ဟုမ်းမီဒီယာ ခန်းမတွင် ပင် ဦးသူရ (ဇာဂနာ) က စီစဉ်ပေးသည်။ ပထမတွင် စနေနေ့ကို စီစဉ်ထားရှိသော်လည်း ထိုနေ့တွင် ကျောင်းသားသမဂ္ဂ ကိုလှရွှေ ၏ စာအုပ်မိတ်ဆက်ပွဲရှိနေသဖြင့် အင်္ဂါနေ့သို့ ရက်ကိုရွှေ့လိုက်ရသည်။ ကြားရက်ဖြစ်သွားသဖြင့် ရုံးသမား၊ အလုပ်သမား ၊ကျောင်းသား စာရေးဆရာ၊ ကဗျာဆရာများ မလာရောက်နိုင်မည်ကိုလည်း တွက်ဆရသေးသည်။

သို့နှင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဆရာစွမ်းပွဲကို အတည်ဖြစ်ခဲ့သည်။

ထိုရက် မတိုင်မီ ဗကသ ဒုဥက္ကဋ္ဌ (၂)  ကိုအောင်ဒင် ၏ စာအုပ်မိတ်ဆက်ပွဲ ကလည်း ရှိနေသောကြောင့် တိုင်းရက်သည့်ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်ဖြစ်သွားသည်။ စာအုပ်မိတ်ဆက်ပွဲတွင်တွေ့ရသော စာရေးဆရာများ၊ အယ်ဒီတာများ၊ ကဗျာဆ ရာများကို ကိုယ်တိုင်ဖိတ်စာပေးမိရက်သားဖြစ်သွားသည်။ ဆရာ လေးကိုတင်ကလည်း ကူညီကာ ဖိတ်ပေးခဲ့သေးသည်။

ပွဲကျင်းပသော နေ့တွင်တော့ မနက်ကိုးနာရီကျော်ကတည်းက မီဒီယာသမားများ  ဦးစွာရောက်ရှိနေခဲ့ကြသည်။ တဖြည်းဖြည်း နှင့် ဆရာစွမ်းကို လေးစားချစ်ခင် မြတ်နိုးသော စာရေးဆရာ၊ ကဗျာဆရာများလည်း တဖွဲဖွဲ နှင့် ရောက်ရှိလာပါသည်။

စာရေးဆရာ၊ ကဗျာဆရာများသည် ဆရာစွမ်း ရောက်လာသောအခါ သူတို့၏ တတ်စွမ်းရာလက်ဆောင်များနှင့် သူတို့၏ စာ အုပ်များအား ဆရာစွမ်းအားပေး၍ ဂါရဝပြုကြသည့်မြင်ကွင်းကို မြင်ရသောအခါတွင်ကား ကိုယ်ကြိုးစားပမ်းစား လုပ်ပေးရ သည့်ပွဲလေး အောင်မြင်စပြုနေပြီကို ပီတိဖြစ်နေမိသည်။

ဆရာများ စုံညီသောအခါ အခမ်းအနားမှူးက ဆရာစွမ်းနှင့် စာပေမိတ်ဆွေများပွဲလေးကို စတင်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။ ရှေးဦးစွာ  ဆရာငြိမ်းချမ်းအေးမှ ပွဲလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာကြီး ဦးဝင်းဖေ၊ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၊ ဘကြီးမိုး၊ ဆရာကြီးဇော်ဇော်အောင်နှင့် ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့မှ မိတ်ဆက် စကားအား တိုတိုနှင့်ထိထိမိမိ ပြောခဲ့သည်။

ထို့နောက် ဆရာကြီးမောင်စွမ်းရည်မှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆရာကြီးများ အားလုံးပြောအပြီးတွင်တော့ အမေး အဖြေ ကဏ္ဍအား ကိုငြိမ်းချမ်းအေးမှ ဦးဆောင်ကာ မေးမြန်းပေးခဲ့သည်။

သက်ရွယ်ကြီးပြင်းလာချိန်တွင် ငယ်ပေါင်းများကားလွန်စွာ ရှားသွားခဲ့ချေပြီ။ ထိုအချိန်တွင် ယခုကဲ့သို့ ဆုံတွေ့ခွင့် ရနိုင်ရန်မှာ မလွယ်ကူလှချေ။ ငယ်သူငယ်ချင်း အချင်းချင်း နာမည်ပြောင်များဖြင့် နှုတ်ဆက်ကြ၊ ထွေးပွေ့ နှုတ်ဆက်ကြသည့် မြင်ကွင်း ကား ကြည်နှူး မဆုံး ရှိလှချေသည်။

ဆရာစွမ်းနှင့် မိတ်ဆွေများတွေ့ဆုံပွဲကား အောင်မြင်စွာပြီးဆုံးခဲ့ချေပြီ။ နောက်နှစ် နောက်နှစ်များတွင်လည်း ယခုကဲ့သို့သော ပွဲမျိုးများကို လုပ်ပေးချင်ပါသေးသည်။ လုပ်ခွင့်ရ၍ လုပ်ခွင့်ပေးသော ဆရာရစ်ကိုလည်း ကျေးဇူးတင်ပါသည်။ ညနေဘက် ခြောက်နာရီသတင်းတွင် မြန်မာ့အသံက ပွဲသတင်းကို ထုတ်လွှင့်သွားခဲ့သည်။ ထိုအချိန်တွင် ဆရာရစ်၏ မိခင်ဖြစ်သူဆီမှ ချီးကျူးစကားသံကို ဖုန်းဖြင့်လှမ်းပြောသည့်အတွက်လည်း ထပ်မံ၍ဝမ်းသာရပြန်သေးသည်။ တက်ရောက်လာသော ဆရာ၊ ဆရာမများသည် တော်တန်ရုံ ပွဲမတက်သောဆရာ၊ဆရာမများ ဖြစ်သဖြင့်လည်း ကျေးဇူးတင်စကား အထပ်ထပ်ဆိုမိခဲ့သည်။

ဘယ်လိုပင် ပင်ပန်းနွမ်းနယ်စေကာမူ ဆရာစွမ်းနှင့် သူ၏မိတ်ဆွေများ တွေ့ဆုံပွဲကား အောင်မြင်မှုအတွက် ဂုဏ်ယူမိပါတော့ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts