သစ်ကောင်းအိမ် – ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင် . .ဒေလီယာ…

November 16, 2015

သစ်ကောင်းအိမ် – ဒီတခါနက္ခတ်စုံရင်တော့ ပြန်ဆုံကြရအောင် . .ဒေလီယာ…
နိုဝင်ဘာ ၁၆၊ ၂၀၁၅
ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး
ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး
ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး
ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး
ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး
ငယ်ငယ်က”မာရီလင်မွန်ရိုး..” ကတော့
“မာရီလင်မွန်ရိုး….” အတိုင်း လှပဆဲ
တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ
တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ
နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ
ပ၀ါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ
မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း” င၀န်” ဟာလည်း
ကွေ့ကောက်ဆဲ
ငြိမ်းချမ်းပါစေ “ဒေလီယာ..”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ
ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား
အရှေ့ဆီမှာ
ရောင်နီလာတော့မယ် “ဒေလီယာ…”။ ။(ဒီဇင်ဘာ၊ ၂၀၀၅)

ကဗျာဆရာ၏ လူမှုကွန်ယက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, သစ်ကောင်းအိမ်

Comments are closed.

Archives