နိုင်ငံတကာရေးရာ

ပါရီမြို့တော်ကို အကြမ်းဖက်သမားများ တိုက်ခိုက်၊ လူ ၁၅၀ ကျော် သေဆုံး



ပါရီမြို့တော်ကို အကြမ်းဖက်သမားများ တိုက်ခိုက်၊ လူ ၁၅၀ ကျော် သေဆုံး

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅

နိုဝင်ဘာ ၁၃ ရက် ညနေခင်းက ပြင်သစ်ပြည်၊ ပါရီမြို့တော်က နေရာ ၆ နေရာမှာ အကြမ်းဖက်သမားများက တပြိုင်နက်တည်း အချိန်ကိုက် လက်နက်ကိုင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြပါတယ်။ အသေခံဗုံးခွဲမှု ၂ ခု နဲ့အတူ စားသောက်ဆိုင်၊ ကပွဲရုံနဲ့ လူစည်ကားရာနေရာများမှာ စက်သေနတ်များနဲ့ ပစ်ခြင်း၊ လူအများအပြား ဖမ်းဆီးပြီး သတ်ပစ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ ကပွဲရုံမှာ လူ ၁၀၀ ကျော် သေဆုံးပြီး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၁၅၃ ဦး သေဆုံးခဲ့ကြောင်း လက်ရှိသတင်းများအရ သိရပါတယ်။ အကြမ်းဖက်လက်နက်ကိုင်သမား ၅ ဦးကို နှိမ်နှင်းလိုက်တယ်လို့ အစိုးရက ထုတ်ပြန်ပေမယ့် အသေဖမ်းဆီးမိတာ ဟုတ်မဟုတ်ကိုတော့ မပြောပါဘူး။ အကြမ်းဖက်လက်နက်ကိုင်သမားများ လွတ်မြောက်နေဆဲဖြစ်ပြီး အစိုးရက နိုင်ငံတ၀ှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာကာ နယ်စပ်များကိုလည်း ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းကဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

၂၀၁၅ နှစ်ဆန်းကတည်းက ပြင်သစ်ပြည်၊ ပါရီမြို့တော်က ချာလီဟက်ဒိုသတင်းစာတိုက်ကို ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများက နေ့ခင်းကြောင်တောင် ၀င်ရောက်စီးနင်းပြီး သတင်းသမားများကို သတ်ပစ်ခဲ့ပြီးနောက်ပိုင်း ပြည်သစ်ပြည်မှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုက ရပ်စဲသွားခြင်း မရှိခဲ့ပါဘူး။ သြဂုတ်လတုန်းကလည်း အမြန်ရထားပေါ်မှာ အကြမ်းဖက်လက်နက်ကိုင်သမားတဦးကို ဧည့်သည်အမေရိကန်စစ်သားတွေက ပြန်လှန်တိုက်ခိုက်ဖမ်းဆီးခဲ့ရပါသေးတယ်။

ဥရောပမှာ အစ္စလန်ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားအုပ်စုတွေက အကြိမ်ကြိမ် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ အစဉ် ကြိုးပမ်းနေတာကို ဥရောပအစိုးရနဲ့ ပြည်သူတို့က ရင်ဆိုင်နေရပါတယ်။ အာရပ်ဒေသက အစွန်းရောက်အကြမ်းဖက်တို့ရဲ့ ပြည်တွင်းစစ်တွေကြောင့် ဆီးရီးယား၊ အီရတ် အစရှိတဲ့နိုင်ငံတွေက စစ်ဘေးရှောင်ပြည်သူအဖြစ် ဥရောပကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ စီးဝင်မှုကိုလည်း ဥရောပက ဖြေရှင်းနေရပါသေးတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts