မောင်မိုးသူ

ကုန်ဈေးနှုန်း ၊ ရွေးကောက်ပွဲနှင့် မောင်မိုးသူ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကုန်ဈေးနှုန်း ၊ ရွေးကောက်ပွဲနှင့် မောင်မိုးသူ

(ပြည်တွင်းဂျာနယ်မှာ ရွေးကောက်ပွဲမတိုင်မီ ဖော်ပြပြီး ဆောင်းပါး)

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၅

ရွေးကောက်ပွဲက ဘာမှမလိုတော့ဘူး။ လူတိုင်း၊ လူတိုင်းက ရွေးကောက်ပွဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲနှင့် စိတ်လှုပ်ရှား၊ လူလှုပ်ရှားနေကြတယ်။ မဲစာရင်းမှာ ပါမပါကလည်း ပြဿနာ၊  ။ အဲသည် ပြဿနာက ပြည်တွင်းမှာသာရှိတာမဟုတ်ဘူးခင်ဗျ။ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေမှာလည်း ရှိတာပဲ။ နိုင်ငံရပ်ခြားရောက် မြန်မာတွေထဲမှာ နှစ်မျိုးနှစ်စား အဲလေ၊ သုံးမျိုးသုံးစားရှိတယ်လို့ ပြောရမယ်ထင်ပါရဲ့။

ပထမက တရားမဝင် နိုင်ငံခြားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာများဖြစ်ပါတယ်။ သူတို့ကမြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားကြသူများ ဖြစ်ပါတယ်။သူတို့ သူတို့တစ်တွေဟာ အရင့်အရင်ဆိုတာလည်း တစ်ကြိမ်တည်းပါ။ ၂၀၁၀ရွေးကောက်ပွဲမှာ သူတို့အများစုက မဲမပေးကြဘူးခင်ဗျ။ မဲပေးခွင့် မတောင်းဆိုတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့မဲစာရင်းမှာ ပါမပါ မသိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူတို့ကိုယ်တိုင်ကလည်း မဲပေးဖို့စိတ်မဝင်စားတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒါ တရားဝင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။

ယခု ၂၀၁၅ကျတော့ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်း ရောက်တော့မလိုလို၊ အရွေးခံတဲ့ အင်န်အယ်လ်ဒီကလည်း ပြောင်းလဲချိန်တန်ပြီလို့ တစ်ပြည်လုံး အနှံ့ကြွေးကြော်နေလေတော့ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများက မျိုးချစ်စိတ်တွေ တဖွားဖွား ထက်သန်လာကြတယ်။ ဒါလည်း ဇာတိစိတ်ပဲလေ။ သူတို့ သူတို့ခင်မျာ မလွှဲမရှောင်သာလို့ နိုင်ငံရပ်ခြားရောက်နေကြပေမယ့် နိုင်ငံချစ်တဲ့စိတ်၊ မျိုးချစ်စိတ်ရှိကြတာပဲလေ။ သူတို့ကလည်း အပြောင်းအလဲလိုချင်ကြရှာတာပေါ့။

သူတို့မှာကြုံတွေ့ရတဲ့ပြဿနာက သူတို့ဟာ မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ပါလျက် ရွေးကောက်ပွဲမဲစာရင်းမှာ ပါမပါပြဿနာပဲခင်ဗျ။ သူတို့ သူတို့တစ်တွေ ရောက်နေကြတဲ့နိုင်ငံတွေမှာ မြန်မာသံရုံးဆိုတာ မြို့တော်တွေပဲရှိကြတာလေ။ အဲဒီမြန်မာသံရုံးဆိုတာကလည်း  ဟိုယခင်က သံရုံးကလည်း သူတို့ကို လူရာမသွင်း။ သူတို့ကလည်း သံရုံးကို ဝင်ဖို့ ထွက်ဖို့ မရှိကြလေတော့ ခုကျတော့ ပြဿနာဖြစ်ကုန်တာပေါ့။ သံရုံးဝန်ထမ်းများကလည်း ယခင့်ယခင်က အဲသည် မြန်မာသံရုံး ရုံးစိုက်တဲ့ သံရုံးရှိရာ နိုင်ငံခြားရပ်မှာ မြန်မာနိုင်ငံသား မည်ရွေ့မည်မျှရှိတာကို မသိ၊ မဆက်ဆံဖူးဆိုတော့ အခက်အခဲတွေအများကြီး ကြံရတာပေါ့ခင်ဗျ။

နိုင်ငံတကာရောက် မြန်မာလူမျိုးများ မဲစာရင်းထဲမှာ မပါတဲကိစ္စကို ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲလို့ ရမရ၊ ရှေ့နေငှားပေးလို့ ရမရတောင် လှမ်းပြီး တိုင်ပင်တာတွေဘာတွေ ရှိလာပါတယ်။ အဲဒါတရားဝင် နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ တရားမဝင်ရော တရားဝင်ရော ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားများဖြစ်ပါတယ်။ အများစုကတော့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့မလေးရှားက မြန်မာရွှေ့ပြောင်းလုပ်သားများပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တစ်ခုတည်းမှာပဲ မြန်မာရွှေ့ ပြောင်းလုပ်သားပေါင်း လေးငါးသန်းရှိသတဲ့ခင်ဗျ။ မလေးရှားမှာလည်း အများကြီး အများကြီးပဲလေ။

သူတို့ သူတို့ကလည်း မြန်မာနိုင်ငံသားများ ဖြစ်လေတော့ မဲစာရင်းမှ ပါခွင့်ရှိကြတာပေါ့လေ။ တရားဝင်ရွှေ့ပြောင်းလုပ်သား ဖြစ်ကြသူများခမျာမှာလည်း သူတို့လုပ်ရကိုင်ရတာ သာမန် လက်လုပ်လက်စား  သူတို့မြန်မာနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတာမှန်ပေမယ့် မဲစာရင်းထဲပါဖို့၊ မဲကြိုတင် မဲပေးဖို့ ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက် မြန်မာသံရုံး သွားရမှာလေ။ စရိတ်စက ကုန်ကျစရိတ် ဘယ်တတ်နိုင်ရှာမှာလဲ။ တရားမဝင်ရွှေ့ပြောင်းလုပ်သားများကတော့ သွားရောက်လုပ်ကိုင်နေရတာကိုက တရားမဝင်ဆိုတော့ လုံးဝ လုံးဝ အခွင့်အရေး မရှိကြတော့ဘူးပေါ့။ သည်တစ်ကြိမ် အခွင့်အရေးမရသည့်တိုင် နောက်နောင်နှစ်တွေအတွက် ကြိုကြိုတင်တင် ပြင်ဆင်ထားကြရမှာပေါ့လေ။

တတိယအမျိုးအစားကတော့ မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင်ပြီး နယ်စပ်မှတစ်ဆင့် ထိုင်းရောက်၊ ထိုင်းကနေမှတစ်ဆင့် နိုင်ငံရပ်ခြားများကို နေထိုင်ခွင့်ရအောင် လျှောက်ထားကြသူများ ဖြစ်ပါတယ်။ အဓိကအားဖြင့် လူမျိုးစုများဖြစ်တဲ့ ကရင်တို့၊ မွန်တို့၊ ချင်းတို့၊ ကချင်တို့တစ်တွေနဲ့ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့သူများ ဖြစ်ပါတယ်။ သူတို့ သူတို့တစ်တွေဟာလည်း တကယ့် တကယ်က မြန်မာနိုင်ငံသားတွေပဲလေ။ မြန်မာနိုင်ငံသားတွေပဲလေ။ မြန်မာနိုင်ငံမှာနေဖို့ မဖြစ်လို့၊ မလွယ်လို့၊ မဖြစ်နိုင်လို့ နိုင်ငံရပ်ခြားမှာ ခိုလှုံခွင့်တောင်းပြီး နေရရှာသူတွေ ဖြစ်ပါတယ်။ သူတို့တစ်တွေကလည်း တို့ပြည် တို့မြေကို ပြန်လာလို့ရရင် ပြန်လာချင်ရှာကြပေမပေါ့။

၂၀၁၅ ရွေးကောက်ပွဲကာလမှာပဲ နိုင်ငံခြားရောက် မြန်မာနိုင်ငံသား သုံးမျိုး သုံးစားရဲ့ ပြဿနာခင်ဗျ။

ပြည်တွင်းမှာရှိနေကြတဲ့ မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ မဲစာရင်းမှာ ပါမပါအပြင် အလွန့်အလွန်တစ်ဟုတ်ထိုး ကြီးမားနေတဲ့ ကုန်ဈေးနှုန်းနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာပဲခင်ဗျ။ မြန်မာကျပ်ငွေက တန်ဖိုးကျ၊ ဒေါ်လာကတန်ဖိုးတက်လေတော့ ကုန်ဈေးနှုန်းက တရိပ်ရိပ်မကဘူး။ တစ်ဟုန်ထိုးခုန်ခုန်တက်နေတော့တာပေါ့။ အစိုးရကလည်း ဒေါ်လာသုံးစနစ်မှ ကျပ်ငွေသုံးစနစ်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဒေါ်လာဈေးကျတာက ကျပ် ၁၃၀၀က ၁၂၀၀ကျော်ကျော်လေးလေ။ ဒေါ်လာနဲ့ တင်သွင်းဝယ်ယူရတဲ့ လူသုံးကုန်တွေ၊  ဆေးဝါးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းဈေးတွေက လိုက်လို့မမီပြေးလေပြီး ဖြစ်နေတာပေါ့။

သည်ကြားထဲမှာ သည်နှစ်မြန်မာနိုင်ငံမှာ မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်လိုက်လို့ စိုက်ပျိုးဧကပေါင်းများစွာ ပျက်စီး၊ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်သက်လုံးနိုင်ငံရပ်ခြားကို တင်ပို့ရောင်းချခဲ့တဲ့ ဆန်တောင်မှ ထိုင်းကပဲ သွင်းရမလိုလို ဖြစ်နေပါပေါ့လား။

ဆန်စပါး၊ နှမ်း၊ ပဲ၊ ပြောင်းဆိုတာ မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးကုန်လေ။ အခြေခံလူတန်းစားများ စိုက်ပျိုးကြ၊ ထုတ်လုပ်ကြ၊ ရောင်းဝယ်ကြရတာ၊ အဲဒါတွေပါတက်ကုန်ကြတာ။

သယံဇာတဖြစ်တဲ့ သစ်တို့၊ ရေနံတို့၊ ကျောက်စိမ်းတို့၊ ကျောက်မျက်ရတနာတို့၊ ဓာတ်သတ္တုတို့ကိုတော့ ရောင်းစားပြီး ထိပ်ပိုင်းကသူတွေပဲ ရကုန်ကြတယ် မဟုတ်လား။ တစ်လောက နာမည်ကျော် Global. Witness အစီရင်ခံစာနဲ့ပတ်သက်ပြီး တုံ့ပြန်ရန်၊ စုံစမ်းစစ်ဆေးရန် လတ်တလော အစီအစဉ်မရှိဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတယ်ခင်ဗျ။

ကုန်ဈေးနှုန်းကတော့ တက်နေဆဲပဲခင်ဗျ။

ရွေးကောက်ပွဲကလည်း ရက်ပိုင်းပဲလိုတော့တယ်။

ကုန်ဈေးနှုန်းရွေးကောက်ပွဲနှင့် မောင်မိုးသူပါ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts