တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အမှန်တကယ်အပြောင်းအလဲကို တကယ်တန်းဖော်ဆောင်နိုင်မယ့် “အာဏာ” ဟုတ်မှ ဟုတ်ပါလေစ

တပ်ချုပ်ဖေ့စ်ဘွတ်

တူမောင်ညို – အမှန်တကယ်အပြောင်းအလဲကို တကယ်တန်းဖော်ဆောင်နိုင်မယ့် “အာဏာ” ဟုတ်မှ ဟုတ်ပါလေစ

(မိုးမခ)  နိုဝင်ဘာ ၁၁၊ ၂၀၁၅

ပြည်သူလူထုကြီးဟာ  အင်မတန် တာဝန်ကျေသော ပြည်သူလူထုကြီးဖြစ်ပါတယ်။

အခုလည်း “အမှန်တကယ်ပြောင်းလဲဖို့” အသည်းကြားက မဲသုံးပြား(အချို့နေရာတွင် လေးပြား)ကို ပေးခဲ့ကြပြီ။

 ပြည်သူတွေဟာ မဲကို လွယ်လွယ်ကူကူအေးအေးဆေးပေးခဲ့ရသည်မဟုတ်။ “နိုင်ငံတော်၊ တပ်မတော်၊ကော်မရှင်တော်” တို့ရဲ့ ညစ်ပတ်မှု၊ ကောက်ကျစ်မှု၊ မသမာမှု၊ လိမ်ညာမှိုင်းတိုက်မှု၊ သွေးခွဲသပ်ရှိုမှုမျိုးစုံကို ကျော်လွှားပြီး ကိုယ်ထူကိုယ်ထ မဲပေးခဲ့ကြရတာဖြစ် ပါတယ်။ ရှေ့မှာလည်း အလားတူ ညစ်ပတ်မှု၊ ကောက်ကျစ်မှု၊ မသမာမှု၊ လိမ်ညာမှိုင်းတိုက်မှု၊ သွေးခွဲသပ်ရှိုမှုမျိုးစုံကို ဆက်လက် ရင်ဆိုင် ကြုံတွေ့ကျော်ဖြတ်သွားကြရအုံးမှာဖြစ်ပါတယ်။ 

ဒီရွေးကောက်ပွဲမှာ အထူးခြားဆုံးအချက်ကတော့ ပြည်သူတွေဟာ ကြံ့ဖွံ့ပါတီပူးတွဲဥက္ကဋ္ဌဗိုလ်ဌေးဦး၊ ဖြုတ်ပယ်ခံဥက္ကဋ္ဌဗိုလ်ရွှေ မန်း၊“ငြိမ်းချမ်းရေးပွဲစား-လေပတ်ကား” ဦးအောင်မင်း၊ ပါးစပ်/လက်သရမ်းတဲ့ ဘူးလက်ဗိုလ်လှဆွေ တို့ကို ပညာပေးဆုံးမသွားခဲ့တာ တွေကတော့ လှိုက်လှိုက်လှဲလှဲနှစ်ထောင်းအားရဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဒဏ်ခတ်မှုဆိုတာ ဒါမျိုးကိုပြောတာပါ။

 ဒါ့အပြင် အနံကြီးကွင်းကျယ်လုပ်လွန်းတဲ့(ANP)ဥက္ကဋ္ဌ ဦးအေးမောင်ကိုလည်း ပြည်သူတွေကမျက်နှာသာမပေးခဲ့ပါဘူး။ ဒီပွဲမှာ သမ္မတ(ဗိုလ်)ဦးသိန်းစိန် ဝင်နွှဲမယ်ဆိုရင်လည်း ပြည်သူတွေက ထိထိမိမိ ပညာပေးမယ်ဆိုတာ နည်းနည်းလေးမှ သံသယဖြစ်စရာ မလိုပါ ဘူး။ 

ပြည်သူများသည် တာဝန်ကျေခဲ့ပြီ။ 

အနိုင်ရအတိုက်အခံပါတီဘက်ကို ကြည့်ကြဦးစို့။ 

ရွေးကောက်ပွဲအနိုင်ရပါတီ “အာဏာ” တကယ်ရမည်လော။ ဘယ်လောက်အတိုင်းအတာပမာဏအထိ အာဏာ ရမည်လဲ။ 

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်”လို့ အကဲဖြတ်တော့မယ်ဆိုရင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက် ပွဲနေ့ရက်တွေမှာပါ ဆန်းစစ်လေ့လာရမှာဖြစ်သလို ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း  အနိုင်ရပါတီကို  တကယ်တန်း အာဏာလွှဲ ပြောင်း ပေးသလား/ မပေးဘူးလားဆိုတဲ့အချက်အထိ ကြည့်ရမယ်ဆိုတဲ့ သင်ခန်းစာကို “၁၉၉၀ ရွေးကောက်ပွဲ” အတွေ့အကြုံထဲကနေ ကျနော် တို့ ပြည်သူများ၊ အတိုက်အခံပါတီများ တန်ဖိုးအမြောက်အများပေး၍ ရယူခဲ့ကြပြီးဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲ”မှာလည်း ဒီအတွေ့ အကြုံကိုလက်မလွတ်စတမ်း ဆက်လက်စွဲကိုင်ထားရမှာဖြစ်သလို “အာဏာ” ကို ဘယ်အတိုင်းအတာပမာဏအထိ လွှဲပြောင်းပေးသလဲ ဆိုတဲ့ အချက်အထိ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ 

  • ရွေးကောက်ပွဲ အနိုင်ရပါတီကို လွယ်လွယ်ကူကူ ကြည်ကြည်သာသာ အာဏာလွှဲပြောင်းပေးသလား
  • လွှဲပြောင်းပေးတဲ့ “အာဏာ” ရဲ့ အတိုင်းအတာနဲ့ ပမာဏက ဘယ်လောက်ထိရှိသလဲ 

“အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်” ဟု ဆိုလေ့ရှိကြပါတယ်။

 တကယ့်လက်တွေ့တွင် ရွေးကောက်ပွဲကျင်းပသောနေ့၊ မိနစ်ပိုင်း အခိုက်အတံ့မျှသာ ပြည်သူလူထုလက်ဝယ် အာဏာရှိတာ ဖြစ်ပါတယ်။ မိမိလက်ထဲက မဲပြားကို မဲပုံးထဲ ထည့်ပြီးတာနဲ့တပြိုင်နက် ပြည်သူလူထုလက်ဝယ် အာဏာမရှိတော့ချေ။ တိတိလင်းလင်း ပြောရလျှင် ၅ နှစ် တွင် တစ်ရက်၊ တစ်ရက်မှာ မိနစ်ပိုင်းမျှသာ ပြည်သူလူထုလက်ထဲ အာဏာရှိတာဖြစ်ပြီး ကျန်အချိန်အားလုံး၌ အာဏာ သည် အုပ်စိုးသူများ လက်ထဲမှာသာရှိနေတာပါ။ 

အခုလည်း “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆိုတဲ့ ကြွေးကြော်သံအတိုင်း (NLD) ပါတီကို တခဲနက် မဲပေးခဲ့ ကြပြီးပြီ။ သို့ပါ၍ အာဏာသည် ပြည်သူလူထုလက်ဝယ်တွင် မရှိတော့။ (NLD) ပါတီထံရောက်သွားပြီလားဆိုတော့လည်း မရောက်သေး။ အာဏာသည် မဲပုံးထဲကနေတဆင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးတင်အေး လက်ထဲလောလောဆယ် ရောက် နေပါတယ်။ 

အနယ်နယ် အရပ်ရပ်ကလာသော သတင်းများအရ လည်းကောင်း၊  လေ့လာစောင့်ကြည့်သူများ အဆိုအရ လည်းကောင်း  ရွေးကောက်ပွဲမှာ(NLD)ပါတီတခဲနက်အနိုင်ရပြီး ကြံ့ဖွံ့ပါတီအရှုံးကြီးရှုံးတာ သိသာထင်ရှားလှပါတယ်။ ထိုသတင်းတွေ ဘယ်လောက်ပဲ ခိုင်လုံမှန်ကန်နေပါစေ အနိုင်/အရှုံးဟာ (UEC) ဦးတင်အေး လက်ထဲမှာရှိပြီး ဦးတင်အေး ကြေညာပေးမှသာ“တရားဝင်”မှာဖြစ်ပါတယ်။

  ထို့အပြင်(UEC)ဦးတင်အေးကြေညာပေးတဲ့ အတိုင်းအတာပမာဏလောက်သာ(NLD)ပါတီက“အာဏာ”ရရှိမှာဖြစ်ပါတယ်။ 

 လတ်တလောအချိန်မှာ(UEC)က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်စာရင်း ကြေညာနေပုံကလည်း  အသုဘရေစက်ချသလို တစ်စက်ချင်း တအိအိအချိန်ဆွဲ ကြေညာနေတာမျိုးဖြစ်ပါတယ်။ ဒီလိုကြေညာတာတွေနဲ့ပတ်သက်ပြီး မေးသင့်မေးထိုက်တဲ့ မေးခွန်း မီဒီယာသမားတွေကမေးတာကို ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ကျွဲမြှီးတိုသွားလို့ သတင်းစာရှင်းလင်းပွဲ ရပ်ဆိုင်းသွားပါတယ်။ 

 အခုလို တမင်အချိန်ဆွဲထားတဲ့အတွက်  လက်ရှိ(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနဲ့ကြံ့ဖွံ့ပါတီအဖို့ အဖက်ဖက်က ပြင်ဆင်ချိန်တွေ ရသော်လည်းအနိုင်ရပါတီနဲ့ပြည်သူလူထုဟာ မိမိတို့အနိုင်ရတဲ့ အောင်ပွဲကိုကော်မရှင်က အပြည့်အစုံကြေညာပေးမယ့်အချိန်ထိ စိတ်ရှည် သည်းခံစောင့်ဆိုင်းနေကြရတယ်။

ကိုယ်စားလှယ်တွေကို ပြည်သူလူထုကရွေးချယ်တယ်လို့ဆိုသော်လည်း “ကိုယ်စားလှယ်အသိအမှတ်ပြုလွှာ” ကို (UEC) က ထုတ်ပေးမှာဖြစ်တယ်။ ထိုအသိအမှတ်ပြုလွှာ လက်ဝယ်မရှိသူဟာ ပြည်သူလူထုက ဘယ်လိုရွေးခဲ့သည်ဆိုဆို တရားဝင်ကိုယ်စားလှယ် ဖြစ်လာလိမ့်မယ်မဟုတ်ပါ။ 

အခုလည်း ကြံ့ဖွံ့ပါတီထိပ်သီးကိုယ်စားလှယ်တွေ အလဲအကွဲရှုံးတဲ့သတင်း၊ ရှုံးနိမ့်သွားသူတွေက  အရှုံးကို ဝန်ခံ/အနိုင်ရသူကို ချီးကျူးဂုဏ်ပြုတယ်ဆိုတဲ့ “ရွေးကောက်ပွဲယဉ်ကျေးမှု” ဆိုတာကလည်း ခါတော်မီ ဖက်ရှင်ဖြစ်နေပါတယ်။ ထူးခြားတာက ရှုံးသူက ရှုံး ပါပြီလို့ အသိအမှတ်ပြုနေကြသော်လည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက တုတ်တုတ်မျှမလှုပ်။ (UEC)ရဲ့တရားဝင်ကြေညာချက်ကို စောင့်နေ တယ်လို့ ထင်ပါတယ်။

 (UEC) ကလည်း အရှုံးကို နည်းမျိုးစုံနဲ့ ဖာနိုင် ထေးနိုင်သလို အရှုံးထဲက အမြတ်ထွက်အောင်လုပ်ပေးနိုင်ပါတယ်။ နိုင်ငံရေး ပါတီ၊ ရွေးကောက်ပွဲ၊ ရွေးချယ်ခံကိုယ်စားလှယ်တို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လာလျှင် (UEC) ဦးတင်အေးဟာ “စေတလုံးအာဏာ” လက် ဝယ်ရရှိထားသူဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရလို့ ပျော်နေသူကိုချက်ချင်းလက်ငင်း ချုံးပွဲချငိုသွားအောင်လုပ်နိုင်သလို – ရွေးကောက်ပွဲမှာ ရှုံးလို့ တရှုံ့ရှုံ့ငိုနေသူကိုလည်း သွားသုံးဆယ့်နှစ်ချောင်းပေါ်တဲ့အထိ ရယ်မောသွားအောင် (UEC) ဦးတင်အေး က စွမ်းဆောင်နိုင်ပါတယ်။

  ရွေးကောက်ပွဲနဲ့ သက်ဆိုင်သမျှကိစ္စ အားလုံးအပေါ်  (UEC) ဦးတင်အေးရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်အတည် (final and conclusive)  ဖြစ်ပါတယ်။  ဘယ်သူမှ စွက်ဖက်လို့ မရ၊ ပြင်ဆင်ပြောင်းလဲချင်လို့ မရနိုင်ပါ။  

ပြောရမယ်ဆိုရင် (UEC) ဦးတင်အေးဆီက ကိန်းနဲ့ဂဏန်းနဲ့တရားဝင် တိတိကျကျ ထွက်ပေါ်မလာသေးသမျှ ဘယ်ဟာမှ အတည်ယူလို့ မဖြစ်သေးပါ။ အတည်ပြုကြေညာပြီးတာတွေသည်ပင် ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ် – ရွေးကောက်ပွဲဆိုင်ရာပြစ်မှု များဆိုတဲ့  ခေါင်းစဉ် အောက်မှာ အရှုံးက အနိုင်ဖြစ်ပြီး အနိုင်ကလည်း အရှုံးပြန်ဖြစ်သွားနိုင်စရာတွေရှိနေပါသေးတယ်။   

အခုအချိန်ဟာ (NLD)ပါတီ အစိုးရဖွဲ့ဖို့ အချိန်မဟုတ်သေးပါ။ (UEC) ဦးတင်အေးဆီက တရားဝင်အနိုင်အရှုံးစာရင်း ထွက် လာပြီးမှသာ အသေအချာစဉ်းစားနိုင်မှာပါ။ 

အမှန်တကယ်ပြောင်းလဲဖို့ ပြည်သူများက (NLD) ပါတီကို မဲပေးခဲ့ကြပြီ။ အမှန်တကယ်ပြောင်းလဲဖို့ဆိုလျှင် အမှန်တကယ် ပြောင်းလဲနိုင်မယ့် အာဏာ လက်ဝယ်ပိုင်ပိုင်ရရှိဖို့တော့လိုပါတယ်။

(NLD)ပါတီက ရရှိလာမယ့် အာဏာဟာ အမှန်တကယ်အပြောင်းအလဲကို တကယ်တန်းဖော်ဆောင်နိုင်မယ့် အာဏာ ဟုတ်မှ ဟုတ်ပါလေစ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts