ရသဆောင်းပါးစုံ

သွန်းခ – အဖြေရှာရဦးမယ်ဆိုပဲ

Photo – ကုမုဒြာဂျာနယ်


သွန်းခ – အဖြေရှာရဦးမယ်ဆိုပဲ  

(မိုးမခ) နိုဝင်ဘာ ၁၀ဝ ၂၀၁၅

ရွေးကောက်ပွဲကြီး ပြီးသွားပြီ။ အားလုံးနီးပါး တူညီတဲ့ရလဒ်၊ လိုချင်တဲ့ဆန္ဒတွေရကြ ၊ပြည့်ကြပြီ။ ညစ်တာတွေ ထောက်ပြခွင့်ရကြလို့ ညစ်ချင်တိုင်းညစ်လို့ မရကြတော့ဘူး။ ဒါပေမယ့် အရေးကြီးတာက အချိန်။အချိန်ဆွဲမယ်၊ အချိန်ယူမယ်။ အကြောင်းပြချက် ပေးစရာ တစ်ပုံတစ်ခေါင်းကြီးနဲ့ အချိန်ဆွဲနိုင်ပါတယ်။ ရှေ့မှာသာဓကတွေ အများကြီးပါ။

ဒေါ်အောင်ဆန်းစုကြည် ဘာကို သတိပေးနေပါသလဲ။ လူထုခေါင်းဆောင်ဆိုတဲ့အမျိုးသမီးကြီး ဘာလို့ သတိတွေပေးနေပါသလဲ။ ကျွန်တော့် သုံးသပ်ချက်မလွဲနိုင်ဘူးဆိုရင် သူ့လူမျိုး၊ သူ့နိုင်ငံသားတွေရဲ့ အကျင့်စရိုက်တွေ သူ ကောင်းကောင်းသိနေ၊ နားလည်နေလို့ပါပဲ။ သူအဖြေမရှာဘူးနော်၊ သတိပေးနေတာ။”စည်းကမ်းရှိကြပါ”တဲ့။      လူထုခေါင်းဆောင်ဆိုတာ လူထုက တင်မြှောက်ရင်း လူထုခေါင်းဆောင်ဖြစ်လာတာပါ။ ဖြစ်လာတဲ့နေရာကနေ သတိကောင်းကောင်း ပေးခဲ့ဖူးပါရဲ့။

“ရလဒ်ကို အေးအေးဆေးဆေး နားထောင်ပါ၊ အောင်စာရင်းစောင့်ကြသလို ပျော်ပျော်ပါးပါး စောင့်နားထောင်ပါ။ ပျော်ဖို့ ကောင်းပါတယ် ။နိုင်လည်း တစ်ဘက်ပါတီ (မည်သည့်ပါတီလို့ ပြောမသွား) ကို ထိခိုက်နစ်နာအောင် မပြောကြမိစေနဲ့၊ မနိုင်လည်း အေးအေးဆေးဆေးပြန်လာကြပါ၊ ရလာတဲ့ ရလဒ်ကို ရဲရဲရင်ဆိုင်ကြပါ”

အဲဒီကတည်းကကျွန်တော် နပ် ပြီ၊ ကလေးကလားပြောရတော့ ပေါက် ပြီ။ အရေးကြီးတဲ့ စကားမို့ အပျော်အပျက် မလုပ်ရက်လို့သာ။ စိတ်ထဲက ပြောနှင့်ပြီးသား။ “ရဲရဲ ကိုရင်ဆိုင်ပါ့မယ်”လို့။ အများကလည်း တွက်ပြီးသား။ အဲဒီနေ့ညနေက တခြားတော့ မသိဘူး။ ကျွန်တော့်မိတ်ဆွေတော်တော်များများ သူတို့ကြိုက်ကြပေမယ့် မမှီဝဲ ကြဘူး။  ဆိုင်တွေပိတ်တာကိုး လို့ မထောက်ပါနဲ့။ အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ချင်ကြလို့ဆိုတာ သိရပါရဲ့။  စိုးရိမ် တိတ်ဆိတ်နေတာက မဲ လိမ်၊ မဲ ခိုးမယ့် ကိစ္စ။ ဒါ လူတိုင်း နီးပါးကို စိုးရိမ်ခဲ့ကြတာ။ အားလုံးလည်း ကြားရပြီးပါပြီ၊ မြင်ရပြီးပါပြီ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်ဆင်ထားခဲ့ကြတဲ့ မသမာမှုတွေ။ အများပြည်သူ စိုးရိမ်ကြတာ ဆန်းပါသလား။ အစီအရီ ထည့်ထားတဲ့ မဲ ချပ်ကလေးတွေများ လှချက်။

ထားပါတော့ခင်ဗျာ။ အောင်နိုင်ရေးသီချင်းတွေဆိုလို့ လည်ချောင်းကွဲ ရကျိုးနပ်ကြပါပြီ။ လစာမဲ့နဲ့ စင်ကာပူက  ညီအစ်ကို ၊နှမတော်များ ကျေနပ်ကြပါပြီ။ လူထုခေါင်းဆောင် ဘာထပ်ပြောနေပါသလဲ။ အားလုံး အာရုံစိုက် မိကြပါလိမ့်မယ်။စည်းကမ်းက မဲ့တတ်ကြလို့ အထပ်ထပ်အခါခါ သတိပေးနေပါလေရဲ့။

လူမှုကွန်ရက်မှာ ကိုသူရ(ဇာဂနာ)  ရေးထားတာဖတ်လိုက်ရပါသေးတယ်။”အစိုးရဘက်ကိုပဲ ပြောင်းခိုင်းနေလို့ မရဘူး။ ပြည်သူတွေဘက်ကလည်း  ပြောင်းလဲဖို့လိုတယ်။ ဥပမာ- လမ်းဘေးမှာ ကွမ်းတံတွေးထွေးတဲ့လူတွေ အခုထိရှိနေတုန်းပဲ။ အဲဒီလူတွေကို အရင်  ပြောင်းခိုင်းသင့်တယ်။ အဲဒီလူတွေကို မပြောင်းခိုင်းဘဲနဲ့ အစိုးရကို ပြောင်းခိုင်းတာတော့ မတရားဘူး။ တစ်ဦးတစ်ယောက်ချင်းစီ မပြောင်းလဲသ၍ ကတော့ မြတ်စွာဘုရား သမ္မတ လာလုပ်လည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ တကယ်လို့ အမေစုသာ သမ္မတဖြစ်လာခဲ့ရင် ဆိုတဲ့စကားက တော်တော်စိတ်ကူးယဉ်ဆန်ပါတယ်။ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကျွန်တော့်အနေနဲ့ အဓိကကတော့ မြန်မာနိုင်ငံမှာ လူတွေကို ပြောင်းစေချင်တာပါ။ တစ်ဦးတစ်ယောက်ချင်းစီ ပြောင်းစေချင်တယ်။ ဒါပေမယ့် သူတို့ ပြောင်းဖို့ ကိစ္စကို တိုက်တွန်းဖို့ ဆိုတာက နိုင်ငံရေးသမားတွေ တာဝန်ဖြစ်ပါတယ်။ အခု ပြဿနာက နိုင်ငံရေးသမားတွေကိုပဲ လူတွေက ပြောင်းခိုင်းနေတယ်။ အစိုးရကိုပဲ ပြောင်းခိုင်းတယ်။ ကိုယ်ကိုယ်တိုင်ကျတော့ ဘာလို့ မပြောင်းလဲသေးတာလဲလို့ ပြောချင်ပါတယ်” ဆိုတာပါပဲ။

ကိုသူရ ပြောသွားတာ ကွမ်းတံတွေး ထွေးတာလောက်ပဲ ရှိပါသေးတယ်။ သူအများကြီး မရေးချင်လို့ နေမှာပါ။ အများကြီး ပြောင်းလဲကြဖို့ လိုနေသေးတယ် ဆိုတာ အားလုံးအသိပါ။ မသိချင်ယောင်ဆောင်နေကြလို့ မဖြစ်တော့တဲ့အခြေအနေပေါ် နေ့ချင်းညချင်းရောက်နေပါပြီ လို့ မြင်ပါတယ်။ ဘယ်အစိုးရသစ် တက်လာ တက်လာ စည်းကမ်းနဲ့ အုပ်ချုပ်ဖို့ ၊ပြည်သူတွေ စည်းကမ်းရှိကြဖို့ ထောက်ပြသွားခဲ့တာပါ။ အဲဒီစာကို လူမှုကွန်ရက်မှာ ဖတ်ခွင့်ရတာ ၁ဝ၊ ၁၁၊ ၂ဝ၁၅ မနက်စောစောမှပါ။ ကျွန်တော် ချက်ချင်းမဖတ်ဖြစ်လိုက်တာက လိုင်းမကောင်းလို့၊ မအားလို့ပါလို့ အကြောင်းမပြချင်ပါဘူး။ ဟံသာဝတီ သတင်းဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ည ၈း၃၁ ကတည်းကတင်ထားခဲ့ပြီးသားလို့ တွေ့လိုက်ရပါရဲ့။

အခုမနက် (၁ဝ၊၁၁၊၂ဝ၁၅)၊ BBC သတင်းဌာနက ကြားလိုက်ရတာလေးက “ကျွန်တော်တို့ ပြည်သူတွေ အတွက်ပဲ လုပ်ခဲ့ပေးပါတယ်၊ ဘာဖြစ်လို့ပြည်သူတွေရဲ့ဆန္ဒ၊ သဘောထားက ကျွန်တော်တို့ဘက်မှာ မရှိတာလဲ ဆိုတာကိုပြန်ပြီး အဖြေရှာရဦးမှာပါ” လို့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ပြောသွားခဲ့ပါတယ်။

ကျွန်တော် ပေါ့ပျက်ပျက် မရေးချင်ဘူး၊ အပြစ်လည်း မတင်ချင်ပါဘူး။ အဓိကကတော့ ပြည်သူတွေရဲ့အသံ ၊ပြည်သူ့ဆန္ဒတွေကို နားမထောင်ခဲ့ဘူးလို့ တော့ရေးချင်ပါတယ်။ တစ်ဖက်နားနဲ့ဆုံးဖြတ်၊ တစ်ဖက် အပြောတွေကိုပဲ အာရုံခံပြီး ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်မလုပ်မိခဲ့တာ၊ မပေးသင့် မပေးအပ်တဲ့ အခွင့်အာဏာတွေကို မလျော်မကန်ပေးခဲ့တာ၊ တရားဥပဒေ စိုးမိုးမှု အရိပ်အခြေ အားနည်းနေတာကို မျက်ကွယ်ပြုခဲ့တာတွေကြောင့်ဆိုတာ အဖြေထွက်သွားခဲ့တာပါပဲ။

စည်းကမ်းနဲ့ပဲ ဆက်နေသွားကြရမှာ နောက်လာလတ္တံသောအစိုးရသစ်တစ်ရပ်နဲ့အဓိကအကျဆုံးဟာ ပြည်သူပြည်သား ၊နိုင်ငံတော်သူနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဖြေရှာလေ ၊ကြာလေဖြစ်မှာပါ။ အမှန်တကယ် စည်းကမ်း ရှိကြရမှာပါ။ စည်းကမ်း ရှိချင်ယောင် ဆောင်နေကြလို့ကတော့အဲဒီ အဖြေ ဆိုတာကြီးကိုပဲ တစ်သက်လုံး ရှာနေကြပေဦးတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts