ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

အေးငြိမ်း – အပျော်ဆုံးနေ့

Than Htay Maung

အေးငြိမ်း – အပျော်ဆုံးနေ့

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၅

၈ – ၁၁ – ၂၀၁၅ ရက်နေ့။

 မြန်မာပြည်သား လူအများတို့နည်းတူ ကျွန်ုပ်မှာလည်း အလွန် စိတ်လှုပ်ရှား၊ ရင်ခုန်လျက်ရှိသတည်း။ ဘယ်နေရာမှာ ဘာတွေများဖြစ်လိမ့်မလဲဟု ရင်တမမဖြင့် မဲဆန္ဒပေးသည့် သတင်းများကို နားစွင့်နေမိသည်။ ဘယ်လိုညစ်လုံးပတ်လုံး၊ ယုတ်လုံးတွေများ ထုတ်သုံးလိုက်လေမလဲဟု စိတ်တထင့်ထင့် ဖြစ်နေ၏။ ဘယ်မဲရုံမှာ စီကနဲဖြစ်လေမလဲဟု စိုးရိမ်ပူပန်နေမိလေသည်။

(ယခုမူ မဲလက်မှတ်ညစ်လုံးလောက်က လွဲလို့ ကျန်တာအားလုံး အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားခြင်းအတွက် ထိုလူကြီးများအား အထူးကျေးဇူးတင်ပါသည်။ သို့မို့ကြောင့်လည်း အသင်တို့ပြောခဲ့သမျှအားလုံး သင်ပုန်းချေပစ်လိုက်ပါပြီ။)

၉ – ၁၁ – ၂၀၁၅ ရက်နေ့။

ယခုမှ အသစ်ကျပ်ချွတ်ရလာသည့်ရည်းစားနှင့် တွေ့ရတော့မည့် အပျိုဖျန်းကလေးသည် ရင်များတုန်ကာ ခြေဖျားလက်ဖျား များ အေးလျက် နေမထိ၊ ထိုင်မသာ ဖြစ်နေသကဲ့သို့ မဲရလဒ်အခြေအနေကို သိလိုဇောဖြင့် ကျွန်ုပ်မှာလည်း ထိုင်ရတော့မလို၊ ထရတော့မလိုဖြင့် ကယောင်ချောက်ခြားဖြစ်ကာ နေလေ၏။

ထို့နောက် ဖေ့စ်ဘုတ်ကို မပြတ်ဖွင့်လျက် Eleven Media မှတဆင့် ရွေးကောက်ပွဲရလဒ်များကို သိရလေသော် ရင်တထိတ်ထိတ်ဖြင့် အပျော်ကြီး ပျော်မိလေသော ဟူသတတ်။

ကျွန်ုပ်ဘ၀၌ လက်ချိုးရေ၍ရသော အလွန်ပျော်ခဲ့ရသည့် နေ့ရက်အနည်းငယ်အတွင်း၌ ယနေ့သည်လည်း တစ်ရက် အပါအ၀င် ဖြစ်၏။

ပထမအကြိမ် အကြီးအကျယ်ပျော်ခဲ့ရတာ ၁၉၉၀ ရွေးကောက်ပွဲတုံးကဖြစ်သည်။ ထိုစဉ်က ကျွန်ုပ်တို့ မောင်နှမတတွေမှာ ရေဒီယိုကိုဖွင့်လျက် ရွေးကောက်ပွဲရလဒ်များကို အလွန်စိတ်လှုပ်ရှားစွာ နားထောင်နေခဲ့ကြတာ ဖြစ်သည်။ ထို့နောက်တွင်မတော့ ဆိပ်ကမ်းမြို့နယ်တွင် ဒေါ်စန်းစန်းက ၉၈% ဖြင့် နိုင်ပြီ စသည်ဖြင့် ရေဒီယိုက တစ်ခါကြေငြာလိုက်၊ ကျွန်ုပ်တို့မှာ ဟေး ကနဲအော်ကာ ပျော်မြူးလိုက်။ ကျွန်တော် ဆယ်တန်းအောင်စဉ်ကပင် သည်မျှ မပျော်ဖူးပါ။ အမှန်ကိုပြောရလျှင် ကျွန်တော့်ဘ၀တွင် သည်တစ်ခါ အပျော်ဆုံးဖြစ်ပါသည်။ သည်ကဲ့သို့ တစ်ခါမှ မပျော်စဖူး။ သိန်းထီပေါက်လျင်ပင် ကျွန်တော် ဤမျှပျော်မည် မထင်ပါ။

ယခုလည်း NLD က အပြတ်အသတ်နိုင်သည့်သတင်းများကိုဖတ်၍ ကျွန်တော့်မှာ ၀မ်းသာလွန်းသဖြင့် မျက်ရည်လည်မိသည်။

ကျွန်ုပ်တို့ကား လွတ်လပ်ရေးရပေတော့မည်။

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရတော့မည်။

ကိုယ့်တိုင်းပြည်မှ သစ်များကို စိတ်ရှိတိုင်း ထင်သလိုခုတ်ကာ ကားကြီးကားငယ်များဖြင့် တိုက်ထုတ်နေသည်ကို ရင်နာနာနှင့် သည်အတိုင်းကြည့်နေကြရသည့်ဘ၀က လွတ်ကင်းပေတော့မည်။

လယ်သမားများ၏ လယ်များကို အတင်းရောအဓမ္မပါသိမ်းယူနေကြသည်ကို မျက်ရည်စက်လက်နှင့် ရင်ထုမနာဖြစ်နေရသည့် ဘ၀များက လွတ်ကင်းကြတော့မည်။

မြန်မာတစ်နိုင်ငံလုံး ငါတို့ပိုင်သည်ဟု သဘောထားကာ မြင်မြင်သမျှ မြေများအား ထင်တိုင်းကြဲ သိမ်းပိုက်၊ ၀ယ်ယူ လုပ်နေ သည်များအား ရပ်တန်းက ရပ်နိုင်တော့မည်။

တရားမရှိ ဓားမရှိ၊ ထစ်ကနဲဆို ဒါးနှင့်ခုတ်၊ ဒုတ်နှင့်ရိုက်။ လူသတ်ရန်ဝန်မလေးလှသော ဥပဒေမဲ့လုပ်ရပ်များကို တားဆီးနိုင် တော့မည်။

မတရားအလုပ်ခံရလျှင်သော်မှ ငွေများက (သို့) အာဏာရှိက တရားနိုင်နေသည့် စနစ်ဆိုးကြီးကို အမြစ်မှ တွန်းလှန်နိုင် တော့မည်။

အကျင့်စာရိတ္တကောင်းသူများက အကျင့်စာရိတ္တ ချွတ်ခြုံကျ ပျက်ယွင်းနေသူများထံမှ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာကို အောက်ကျနောက်ကျခံ သွားတောင်းနေရသည့် ကပြောင်းပြိ၊ ကပြောင်းပြန် စနစ်ဆိုးကြီးကို ဖျက်သိမ်းနိုင် တော့မည်။

မြစ်ချောင်းအင်းအိုင်များအတွင်း ရေဆိုးများကို အတိုင်းအဆမရှိ သွန်ထည့်နေသည်အား မည်သူမှ အရေးမလုပ်ကြသည်ကို အရေးလုပ်နိုင်တော့မည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀% မျှသော လယ်သမားများ ပိုးသတ်ဆေးများကို အလွန်အင်မတန် အန္တရာယ်များစွာ သုံးစွဲနေသည်အား မသိသားဆိုးဝါးလှစွာ လျစ်လျူရှုထားသည်အား ပညာပေးသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်ပေးခြင်း၊ အန္တရာယ်ကင်းပစ္စည်းများ ထုတ်ပေးခြင်းတို့ကို လုပ်ပေးနိုင်တော့မည်။

နိုင်ငံခြားကုမ္ပဏီများက မြန်မာနိုင်ငံအတွင်းလာကာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားလုပ်သားများအပေါ် မတရားသဖြင့် ပြုမူနေသည်များကို တားဆီးနိုင်တော့မည်။

ထို့ထက် –

ဘုံမဟုတ်၊ ပတ်မဟုတ် အစိုက်ခိုင်းထားသည့် ကြက်ဆူပင်များကို အမြစ်ပါမကျန် နှုတ်ပစ်နိုင်တော့မည်။

ခေါင်မိုးပေါ်တင်ထားသည့် ကျောက်ဖရုံသီးများကို သကြားနိုင်နိုင်ထည့်ကာ ယိုထိုးစားနိုင်တော့မည်။

ယတြာပြောင်းဖူးများကို မီးသွေးမီးဖိုတွင်ဖုတ်ကာ ဆီဆန်း ဆားဖြူးလျက် ရေနွေးကြမ်းဖြင့် မြည်းနိုင်တော့မည်။

ထို့ထက် –

နိုင်ငံရပ်ခြား တိုင်းတပါးသို့သွားသည့်အခါများတွင် မြန်မာနိုင်ငံမှဟု ဆိုလိုက်သည်နှင့် အထင်သေးစွာ ကြည့်တတ်ကြသည့် မျက်လုံးများ၏ဒဏ်မှ လွတ်ကင်းတော့မည်။

မြန်မာပတ်စ်ပို့ဆိုပါက မယုံကြည်လှစွာ ဖင်ပြန်ခေါင်းပြန် အပြန်ပြန်အလှန်လှန် စစ်ဆေးသည်ကို မျက်နှာငယ်ကလေးနှင့် ရင်တုန်ပန်းတုန်ကြည့်နေရသည့် အဖြစ်ဆိုးများမှ ကင်းဝေးတော့မည်။

ကိုယ့်အစိုးရက အကာအကွယ်မပေးသဖြင့် မတရားလုပ်တာခံရသည့်တိုင် မျက်ရည်စက်လက်နှင့် သည်အတိုင်း ပြည်တော်ပြန်ကြရသည့် ဘ၀များ တစစနှင့် ခွေးလျက်သည့် ထန်းလျက်ခဲလို့ ကွယ်ပျောက်ရတော့မည်။

ကိုယ့်တိုင်းပြည်တွင် ကိုယ့်မိသားစု၊ ကိုယ့်ရေမြေသဘာဝ၊ ကိုယ့်တိုင်းရင်းသား အစားအစာ၊ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံများကို ခုံမင်နှစ်သက်ပါလျက် မတတ်သာ၍ တပြေရပ်ခြား တိုင်းတပါးတွင် အောင့်အည်းသည်းခံ လုပ်နေကြရသည့် မြန်မာများအတွက် ပြည်တော်ပြန် ၀င်ရေး မျှော်လင့်ချက်ရောင်ခြည်တို့ သန်းလာချေပြီ။

လောကကြီးကို မပျက်စီးအောင် စောင့်ထိန်းအပ်သော လောကပါလတရားနှစ်ပါး ဟူသည် ရှိ၏။

၎င်းတို့မှာ ဟီရိ နှင့် သြတပ္ပတရားတို့ ဖြစ်၏။ ဟီရိ ဆိုသည်မှာ မကောင်းမှုကိုလုပ်ရမှာ ရှက်ခြင်း နှင့်

သြတပ္ပ ဟူသည်မှာ မကောင်းမှုကိုလုပ်ရမှာ ကြောက်ခြင်း တို့ဖြစ်၏။ ဟီရိ၊ သြတပ္ပကင်းမဲ့နေသော လောကကြီးသည် အလုံးစုံပျက်ယွင်းခြင်း၏ အစပင် ဖြစ်တော့၏။ ယခု ထို ဟီရိ နှင့် သြတပ္ပဟူသော စကားလုံးတို့ကို အုပ်ချုပ်သူလူတန်းစားတို့၏ အဘိဓာန်တွင် ပြန်လည်ထည့်သွင်းဘို့ရာ အချိန်တန်ပေပြီ။

ဆိုရလျှင် ထို ဟီရ၊ သြတပ္ပတရားနှစ်ပါးသာမကသေး။ အုပ်ချုပ်သူလူတန်းစားတို့၏ အဘိဓာန်တွင် ပျောက်ကွယ်နေတာကြာပြီဖြစ်သော အရှက်၊ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရား၊ ကတိက၀တ်၊ သစ္စာ၊ လူကြီးလူကောင်း၊ တရားမျှတမှု၊ ကိုယ်ချင်းစာတတ်မှု၊ ဥပဒေကို လေးစားလိုက်နာတတ်မှု၊ တာဝန်ယူမှု၊ တာဝန်သိမှု၊ နိုင်ငံနှင့် ပြည်သူ့အကျိုးကို စေတနာရှေ့ထား ဆောင်ရွက်တတ်မှု စသည့် စကားလုံးများကို ပြန်လည်ထည့်သွင်း ကြရပေတော့မည်။

ညစ်ပတ်မှုများရှိနေသည့်တိုင် ယခု ရလဒ်များကိုကြည့်ရသည်မှာ အားရစရာကြီး ဖြစ်၏။

သို့အတွက် NLD အစိုးရဖွဲ့နိုင်တော့မည်ကို ယုံမှားသံသယရှိစရာမလို။

ကမ္ဘာကပင်လေးစားရသော အမျိုးသမီးကြီး၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်တို့အားလုံးသည် အဖက်ဖက်မှ ယိုယွင်းကာ၊ ချွတ်ချုံကျနေသော ကျွန်ုပ်တို့အိမ်စုတ်ကြီးကို ပြန်ပြင်ကြရလိမ့်မည်။

ဤသို့ပြင်ရာတွင် ခဏကလေးနှင့်၊ (၁) နှစ် (၂) နှစ်၊ (၃ – ၄) နှစ်နှင့် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်။ ဆယ်စုနှစ်အတော်များများ အချိန်ယူကာ ပြင်ကြရမည်။ ကျွန်ုပ်တို့ တိုင်းသူပြည်သားအားလုံးသည် မိမိတတ်နိုင်သည့်ဘက်က တဘက်တလမ်း ၀ိုင်းဝန်းကြိုးပမ်းကြရမည်။ ၀ိုင်းကြ၀န်းကြရန် တိုက်တွန်းလိုက်ရပါ၏။

သယံဇာတများကို ထုတ်ရောင်းစားနေမည့်အစား အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ကာ ပြည်ပ၀င်ငွေ ရှာနိုင်အောင် ကြိုးစားကြမည်။

ကျန်းမာရေးနှင့်မညီညွတ်သည့် မလေးရှားမှ စားအုန်းဆီများကို တင်သွင်းမည့်အစား အရည်အသွေးမြင့် ပဲဆီများ ထုတ်လုပ်ကာ တစ်ကမ္ဘာလုံးသို့ တင်ပို့ကြမည်။

ရေနံစိမ်းများကိုရောင်းကာ စင်ကာပူမှ ဒီဇယ်များတင်သွင်းနေမည့်အစား ကျွန်ုပ်တို့ ကိုယ့်ဘာသာ ရေနံချက်ကာ သူတို့ကို ပြန်ရောင်းစားကြမည်။

ဂျပန်က တပတ်နွမ်းကားများကို တင်သွင်းနေမည့်အစား ကိုယ့်ဘာသာ ကားထုတ်နိုင်အောင် ကြိုးစားကြမည်။  (နိုင်ငံခြားမှ တပတ်နွမ်းကားများကို ဘော်ဒီလေးနည်းနည်းပါးပါးထု၊ ဆေးပြန်သုတ်ပြီး စက်မှုဇုံထုတ်ကားဟု ဟန်ပြထုတ်နေခြင်းကို မဆိုလို။)

မြန်မာနိုင်ငံကို အမှိုက်ပုံဟု သဘောထားလျက် တရုတ်က အပေါစားလျှပ်စစ်ပစ္စည်းများ ဒလဟော တင်သွင်းနေသည်ကို သူတို့ထက် အရည်အသွေးပိုကောင်းသောပစ္စည်းများ ထုတ်လျက် တိုက်ထုတ် ပစ်ရမည်။

အန္တရာယ်များလှသော တရုတ်လုပ် သွားရေစာများအစား၊ အရည်အသွေးမြင့်၊ ကျန်းမာရေးနှင့် ညီညွတ်သော မြန်မာမုံ့များ ထုတ်လုပ်လျှက် ထိုတရုတ်မုန့်များကို ချေမှုန်းပစ်ရမည်။

မဖြစ်ညစ်ကျယ်လစာလေးနှင့် သူများတိုင်းပြည်သွားကာ အိမ်ဖော်လုပ်နေရသည့် အမျိုးကောင်း သမီးကလေးများအတွက် အလုပ်အကိုင်ကောင်းများ ဖန်တီးပေးရမည်။

ကျွန်ုပ်တို့သားသမီးများကို တခြားနိုင်ငံသွားကျောင်းထားနေရသည့်ဘ၀မှ နိုင်ငံခြားမှကျောင်းသားများ ရန်ကုန်တက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်များသို့ လာတက်ကြရလေအောင် ကြိုးစားကြရမည်။

ကျွန်ုပ်တို့တွင် လုပ်စရာတွေ အများကြီးရှိသည်။

ထလော့မြန်မာ၊ မြန်မာထလော့

အားမလျှော့နှင့်

သူကစ၍၊ ငါကအားလုံး

လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်

စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍

တ၀မ်းတစိတ်၊ ညီစေသတည်း။

(ဆရာဇော်ဂျီ)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၀ – ၁၁ – ၂၀၁၅။ ၀၀း၃၆ နာရီ

မှတ်ချက်။ ။ ကြက်ဆူပင်များကို နှုတ်ပစ်မည်၊ ကျောက်ဖရုံသီးများကို ယိုထိုးမည်ဆိုခြင်းမှာ ၎င်းတို့လုပ်ခဲ့သော အလုပ်များကို အငြိုးအာဃာတဖြင့် အကုန်ဖျက်ပစ်မည်ဟု ဆိုလိုခြင်းမဟုတ်။

ပြည်သူအတွက်လည်းအကျိုးမရှိ၊ နိုင်ငံအတွက်လည်းအကျိုးမရှိသော၊ ထို့ထက် ပြည်သူများ၏ အတွေးအခေါ် အယူအဆများကို မှားယွင်းစေနိုင်သော အဓိပ္ပာယ်ကင်းမဲ့လှသည့်အလုပ်များကို ပြည်သူများ နောင်တွင် မည်သည့်အခါမှ မလုပ်ရတော့ ဟု ဆိုလိုခြင်းဖြစ်ပါသည်။

အဓိပ္ပာယ်ကောက် လွဲမှာစိုးသည့်အတွက် ရှင်းပြရခြင်း ဖြစ်ပါ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts