မာမာအေး

မာမာအေး – ပြောပြစရာတွေလဲတပုံကြီး ရှိသေးတယ် – အမှတ် (၆၀၈ ) မြန်မာ့နှဲ (၂)

မာမာအေး – ပြောပြစရာတွေလဲတပုံကြီး ရှိသေးတယ် – အမှတ် (၆၀၈ ) မြန်မာ့နှဲ (၂)

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅

သောတရှင်များ  ကျန်းမာတော်မူကြပါစရှင်။

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

သောတရှင်တို့ရေ၊ ရှေ့အစီအစဉ်မှာတုန်းက ၊မြန်မာ့ဂီတတူရိယာပစ္စည်းတွေ အနက် ၊လေမှုတ်ကိရိယာလို့ ခေါ်ရမယ့် ` နှဲ´ အကြောင်းကို ဂီတဗဟုသုတေ ဝငှချင်တဲ့ စေတနာအရ စပြီး ပြောခဲ့တာပေါ့ရှင်၊ဒါကြောင့် ` နှဲ ´ ဆိုတဲ့အရာ ဘယ်အခါကစပေါ်လာတာပါလဲ၊ကိုယ့်နိုင်ငံမှာ ဘယ်တုန်းကစပြီး တွေ့ခဲ့ရလဲ၊မြန်မာ Key တွေကို ၁ပေါက်၊၂ပေါက်၊ ၅ပေါက် လို့ ခေါ်နေကြတာဟာ ၊ နှဲကို စံပြုခဲ့လို့ ဆိုတာတွေနဲ့ ၊ အသံနာမည်တွေ မှည့်ခေါ်ပုံတွေကို ရောက်သွားပါပြီရှင်။

` နှဲ ´ ဆိုတာ ဘယ်လိုပုံစံရှိတဲ့ပစ္စည်းပါလို့ ခေတ်မီခေတ်လွန်သီချင်းတွေသာ နားထောင်တတ်တော့တဲ့ ဒီခေတ်နှောင်းလူတွေကို ပြောရမှာ ခပ်ခက်ခက်ပဲ သောတရှင်တို့ရေ၊ ဒီလိုခေတ်မီတဲ့သူတွေကိုတော့ ၊ နိုင်ငံတကာတူရိယာ ` အိုးဘို ´ ဆိုတဲ့ ပစ္စည်းလိုဘဲ၊ အခင်နဲ့မှုတ်တာမျိုးလဲဖြစ်တယ်၊ အရင်းဖက်ကသေးပြီးတော့ အဖျားဖက်က ကြီးသွားတဲ့ မြန်မာနှဲအိုးမျိုးဘဲ နည်းနည်း ပိုတိုတယ်၊ လက်ပေါက်တွေရှိတဲ့ အခေါင်းပေါက်ပါရှိတဲ့  သစ်သားလုံးလိုသဏ္ဍာန်မျိုး ဖြစ်တယ်လို့သာ ရှင်းပြနိုင်မှာပါ။ မြန်မာအင်္ဂလိပ်အဘိဓာန်က ဆိုင်းနေရာမှာ ရှာကြည့်နိုင်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကို မြင်ဖူး နားထောင်ဖူးတဲ့ ဝါသနာရှင်တိုင်းကတော့ ဆိုင်းဝိုင်းရဲ့နောက်နားက ဆိုင်းသေတ္တာမြင့်မြင့်ပေါ်မှာ သစ်သားပွတ်လုံးထိုး၊ လက်ပေါက်တွေလဲပါ၊ အဖျားပိုင်းမှာ အော်လံခွက်ကလေးချည်ထားတဲ့ သစ်သားရိုးတန်ကလေးနဲ့  လူတယောက် နှုတ်ခမ်းတေ့မှုတ်နေတဲ့ အရာဟာ ` နှဲ ´ လို့ သိကြပါလိမ့်မယ်ရှင်။ နှဲတံ၊ နှဲရိုး၊ နှဲလုံး ရယ်လို့ နည်းအမျိုးမျိုးနဲ့ ခေါ်နေကြတဲ့ ` နှဲတူရိယာပစ္စည်း ´ မှာ နှဲကြီး နဲ့ နှဲလေး ၊ နှစ်မျိုးခွဲခြားလို့ ရပါတယ်။

နှဲကြီးက နှဲလေးထက် ဘယ်သံကျပြီး အသံကြီးပါတယ်။ ` ကြာအိုးအံ ပုဂံတည် ´ ဆိုတဲ့ စကားအရ တော့ မြန်မာသက္ကရာဇ် (၂၁၁ ) ခုနှစ်မှာ ` နှဲကြီး ´ စတင်ပေါ်ခဲ့တယ်ပေါ့ရှင်။ ရှေးမြန်မာမင်းများ စက်ရာတော်က နှိုးတဲ့အခါမှာ နှဲကြီးတလက်ထဲကိုသာ မှုတ်ပြီး နှိုးစေပါသတဲ့။ မျက်နှာတော်သစ်ချိန် ၊နားနေချိန်တွေမှာလဲ နှဲကြီးသံပေးရပါသတဲ့ရှင်။

အင်း….မြန်မာ သက္ကရာဇ် (၂၁၁) ခုနှစ်ကဆိုတော့ အခု ၁၃၇၇ – ခုနှစ်ကနေ နောက်ပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၁၆၆ ) နှစ်တောင်ရှိပြီဘဲ။ နှဲကြီးသံနဲ့ ဘုရင်ကို  အိပ်ယာက နှိုးဖို့ကလဲ တော်တော့ကို လေချိုနေမှဖြစ်မှာပါလားလို့ တွေးနေမိတယ်ရှင်၊ နှဲသံကို လေချိုအေးအေးလေးဖြစ်လာအောင် – လယ်ထဲမှာ လေ့ကျင့် မှုတ်ခဲ့ရတာ သုံးနှစ်လောက်ရှိတယ်တဲ့၊ စပြီး နှဲ မှုတ်ကျင့်တော့ – အဖေတို့နားက – ရွာခံ ကရင်မကြီးတွေက ` မောင်အေး ´ နင့် နှဲကြီးက တဂေါ်ဂေါ်နဲ့ ငါတို့ နား လာမမှုတ်နဲ့ နားငြီးတယ်လို့ ဆိုပြီး မောင်း မောင်ုးတ်တာ ကောင်ရ ´ လို့ ပြောခဲ့တာကိုး။ အဖေ့ရွာက လူတွေက မောင်းထုတ်ရုံရှိမှာ ၊ ဘုရင်ဆိုတော့ တချက်လောက် လက်ပေါက်မှားလို့ ဂေါ်ဂွီများ ထွက်သွားရင် – သေရအောင်ပြင် ´ လို့ ဖြစ်မှာ မဟုတ်လား။

မာအေးလဲ တခါတလေ ကာတွန်းမလေး ဖြူဖြူလိုဘဲ စိတ်ကူးယဉ်တ်တယ်လေ၊ အတွေးက ဟိုးအစရောက်သွားလို့ပါနော။ အဲဒီလို ဟာသအတွေးဟာ ဘယ်သူကြောင့် ပျောက်သွားရသလဲလို့ ပြောပြပါဦးမယ်။ ဘုရင်ကို နှဲသံကြီးပေးပြီး စက်တော်ခေါ်ရာက နှိုးခဲ့တယ်လို့ ပြောသွားခဲ့တဲ့ ` စစ်ကိုင်း ဦးသာကျင် ´ လို့ ခေါ်တဲ့ နှဲဆရာကြီးကြောင့် ပေါ့ရှင်။ အဲဒီအဘနှဲဆရာကြီး ဦးသာကျင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ၊မာအေးတို့ နိုင်ငံရဲ့ နောက်ဆုံးပါတော်မူသွားရှာတဲ့ ရွှေနန်းရှင်ဘုရင်သီပေါမင်း ၊အိန္ဒိယနိုင်ငံ ၊ရတနာဂီရိမှာ အိမ်နိမ့်စံနေရစဉ်အခါက ၊သွားရောက်ခစားဖျော်ဖြေခဲ့ကြတဲ့ ဂီတပညာရှင်တွေထဲက တဦးဖြစ်ပါတယ်။ ဂီတအဖိုး စိန်ဗေဒါကြီးကို နေမျိုးလကျော်သူ ဘွဲ့တော် ချီးမြှင့်သလိုဘဲ၊ နှဲဆရာကြီး ဦးသာကျင်ဟာ ` ဟာသကျော်ခေါင် ´ဆိုတဲ့ ဘွဲ့တော်ကို ပေးသနားတော်မူခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ထူးထူးကဲကဲ နှဲဆရာရဲ့ ဘွဲ့ဟာ` ဟာသကျော်ခေါင် ´ ပါတဲ့ရှင်။ မင်းပေါက်စိုးပေါက် တော်ဝင်နှဲဆရာကြီး တယောက်ကတော့ ကဘောက်ကချာ ကြည်စယ် ပြောဆိုခဲ့မယ် မထင်ပါဘူး။

` နှဲ ´ ဆိုတဲ့ အဓိပ္ပါယ်ကို ရှာကြည့်တဲ့အခါ ၊ကြိယာတခုအနေနဲ့ `စေးကပ် ပျဉ်းတွဲအောင် နယ်သည် ´ တဲ့။ မြန်မာ့အနုသုခုမအဘိဓာန်မှာ ဖော်ပြထားတာပါရှင်။နှဲကြီးသံက ဘယ်ကျကျလေးတွဲ့တွဲ့ အလွမ်းသယ်ချိန်မျိုးမှာ နောက်ခံမှုတ်ပေးခဲ့ရင်တော့ ပျဉ်းတွဲတာနဲ့ ကိုက်မှာဘဲရှင့်။ နှဲကလေးက စည်းသွက်တွေမှာသုံးမှ သင့်တာမို့ အဲဒါနဲ့ မကိုက်ပါဘူး။ နှဲလေးဟာ ကိုယ်ထည်အတံတိုပြီး လက်ပေါက်ကလဲ စိပ်ပါတယ်။

စာမျက်နှာ (၆၆) မှာတွေ့ရတဲ့ ` နှဲ ´ကျတော့ နာမ်အဖြစ် ဖော်ပြထားပါတယ်။ ` ထန်းဖူးအခင်တပ်၍ မှုတ်ရသည့် ပြောင်းတန်တို လေမှုတ်ကိရိယာ ´ ပါတဲ့ရှင်။ ` နှဲ ´ ရဲ့ အစိတ်အပိုင်းတွေကတော့ ` နှဲခင်၊ သပွတ်တံ၊ နှဲ ကိုယ်ထည်ဖြစ်တဲ့ နှဲတံ ၊ နှဲခြေ လို့ ခေါ်ရတဲ့ ` နှဲအော်လံ ´ နဲ့ ဒနောလို့ ခေါ်ကြတဲ့ ` ပါးကွယ် ´ ဆိုတာတွေပါဘဲ။

မာအေးကတော့ – အဲဒီ ` ဒနော´ ခေါ်တဲ့ ` ပါးကွယ် ´ ဆိုတာကို သုံးတဲ့ နှဲဆရာ၊ မတွေ့ဘူးသေးပါဘူး။ မြန်မာ့နှဲ ´ စာမူရေးပြီး စာပေဗိမ္မာန်ဆု ရခဲ့တဲ့  နှဲဆရာဦးလေးကိုမြကြီး ရေးသားထားတာကိုလဲ ပြောပြရတော့မှာပါရှင်။

` ပါးကွယ် ´ ဆိုတာကတော့ ငွေတို့ ကြေးတို့ သတ္တုပြားတို့ကို အချင်း ၄ လက်မ လောက် အဝိုင်း အပေါက်ဖောက်ထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ နှဲတံရဲ့ အပေါ်ပိုင်း အနားအဆုံးမှာ ဖောင်းရစ် ၂ ခုရှိပါတယ်ရှင့်။ အဲဒီ ` ပါးကါ ´ ကို အသုံးပြုမယ်ဆိုရင် ၊အပေါ်ဆုံး ဖောင်းရစ်ကို အရစ်ထပ်လုပ်ပြီးတော့ ၊ပါးကာ အဝိုင်းပြားကို နှဲတံမှာ အံဝင်ခွင်ကျ စွပ်ထည့်အသုံးပြုရပါတယ်။

နှဲဆရာက နှဲမှုတ်နေတဲ့အခါမှာ ပါးဖောင်းလာတာ၊ပါးပိန်သွားတာ ၊လည်ပင်းကြောထောင်တတ်တာတွေကို ပရိတ်သတ်က မမြင်ရအောင် ကာကွယ်ဖို့ ဖြစ်ပါသတဲ့။ ဒါကြောင့် ` ပါးကွယ် ´ လို့ ခေါ်ခဲ့ကြတာပါ။ရှေးကတော့ နှဲဆရာကြီး ဦးထီအောင် တို့သုံးခဲ့တယ်လို့ ဆိုပါတယ်ရှင်။ စကားပမာ သုံးကြတာမှာတော့ — စီးပွားရေးကတော့ ဟေ့ ၊နှဲသမားပါးလိုဘဲ – ပိန်လိုက် ဖောင်းလိုက် ပေါ့ ´ ဆိုတာမျိုး ကြားဖူးပါတယ်။ ` နှဲချောရင် တယော ´ လို့လဲ ခိုင်းနှိုင်းယှဉ်ပြောတာမျိုးလဲ ရှိပါတယ်ရှင့်။

သောတရှင်တို့ရေ– ဒီနေ့ဟာ တိုက်ဆိုင်ခဲတဲ့ သီတင်းကျွတ်ပွဲရက်ဆိုတာ – ကိုယ့်အမိနိုင်ငံကို အမြဲမှန်းဆ လွမ်းရတဲ့သူက သိနေပါတယ်လေ။ ကိုယ်မရောက်သော်လဲ သီတင်းကျွတ်ချိန်မှာ ပြန်လည်မြန်းကြွတော်မူတဲ့ မဟာဂရုဏာတော်ရှင် မြတ်ဗုဒသခင်ကို အတူရည်မှန်းကန်တော့ကြရအောင်ပါနော်။ မိဘနဲ့အတူ ပြည်သူများ ဂီတဘိုးဘွားအကိုအမ များကိုလဲ အဝေးက မေတ္တာကန်တော့ပန်း ဆင်လိုက်ပါတယ်ရှင်။

(သီတင်းကျွတ် မှ)   သာသနာတော် အောင်ပန်းရစရာ ဆောင်စွမ်းကြရှာ ၊ရဟန်းတော်များ ပင့်ဖိတ်ကာ၊ မဂ်ဖိုလ်စခမ်း မဝေးရအောင် ဆွမ်းကျွေးတာ စေတနာ သန့်ရှင်းစွာxx မိဘဆရာသမား ဘိုးဘွား မကျန်ရပါ ၊မမေ့မလျော့ ကန်တော့ကြဖို့ နှိုးဆော်ပါရဲ့တခါx ဆီမီးရောင် ရှိန်ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်ပွဲတော်ခါကြီးမှာ ၊လသာတုန်း ဗိုင်းငင့်ကာ မဆိုင်းသင့်တာ သံသရာနောင်ကောင်းဖို့ရာ x အမှန်ပါအောင်ကြောင်းမို့သာ ၊ပြုစရာသိဖို့ကတော့ အနုဂါမိရွှေအိုးကြီးပါxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts