သူတို့အာဘော် ကျော်ဟုန်း
ကျော်ဟုန်း – စိတ်ရှည် သည်းခံ ဇွဲသန်ရဦးမယ့် ပြည်သူ့ အောင်ပွဲ
ကျော်ဟုန်း – စိတ်ရှည်  သည်းခံ  ဇွဲသန်ရဦးမယ့်  ပြည်သူ့ အောင်ပွဲ
(မိုးမခ)။ နိုဝင်ဘာ၊ ၉  ၊ ၂၀၁၅။
မြန်မာနိုင်ငံသားများအတွက် ၂၀၁၅၊ နိုဝင်ဘာ ၈ ရက်နေ့ ဟာ ရင်ခုန် လှုပ်ရှားမှုတွေနဲ့ နားစွင့်နေခဲ့ကြတာပါ။ ပြည်တွင်းတင် မဟုတ်။ ပြည်ပရောက်တွေလည်း  ရင်ခုန်သံတွေနဲ့ ပါ။  ရွေးကောက်ပွဲရလဒ်ကို သိသူတွေက ဖုံးမှ တဆင့် ၊  ဖေ့ဘွတ်ခ်မှ တဆင့် ကိုယ့်နည်း၊ ကိုယ့်ဟန်နဲ့ မျှဝေပြီး  အပျော်ကူးစက်နေကြတာတွေ့ ရပါတယ်။  ဒီချုပ်ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာလည်း  လူထုကြီးက  ပင်လယ်ကြီးလို  ကျယ်ပြန့် ပြန့် နေရာယူစောင့်ဆိုင်းပြီး ကြော်ငြာဘုတ်ကိုအားပေးနေကြတာတွေ့ ရပါတယ်။ မိနစ်ပိုင်းအတွင်းတက်လာတဲ့ ဖေ့ဘွတ်ခ်သတင်းတွေကို ကျနော်လည်း ရင်ခုန်စွာ စောင့်ကြည့်နေတာပါ။
သတင်းတွေမှာ တွေ့ ရတာကတော့  ဘယ်အရပ် ဘယ်ဒေသမှာဖြင့် ဒီချုပ်က ဘယ်လို နိုင်သွားတာ၊ ဘယ်နေရာ ဘယ်ဒေသမှာဖြင့် မဲပိုတွေတွေ့ တာ၊ ကြိုတင်မဲ စာအိတ်တွေ အပြင်မှာ ကော်ကပ်နေတာ၊ လူအုပ်စုကြီးနဲ့ လာပြီး မဲပေးတာ၊ မဲစာရင်းမပါလို့  ငိုပြန်သွားရတာ အမျိုးစုံကြားသိနေရပါတယ်။
လူရှေ့ သူရှေ့ မဲရေတွက်တဲ့ ရလဒ်မှာတော့ အများစုမဲနိုင်သွားတာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပမြန်မာနိုင်ငံသားတွေ အားရဝမ်းသာနေကြတာတွေ့ ရပါတယ်။ ဒီအထဲမှ ကျနော်လည်း ပါဝင်ပါတယ်။ ကျနော်ကျတော့ အပြည့်ဝမ်းမသာနိုင်သေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ …. ….
ကြံ့ခိုင်ဖွံ့ ဖြိုးရေး တွဲဘက်ဥက္ကဌဖြစ်သူ ဦးဌေးဦးက  မဲမပေးရသေးမီ စည်းရုံးရေးဆင်းစဉ်မှာ ပြောသွားတာ  အမှတ်ရမိလို့ ပါ။  သူတို့  ပါတီက ၆၀ နဲ့  ၈၀ ရာခိုင်နှုန်းနိုင်မယ်လို့ ကြိုတင်ပြောခဲ့တာရှိပါတယ်။ ဒါဟာ စဉ်းစားစရာ အချက်တခုပါ။ နောက် ပိုမဲတွေ တွေ့ ရှိရတာတွေ၊ မဲရုံမှူးလက်မှတ် ပါမလာတာတွေကလည်း ကြိုတင် ညစ်နည်းများလားလို့  သံသယဝင်စရာပါ။ RFA ကရရှိလိုက်တဲ့ ရုပ်သံ သတင်းကတော့ အတော် ထိတ်လန့် ဖွယ်ဖြစ်ပါတယ်။ ကလေးမြို့ က ဈေးဆိုင်တဆိုင်မှာ ဆိုင်လုပ်သား ၃ယောက်က ကြိုတင်မဲ လို့  ယူဆရတဲ့စာအိတ်တွေကို ကော်ကပ်နေတဲ့သတင်းပါ။ စာအိတ်ထဲမှာ မဲစာရွက်အဝါရောင်ကို ထင်ထင်ရှားရှား တွေ့ မြင်နေရပါတယ်။ တာဝန်သိပြည်သူတဦးက သူ့ လက်ကိုင်ဖုံးနဲ့ ရိုက်ကူးထားပြီး RFA ကို ပေးပို့ ထားတာပါ။ ဒီလိုမျိုး ဘယ်နေရာတွေမှာ ဘယ်လောက်
များ လုပ်ထားပါသလဲ။ ဒါလည်း သတိထားရမယ့် အချက်ပါပဲ။
နောက်တချက်က ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ အချို့ နေရာတွေမှာ မဲရုံပိတ်ချိန်အထိ မဲမပေးရဘဲ ကျန်နေတဲ့သူတွေ ထောင်ချီရှိနေတယ်ဆိုတဲ့ သတင်းပါ။ မဲပေးနိုင်ချိန်နဲ့  မဲပေးခွင့်ရလူဦးရေဟာ မညီမျှလို့ ဖြစ်ရတဲ့ပြဿနာပါပဲ။ ဒါဟာလည်း မဖြစ်သင့်ပါဘူး။ မဲ မပေးလိုက်ရတဲ့ စာရင်းဝင်လူတွေရဲ့ အခွင့်အရေးဆုံးရှုံးရသလို အဖြေဟာလည်း ပြောင်းသွားစေနိုင်တဲ့ သံသယဖြစ်စရာပါ။
ကြိုတင်မဲကိစ္စကတော့ အတော်ရှုပ်ထွေးစေနိုင်လောက်အောင် ဖြစ်ရပါတယ်။  ပြည်ပက သံရုံးတွေမှာ မဲပေးရတဲ့ရလဒ်ဟာ အဖြေကို မယ်မယ်ရရ မသိရသေးပါဘူး။ ပြည်တွင်းက ကြိုတင်မဲတွေမှာတော့ ဝန်ထမ်းမဲတွေဟာ အာဏာပိုင်တွေရဲ့ ထဲထဲဝင်ဝင် စွက်ဖက်မှုကို ခံရတယ်ဆိုတာသိသာထင်ရှားလှပါတယ်။ အထူးသဖြင့် တပ်တွင်းမဲပေးမှုဟာ သက်ဆိုင်ရာအကြီးအကဲတွေရဲ့ ကြိုတင်ထိန်းချုပ်မှုကိုခံရတယ်လို့ သိရပါတယ်။ ကျနော့်ဆီကို တပ်တွင်းတနေရာကလာတဲ့ သတင်းအဆိုအရ တိုင်းမှူးက တပ်မတော်သားတွေကို ခေါ်ယူ တွေ့ ဆုံပြီး ဖိအားပေးမှုရှိကြောင်း၊ တပ်တွင်းနေ စစ်မှုထမ်းနဲ့ မီခိုသူများပါ မဲပေးဖို့ တပတ်အလိုထဲက အပြင်ကို လုံးဝထွက်ခွင့်မပြုတဲ့အကြောင်း ကြားသိရပါတယ်။ တပ်သားတွေ ကြိုတင်မဲပေးရာမှာလည်း လစာထုတ်ချိန် တန်းစီခိုင်းပြီး အသင့်ပိတ်ပြီးသား မဲအိတ်ကို ထည့်ခိုင်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တပ်စိုးမိုး မဲဆန္ဒနယ်တွေမှာ ဒီချုပ်က အပြတ်အသတ်ရှုံးပါတယ်။ သွားလာလို့ ခက်ခဲတဲ့ ကိုကိုးကျွန်းမှာ ဒီချုပ် အပြတ်အသတ် ရှုံးပါတယ်။ ဒါပေမဲ့လည်း နေပြည်တော်က ဝန်ထမ်းနေရာအတော်များများမှာတော့  ဒီချုပ်က အသာစီးရတာတွေ့ ရပါတယ်။
စည်းရုံးရေးဆင်းစဉ်ကာလကတည်းက ရွေးကောက်ကော်မရှင်ဟာ တာဝန်ကျေပြွန်မှု မရှိတာတွေ  တွေ့ နေရတာ  စိတ်မသက်သာ စရာပါပဲ။  စည်းမျဉ်းနဲ့ မညီတဲ့ပြဿနာ(၁၀၀)ကျော်ကိုတိုင်ကြားရာမှာ အရေးယူမှုတုံ့ ဆိုင်းနှေးကွေးလွန်းနေပါတယ်။ သမာသမတ် ကျရမယ့် ရွေးကောက်ကော်မရှင်အဖွဲ့ ဟာလည်း အာဏာရတွေသဘောကျ ဖွဲ့ စည်းထားတဲ့အဖွဲ့ မို့ လားတော့ မသိပါ။  ရိုးဖြောင့်မှု သိပ်မတွေ့ ရပါဘူး။
ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၉ ရက်နေ့ မှာ တက်လာတဲ့သတင်းတွေက သန်းခေါင်ယံမှရောက်လာတဲ့ ကြိုတင်မဲတွေအကြောင်းပါ။ သတင်းဌာနကြီးတခုရဲ့အဆိုအရ ဒုတိယသမ္မတ စိုင်းမောက်ခမ်းရဲ့ လားရှိုးနယ်မှာ ပြိုင်ဘက် ဒီချုပ် မဲအပြတ်အသတ်အနိုင်ရနေရာက သန်းခေါင်ယံမှရောက်လာတဲ့ ကြိုတင်မဲကြောင့် ကြံ့ခိုင် စိုင်းမောက်ခမ်းက ပြန်နိုင်သွားတဲ့အကြောင်း အတည်မပြုနိုင်သေးတဲ့သတင်းကို ကြားရပါတယ်။ ဒီသတင်းဟာအတယ်မှန်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့ က ထုတ်ပြန်ထားတဲ့ ပုဒ်မ(၇၁)အရ ငြိစွန်းနေပါတယ်။ ပုဒ်မ(၇၁)     သက်ဆိုင်ရာ မြို့ နယ်ကော်မရှင်အဖွဲ့ ခွဲသည် ရွေးကောက်ပွဲကျင်းပသည့်နေ့  မဲရုံပိတ်ချိန် ညနေ လေးနာရီနောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းရေတွတ်ခြင်း မပြုရ။ လို့  အတိအလင်းပြဌာန်းထားပါလျက်နဲ့ သန်းခေါင် မှရောက်လာတဲ့မဲပေါင်းထောင်ချီတွေကြောင့် ရှုံးသူက ပြန်နိုင်သွားရင် ပြည်သူတွေ ဆူပူနိုင်ပါတယ်။ တမင်များ ဖန်တီးသလားဆိုတာ
စောင့်ကြည့်ရဦးမှာပါ။
ကချင်ပြည်နယ်မှာ ဒီချုပ်က အပြတ်အသတ်နိုင်ထားတာ သိကြမှာပါ။  ဒါပေမယ့် တက်လာတဲ့ ဓာတ်ပုံသတင်းအရ မဲထည့်ပြီး မဲပုံး တွေမှာ စာအိတ်ပေါင်းနေရာက ကိန်းဂဏန်းတွေ ထောင်ချီတိုးမြှင့် ပြင်ဆင်ထားတာတွေ့ ရလို့  သံသယဝင်မိပါတယ်။ ဓာတ်ပုံတွေနဲ့ ဖော်ပြလို့  တိကျခိုင်လုံတယ် ဆိုရမှာပါ။  လက်ရှိ  တက်လာတဲ့ သတင်းအရ လားရှိုး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးတွေမှာ အနိုင်ရပြီးမှ သန်းခေါင်ယံကြိုတင်မဲကြောင့် ပြန်ရှုံးသွားပါတယ်တဲ့။  ဒါ မဲမသမာမှု လုပ်ရပ်ပါပဲ။  သတင်းမှန် မဖြစ်ပါစေနဲ့ လို့ သာ ဆုတောင်းနေမိပါတယ်။
လက်ရှိ  ရွေးကောက်ပွဲရလဒ် အခြေအနေအရတော့ ဒီချုပ်က နိုင်နေပါတယ်။ ဒီချုပ်ရဲ့ ခန့် မှန်းခြေအရဆို ၉၅ ရာနှုန်း  နိုင်မယ်လို့ မျှော်လင့်ထားတယ်ဆိုတာ သိရပါတယ်။  ဒါပေမယ့်  အငြင်းပွားစရာဖြစ်စေမယ့် သန်းခေါင်ယံကြိုတင်မဲကြောင့်  ရလဒ်အဖြေဟာ ပြောင်းပြန်ပြောင်းသွားခဲ့ရင် ပြည်သူတွေ ဆူပူလာနိုင်ပါတယ်။ တကယ်လို့ များ တိုင်းပြည်ဆူပူအောင် ကြံဆောင်ခဲ့ရင်တော့ မြန်မာ့ အရေးဟာ စိတ်မအေးဖွယ်ရာပါ။ စစ်တပ်က ကြားမနေဘဲ အာဏာထပ်သိမ်းမယ်ဆိုရင်တော့ မဟာအမှားပဲဖြစ်ပါလိမ့်မယ်။ ဒီတခါ စစ်တပ်အာဏာပြန်သိမ်းခဲ့ရင် အမေရိကန်ကလည်း လက်ခံမှာမဟုတ်ဘူးလို့  အစောပိုင်း ထုတ်ပြန်ချက်သတင်းကို  ကြားထားမိလို့  ကာချုပ်လည်း တွင်းတူးမိုက်လိမ့်မယ် မထင်ပါဘူး။ ကာချုပ်နဲ့ သမ္မတတို့  မဲပေးစဉ်မှာ သတင်းထောက်တချို့  မေးမြန်းထားတာရှိပါတယ်။ အနိုင်ရပါတီကို အသိအမှတ်ပြု လက်ခံသွားရမယ်လို့  သူတို့  ၂ ဦးပြောထားပါတယ်။ အနိုင်ရပါတီဟာ သူတို့ ဆင်ထား ထင်ထားတဲ့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီဖြစ်မယ်ဆိုတာ ယုံကြည်လို့  ပြောသလားတော့ မသိပါဘူး။ လက်ရှိ အနိုင်ရပါတီက ဒီချုပ်ဖြစ်နေတော့ ဘယ်လို ခွင်ဆင်ပြောင်းမလဲဆိုတာ ကျနော် ရင်ထိတ်နေဆဲပါ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကြိုတင်ပြီး ပြောခဲ့ဖူးပါတယ်။ အနိုင်ရခဲ့ရင်၊ ရှုံးခဲ့ရင်တောင်မှ ပြည်သူတွေက တည်တည်ငြိမ်ငြိမ်နဲ့  ရင်ဆိုင်ကြပါတဲ့။ ဒါဟာ ရုန်းရင်းဆန်ခတ်မဖြစ်အောင်  ထိန်းသိမ်းခြင်းပါ။  ခုအချိန်အထိတော့ မြန်မာပြည်သူတွေကလည်း အတော်ကို စည်းကမ်းသေဝပ် တာဝန်ကျေကြတာ မြင်ရဆဲပါ။ ပျော်တာတောင် အကန့် အသတ်နဲ့ ပျော်နေရရှာပါတယ်။  ဒါပေမယ့် ဆူပူမှုဖြစ်အောင် လုပ်လာနိုင်ခြေမြင်နေရတာကတော့ အာဏာပိုင်နဲ့ ရွေးကော်တို့ ပဲလို့ ထင်ရပါတယ်။ ပိုမဲ၊ ပယ်မဲ၊ ဝယ်မဲတွေလုပ်ခဲ့ပြီးတဲ့အပြင် သူတို့ ပြဌာန်းထားတဲ့ ဥပဒေ(၇၁)နဲ့ ငြိစွန်းတဲ့ သန်းခေါင်ယံရောက်ကြိုတင်မဲဟာ စနက်တံတခုလို့  မြင်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက  ကြံ့ဖွံ့ နဲ့ ရွေးကော်ဟာ လက်ဝါးချင်းရိုက်ထားတဲ့ ကလိမ်ကကျစ်တွေရှိနေမယ်လို့  နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယုံကြည်နေကြပါတယ်။ သူတို့ ဟာ  အပြတ်အသတ် မနိုင်ရင်တောင်  အနည်းဆုံး ညွန့် ပေါင်းအစိုးရ ဖြစ်ဖို့ မှန်းထားပုံရပါတယ်။ ခု ရွေးကောက်ပွဲအခြေအနေအရ ကြံ့ဖွံ့ ပါတီရဲ့ အဓိကပုဂ္ဂိုလ်တွေဟာ အပြတ်အသတ်ရှုံးနေတဲ့အတွက်  တင်ကြိုစီမံထားတဲ့ မသာမာမှုတွေ ထုတ်သုံးတော့မလားဆိုပြီး စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။ တကယ်တော့ ကြိုတင်မဲမှန်သမျှကို ဥရောပက လွှတ်ထားတဲ့ မဲစောင့်ကြည့်ရေးအဖွဲ့ နဲ့  ကိုယ်စားလှယ်တွေရှေ့ မှာ ရေတွက်ခွင့်၊ စီစစ်ခွင့်ရခဲ့ရင် မသမာမှုကင်းတဲ့ အခြေအနေ ဖြစ်မှာပါ။ ဒီလိုမဟုတ်ရင်တော့ လက်ခံစရာအကြောင်း မရှိပါဘူး။
စစ်တပ်နဲ့ ကြံ့ဖွံ့ ပါတီမှာ လူထုချစ်ခင်ယုံကြည်မှုပြန်ရလာဖို့  အခွင့်အရေးတွေ ရှိနေဆဲပါ။ ဒါကတော့ ရွေးကောက်ပွဲရလဒ်ကို  မှန်မှန်  ကန်ကန်  ရင်ဆိုင်ပြသဖို့ နဲ့   အနိုင်ရပါတီကို   ကြည်ကြည်ဖြူဖြူ  လက်ဆွဲနှုတ်ဆက်ပြီး  အာဏာလွဲပေးဖို့ ပါပဲ။   စစ်တပ်ကလည်း အာဏာရပါတီရဲ့ အစိုးရအောက်မှာ သစ္စာရှိရှိတာဝန်ထမ်းဖို့ လိုပါလိမ့်မယ်။ အဲ့သလိုဖြစ်ခဲ့ရင် ပြည်သူလူထုမေတ္တာကို အချိန်တိုတွင်း ပြန်လည်ရနိုင်မှာ မလွဲပါဘူး။ ဒါဟာလည်း ယစ်မူးစရာအခွင့်အရေးရဖူးထားသူတွေအဖို့ လွယ်လွယ်စွန့် လွှတ်ခဲတဲ့ကိစ္စဖြစ်လေတော့ ခပ်ခက်ခက်ပါပဲ။
လက်ရှိအနေအထားအရရော၊ လာလတ္တံတွေမှာ တိုင်းရင်းသားတွေ၊ ဗမာပြည်သူလူထုတွေက စိတ်မစောကြဘဲ ထိန်းထိန်းသိမ်းသိမ်း မီးစင်ကြည့်ကဖို့  အထူးလိုအပ်နေကြောင်း အကြံပေးပါရစေ။ မြန်မာပြည်နဲ့ မြန်မာနိုင်ငံကောင်းကျိုးအတွက်ပါဗျာ။  ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
Similar Posts