ကဗျာ ဇင်လင်း

ဇင်လင်း – ဘာကို ပြောင်းရမှန်း မသိသူ

Kachin Refugees – file photo



ဇင်လင်း – ဘာကို ပြောင်းရမှန်း မသိသူ   

( မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၁၅

• ဘာကို ပြောင်းရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

လူတွေ…ပြည်သူတွေမှာ…အလုပ်အကိုင်မရှိရင်…

အလုပ်တွေ ဖန်တီးပေးဖို့ လုပ်ပေးရမှာပေါ့…..

အလုပ်ဖန်တီးပေးနိုင်စွမ်းမရှိတဲ့လူဟာ… ခင်ဗျား ဖြစ်နေရင်…

ဟုတ်ကဲ့… ဖန်တီးပေးနိုင်သူကို နေရာပေးလိုက်ပါ…..

အဲဒါ…ပြောင်းရမယ့်… ကိစ္စ ဖြစ်နေလို့ပါ။

• ဘာကို ပြောင်းလဲရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

လူတွေ…မကျန်းမာ…ဆေးကုစရာ ငွေလည်းမရှိ…အခွင့်အရေးလည်း မရှိ…ဖြစ်နေရင်

လူသားချင်းစာနာ…ဆေးကုစရာနေရာနဲ့ အခွင့်အရေး…..ဖန်ဆင်းပေးရမှာပေါ့…

ဟုတ်ကဲ့….ခင်ဗျား မဖန်ဆင်းနိုင်ရင်…ဖန်ဆင်းတတ်သူကို နေရာပေးလိုက်ပါ….

အဲဒါ…ပြောင်းရမှာတွေထဲက….တစ်ခု ဖြစ်နေလို့ပါ။

• ဘာကို ပြောင်းလဲရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

လူတွေ….နေစရာမရှိ….လမ်းဘေးမှာ နေ…လမ်းဘေးမှာ စား…လမ်းဘေးမှာ အိပ်..

စိတ်မချမ်းသာစရာ….လူအခွင့်အရေးဆုံးရှုံးနေကြရတဲ့အခါ….

ဟုတ်ကဲ့….သူတို့ရသင့်တဲ့အခွင့်အရေး…ခင်ဗျား ဖန်တီးပေးရမှာပေါ့…

ဗျာ….. ဖန်တီးပေးဖို့ စိတ်မ၀င်စားဘူး…..ဟုတ်လား……

ဒါဆိုရင်… စိတ်ဝင်တစား…ဖန်တီးပေးချင်သူတွေကို….နေရာပေးလိုက်ပါလားဗျာ…

အဲဒါ…ပြောင်းရမယ့်…ကိစ္စ ဖြစ်နေလို့ပါ။

• ဘာကို ပြောင်းရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

ကလေးတွေ….ကလေးတွေ….ယောင်္ကျားလေးတွေ…မိန်းကလေးတွေ….

အမှိုက်ပုံတကာမှာ…ကြက်တွေလို ယက်နေကြ….တစ်နေ့တစ်နပ်စာရဖို့…

သူတို့ဘ၀မှာ….ကျောင်းဆိုတာ မရှိ…. ပညာဆိုတာ မသိ….ဆင်းရဲလွန်းစွ….

ဗျာ…အဲဒါ…. ကံပဲပေါ့လို့ ပြောမှာလား……

သူတို့ကလေးတွေ ကျောင်းတက်နိုင်အောင် လုပ်ပေးမှာလား….

မတတ်နိုင်ဘူးလေ….သူ့ထိုက်နဲ့သူ့ကံလို့ ခင်ဗျားပြောနေမယ်ဆိုရင်….

သူတို့ကိစ္စ….ကူညီ စောင့်ရှောက်နိုင်သူတွေကို တာဝန်လွှဲပေးပေါ့…..

ဟုတ်ကဲ့…သူတို့သာ ပညာမတတ်ခဲ့ရင်…တစ်နေ့မှာ ရာဇ၀တ်မှု ကျူးလွန်ကြလိမ့်မယ်……

ဒါကြောင့်… ကလေးတွေကို ပျိုးထောင်ပေးမယ့်သူတွေကို နေရာပေးပါ…

အဲဒါ…ပြောင်းလဲချိန်တန်တဲ့…ကိစ္စ ဖြစ်နေလို့ပါ။

• ဘာကို ပြောင်းရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

လယ်သမားတွေခမြာ….မြေမရှိ…ယာမရှိ….အလုပ်အကိုင်မရှိ….

ဗျာ…သူတို့မြေယာတွေလား၊….အဓမ္မသိမ်းယူခံကြရ…..

လျော်ကြေးပေးသတဲ့လား…..တန်ရာတန်ကြေး ဘယ်တုံးကပေးဖူးလို့လဲ……

တရုတ် ကုလားလက်ထဲ….လက်လွှဲရောင်းစားတဲ့…သူတွေသာ…..

ချမ်းသာပြီးရင်း…ချမ်းသာ….လယ်သမားတွေ ခမြာတော့….ဆန္ဒပြရုံ ပဲပေါ့…

ဗျာ ဘယ်လို….ဆူဆူပူပူ မလုပ်စေချင်ဘူး တဲ့လား…..

ဒါဆို….သူတို့စိုက်ပျိုးမြေ….သူတို့ကို ပြန်ပေးပေါ့……

အော် မပေးချင်ကြဘူး ဆိုပါတော့……

ပြန်ပေးအောင်လုပ်ပေးမယ့်သူတွေ…လာနေပါပြီ….

ပြောင်းလဲချိန်တန်လို့ ပြောင်းရမယ့်…ကိစ္စ သူတို့လုပ်ကြပါလိမ့်မယ်။

• ဘာကို ပြောင်းရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

ရိုးသားတဲ့ ပြည်သူတွေကို ကာကွယ်တဲ့ ဥပဒေ…ရေရေရာရာ မရှိ…..

မရိုးသားတဲ့ အစိုးရလုပ်စားသူတွေမှာတော့….အကာအကွယ်တွေ အပြည့်…..

တိုင်းပြည့်သယံဇာတ ကာကွယ်သူတွေ အဖမ်းခံရ…….

တိုင်းပြည့်သယံဇာတ ခိုးရောင်းသူတွေ….မျက်နှာပန်းလှ…..

ဗျာ……ခရိုနီ ခရိုပြာ ခရိုစိမ်း….တွေ…..ကို အရေးမယူနိုင်ဘူးပေါ့…

ဒါဆိုလည်း…. အရေးယူပေးမယ့်…လူထု အစေခံ အစိုးရကို..နေရာပေးဖို့လိုပါပြီ….

ပြောင်းလဲချိန်တန်လို့ ပြောင်းရမယ့်…ကိစ္စ၊ လူထုအစိုးရ လုပ်ပြပါလိမ့်မယ်။

• ဘာကို ပြောင်းရမှာလဲတဲ့……

မသိဆိုးရွားသားနိုင်လွန်းသူ….။

ပြောင်းပြီးပြီ ဆိုပါလား….. အတော် တရားကျဖို့ကောင်းလေစွ…….

ဘာတွေပြောင်းပြီးတာလဲ…..ပြည်သူတွေ…ဆင်းရဲမြဲ….မွဲမြဲ….ငတ်မြဲ….

အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်သာသာ ဘ၀နဲ့…လူ့သိက္ခာတွေ ရောင်းစားနေရဆဲ…….

ခင်ဗျားတို့မှာက ထားစရာမရှိ….လူထုမှာက စားစရာမရှိ…….

အဲဒါကို ပြောင်းပြီးသားလို့ ထင်ရင်….တစ်ခုခု… မှားနေပြီလို့ မြင်ကြလိမ့်မယ်….

ကဲ…ဒီတော့…ပြောင်းချိန်တန်လို့မှ..ဘာကို..ဘယ်လို ပြောင်းရမှန်းမသိရင်…

မသိ မတတ်သူတွေ…လူထုဘ၀ မစာနာသူတွေ…အနားယူချိန် တန်ပြီပေါ့။

• ပြောင်းချိန်တန်လို့…ပြောင်းလဲတာ … သိက္ခာရှိစွာ..လက်ခံလိုက်ပါတော့။။။။။

ဇင်လင်း

၈ နိုဝင်ဘာ ၂၀၁၅၊ တနင်္ဂနွေနေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts