ဖိုးထက် ဖိုးထက် သရော်စာ

ဖိုးထက် – ကိုသောင်းမြင့်နှင့် NLD အာဏာရှင်

 

 

ဖိုးထက် – ကိုသောင်းမြင့်နှင့် NLD အာဏာရှင်

(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၁၅

ဟိုဘက်ကိုလဲ သဘောမကျ၊ ဒီဘက်ကိုလဲ စိတ်တိုင်းမကျ ဖြစ်တတ်ကျသော သူများသည် အဖြူအမဲ သဲသဲကွဲကွဲ ဆုံးဖြတ်ရတော့မည်ဆိုလျှင် စိတ်တိုင်းမကျသည့် ဘက်ကို ရွေးချယ်တတ်ကြသည်။ သဘောမကျတာကို သဘောကျလာအောင် လုပ်လို့မရ။ စိတ်တိုင်းမကျခြင်းသည်သာလျှင် မိမိ အလိုဆန္ဒနှင့် အနီးစပ်ဆုံးလို့ မှတ်ယူပြီး ထောက်ခံအားပေးတတ်ကြသည်။ အပြည့်အ၀ မရသော်လည်း ရသလောက်နှင့်ရောင့်ရဲ တင်းတိမ်တတ်ကြသည့် လူ့သဘာဝသည် ချစ်၊ ခင်မင်စရာကောင်းသည့် စိတ်ထားလို့ ဆိုရခြိမ့်မည်။

ကိုသောင်းမြင့်သည် ကြံ့ဖွံ့ပါတီကို သဘောမကျ။ NLD ကိုလဲ စိတ်တိုင်းသိပ်ကျတာ မဟုတ်။ ကြံ့ဖွံ့ပါတီကို သဘောမကျတာကတော့ သူ့အတွက်ရှင်းသည်။ စစ်ဗိုလ်ချုပ်ကြီးများ၏ ကုပ်နဲ့ ကော်ထုတ်သော်မှ မထချင်သည့် စိတ်ကို အမြင်ကတ်ခြင်းဖြစ်သည်။ NLD ကို စိတ်တိုင်းမကျသည်က မဘသ ကိစ္စ။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးမှာ ဘာတစ်ခုမှ အသံမထွက်ဘူးဟု ထင်သောကြောင့် စိတ်တိုင်း မကျခြင်း ဖြစ်သည်။

သို့သော်လည်း အခုလို ကွဲကွဲပြားပြား မဲပေးရတော့မည်ဆိုတော့ နှစ်ဖက်စလုံးကို ဆရာ့ ဆရာကြီး လေသံဖြင့် ဝေဖန် လေကန်လို့မရတော့။ မဲပေးခွင့်ရသည့် နိုင်ငံသားတစ်ယောက်အနေနှင့် တစ်ဖက်ဖက်ကို ရပ်ရတော့မည်။ ပြီးတော့ သူက ရခိုင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသားလဲ မဟုတ်သလို ဗမာလူမျိုး စစ်စစ်ကြီး ဖြစ်နေတာ ခက်သည်။ ရခိုင်သာဆိုလျှင် ဦးအေးမောင်တို့လို အရည်အချင်းလဲရှိ၊ တော်လဲတော်၊ ထက်လဲ ထက်သည့် ခေါင်းဆောင်တွေကို မဲပေးလိုက်လို့ရသည်။ အခုတော့ ဗမာဖြစ်သည့် သူ့အတွက် တိုင်းရင်းသား မဲတစ်ပြား အပိုမရပြန်တော့ NLD ကို မဲပေးဖို့ ရွေးချယ်လိုက်သည်။

ကိုသောင်းမြင့် ကတော် မသူဇာကတော့ ရှင်းသည်။ အမေစု၏ သဲသဲလှုပ် ပရိတ်သတ်ပီပီ NLDမှ လွဲ ကျန်တာ ဖွဲ၊ ဆန်ကွဲ ထင်သူဖြစ်သည်။ ထို့အပြင် ကျန်သည့် ပါတီတွေ ဘာလုပ်နေ လုပ်နေ၊ ဘာဘဲ လုပ်လုပ် NLD ကို ဘဲ့တိုက်သည်။ NLD ကို ကဖျက်ကယက်လုပ်သည်ဟု အစွန်းရောက်သည့် စိတ်အစွဲလေးများ ရှိနေတတ်သည်။

ယနေ့လဲ ကိုသောင်းမြင့်သည် သူ့အိမ်က ကားကို အင်ဂျင်ဝိုင်လဲ၊ အလိုင်းမင်းချိန်၊ ဆီထိုး၊ မီးထိုး လုပ်ဖို့ ၀ပ်လျှော့သို့ အသွားမှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၏ လက်ကမ်းစာစောင်ကို လိုက်လံ ဝေငှသည်နှင့် ကြုံကြိုက်သဖြင့် ယူထားမိလိုက်သည်။ ကားဝပ်လျှော့ရောက်တော့ ကားစောင့်ရင်း ထို လက်ကမ်းစာစောင်လေးကို ဖင်ပြန်၊ ခေါင်းပြန် ဖတ်နေမိသည်။ ပါတီမူဝါဒတွေ၊ ပညာရေး မူဝါဒတွေ၊ စီးပွားရေး မူဝါဒတွေ စသည့် ပါတီမဲဆွယ်စာရွက်လေးပေါ်မှ ပုံနှိပ်ထားသည့် အကြောင်းအရာများသည် ရေးထားတာတော့ အခုချက်ချင်း သမ္မတကြီး တက်လုပ်ပါတော့လို့ ဆိုရလောက်အောင် ကောင်းမွန်လှသည်။ သို့သော် ကိုသောင်းမြင့်သည် မအ။ မဒူ။ အနှီပါတီ၏ ခေါင်းဆောင်သည် လက်ရှိ သမ္မတ၏ အကြံပေး ဒေါက်တာ သူဌေးကြီး ဆိုတာ သိသည်။ သို့သော်လည်း အထက်က ကျွန်ုပ်စာရေးသူ ဆိုခဲ့သလို ကိုသောင်းမြင့်က NLD ကို မဲပေးမည့်သူသာ ဖြစ်သည်။ “သြော်..ဒီလူတွေလဲ ငါတို့မဲတွေကို ဝေေ၀ ၀ါးဝါးဖြစ်အောင် လုပ်နေတာဘဲ။ ငါတို့ကို ငတုံး၊ ငဒူကြီးတွေ ကျနေတာဘဲ။ အပြောက ရွှေမန်း၊ အက ကြတော့ ချိုမိုင်မိုင် လုပ်ကြမယ့် လူတွေဆိုတာ မသိဘူးများ မှတ်နေသလား” လို့ တွေးမိပြီး အဆိုပါ လက်ကမ်းစာစောင်လေးကို ကားပေါ်သို့ ပစ်တင်ပြီး ကားပြင်အပြီးအောင် စောင့်ကာ အိမ်သို့ ပြန်လာခဲ့သည်။

အိမ်ရောက်တော့ အိမ်ထဲမှ ကိုသောင်းမြင့် မ၀င်ရသေး။ သူ့မိန်းမဖြစ်သူ မသူဇာက မင်္ဂလာဆောင် တစ်ခု လိုက်ပို့ပါဟု တောင်းဆိုသည်နှင့် အ၀တ်အစားပင် မလဲနိုင်ဘဲ ပြန်ထွက်ခဲ့ရပြန်သည်။ ကိုသောင်းမြင့်က သူ့မိန်းမ မသူဇာကို ကားမောင်းသင်ပေးပါ့မယ်။ ကားမောင်းသင်ပါ။ အရေးရယ် အကြောင်းရယ်ဆို ကောင်းတာပေါ့လို့ ဘယ်လိုဘဲ တိုက်တွန်း တိုက်တွန်း မသူဇာက ရှင်လဲ အရှိသားဘဲ။ ရှင်မအားလဲ Taxi တွေဒီလောက် ပေါနေတာ ဘာဖြစ်လို့ အပင်ပန်းခံ ကားမောင်းရမတုံးဟု ပါယ်ချခဲ့သည်။ အခုတော့ အားပေမယ့် နားချင်သည့် ကိုသောင်းမြင့် ခမျာ ကားမောင်းရပြန်လေပြီ။ စိတ်ထဲမှာတော့ ဒီမိန်းမ သူလိုချင်တာရှိရင်၊ ခိုင်းချင်တာ ရှိရင် လေသံက တစ်မျိုး။ လူဝါးတော့ အတော်ဝတဲ့ မိန်းမဟု စိတ်ခုသော်လည်း မပြောသာသဖြင့် မပြောနိုင်ဘဲ လိုက်ပို့ရသည်။

ကားပေါ်မှ မတက်သေးခင် ကား ဒက်ခ်ျဘုတ်ပေါ်မှာ ကိုသောင်းမြင့် တင်ထားခဲ့သည့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၏ လက်ကမ်းစာစောင်လေးကို မသူဇာက အမြန်ဆွဲယူလိုက်သည်။ ခေါင်းစီးကို ဖတ်သည်။ ပြီးတော့ ကိုသောင်းမြင့်ဘက်သို့ လှည့်ကာ “ကိုသောင်းမြင့် ဒါက ဘယ်လိုလုပ် အိမ်က ကားပေါ်ကို ရောက်နေတာလဲ။ ဒါ ဟိုအကြံပေး ဒေါက်တာကြီးရဲ့ ပါတီမဟုတ်လား။ ကြက်သရေတုံးပါတယ်တော်။ ကားပေါ် ရှင်တင်ထားတာလား” ဟု ရန်လိုသည့် သဘောပါသော မေးခွန်းကို မေးသည်။ ကိုသောင်းမြင့်က နဂိုကမှ စိတ်က သိပ်ကြည်တာ မဟုတ်။ အခုလိုမျိုး ရန်အစွယ်ပါသည့် မေးခွန်းကို ရန်လိုသည့် သဘောဖြင့် ပြန်ပြီး အဖြေပေးသည်။

“အေးလေ..ဘာဖြစ်လဲ..မဲဆွယ်နေတာနဲ့ ကြုံလို့ ယူဖတ်လိုက်တာလေ။ အဲဒါ ဘာဖြစ်တုံး”

“ဘာဖြစ်ရမှာတုံး။ ဖတ်နေစရာ အကြောင်းကို မရှိတာ ရှင်လဲသိတာဘဲ။ အချိန်ကုန်ခံပြီး ဖတ်နေဖို့ကို မလိုတာလေ။ ဘာဖြစ်လို့ ရှုပ်ရှုပ်ရှက်ရှက် အမှိုက်ရှုပ်အောင် ကားပေါ် တင်ထားရတာလဲ”

လူနှစ်ဦး (၀ါ) လူမှု ဆက်ဆံရေးတွင် အပြောအဆိုနှင့် ပြောပေါက် ဆိုပေါက်သည် လွန်စွာမှ အရေးကြီးသော ကိစ္စဖြစ်သည်။ မိမိစိတ်ခံစားမှုနှင့် မိမိ ကြိုက်သလို မှတ်ချက်ချ၊ သဘောရှိသလို အကောက် အယူ ယူနိုင်ကြသော်လည်း ဆရာကြီး လေသံဖြင့် ဆရာလုပ်သည့် လေသံများဖြင့် စကားများ ပြောကြသောအခါ ပြောသူနှင့် အပြောခံရသူ စိတ်ကြည်လင် ချမ်းမြေ့နေကြလျှင် ဘာပြဿနာမှ သိပ်ရှိတာ မဟုတ်။ အခုကဲ့သို့ နှစ်ဖက်စလုံးက စိတ်မကြည်မလင် ရှိနေချိန်မှာဆိုလျှင် စကားများ ရန်ဖြစ်တတ်ရသည် မဟုတ်ပါလား။ အခုလည်း ကိုသောင်းမြင့်က..

“ဟ ဒီမိန်းမနဲ့ ခက်ပါ့လား။ ငါလဲ NLD ကို မဲပေးမယ်ဆိုတာ မင်းလဲ သိတာဘဲ။ အခု အဲဒီစာရွက်ယူထားတာလဲ ငါက လိုက်တောင်းပြီး ငမ်းငမ်းတက် ယူထားတာလဲ မဟုတ်ဘူး။ ကြုံကြိုက်လို့ ယူပြီး ဗဟုသုတ အဖြစ် ဖတ်ကြည့်တာ ဘာဖြစ်နေလို့လဲ။”

“အို..မလိုချင်ဘူး။ ကားပေါ် အမှိုက်ရှုပ်တယ်။ ဘာဗဟုသုတမှ မရဘူး။ ဘာမှလဲ ဖတ်နေဖို့ မလိုဘူး” ဟု ကိုသောင်းမြင့်ကို လေသံမာမာဖြင့် အမိန့်ပေးသလို ပြန်ပြေသည်။

“ဒီမယ် မသူဇာ..အခု အချိန်မှာ NLD ကို မဲပေးရမယ်၊ မဲပေးသင့်တယ်ဆိုတာ လူတိုင်းနီးပါးသိတယ်။ ဒါပေမယ့် အဲဒီလိုမျိုး NLD ကလွဲပြီး ကျန်တဲ့ ပါတီတွေကို လက်ကမ်း စာစောင်တောင် ယူမဖတ်နဲ့ ဆိုတဲ့ အချိုးမျိုးကတော့ လွန်ပါတယ်ကွာ။ ဘာဖြစ်လဲကွ ငါ့ဘာသာ ဖတ်တာ”

“ဘာဖြစ်ရမှာလဲ ဖတ်စရာကို မလိုဘူးလို့ ပြောနေတာလေ။ သက်သက်မဲ့ အချိန်ကုန်လို့ ပြောနေတာလေ။ ရှင်သာ အတွေးအခေါ် မှန်ရင် ဒီလို ပါတီရဲ့ လက်ကမ်းစာစောင်ကို အချိန်ပေးနေဖို့ကို မလိုဘူး။ ကြောင်တောင်တောင်မို့လို့ ဖတ်နေတာလေ”

သူ့မိန်းမ မသူဇာ NLD သဲသဲလှုပ်ဖြစ်တာ ကိုသောင်းမြင့် သိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အမြင်ကတ်ရလောက်အောင် ကဲသဲသည့် မသူဇာကို ကိုသောင်းမြင့်က သိပ်ကြည့်မရ။ အခုလို သူ့ကို အခြားပါတီ၏ လက်ကမ်းစာစောင်လေး ယူဖတ်တာနှင့် ကြောင်တောင်တောင်တွေ ဘာတွေ စော်စော်ကားကား အပြောအဆိုမျိုးကို ကိုသောင်းမြင့် သီးမခံနိုင်။ ဒေါသလဲ ကြီးစွာ ထွက်သည်။

“ဘာဖြစ်လဲကွာ ငါ့ဘာသာ ကြောင်လို့ ဖတ်တယ်ဘဲ ပြောပြော။ ဘာဘဲ ဖြစ်ဖြစ်။ ငါဖတ်ချင်လို့ ဖတ်တယ်ကွာ။ ဘာလဲကွ မင်းတို့က။ ဒီမိုကရေစီ ဒီမိုကရေစီနဲ့ ပါးစပ်က ပြောပြီး အခြားပါတီရဲ့ လက်ကမ်းစာစောင်လေး ဖတ်တာတောင်မှ သဘောထား မကြီးနိုင်လောက်အောင် သဘောထား သေးသိမ် ညံ့ဖျင်းလှချည်လားကွ။ ဟေ…”

မသူဇာသည် ကက်ကက်လန်စွာသူဖြစ်သည်။ အမျိုးအဆွေတွေထဲမှာ အားလုံးက အားကိုးတကြီး ရှိရသော အမျိုးသမီးပီပီ မာန်မာနလဲ အတော်အတန် ရှိသူ ဖြစ်သည်။ ယခုလို သူ့ကို သဘောထား သေးသိမ်တယ်လေး ၊ ညံ့ဖျင်းတယ်လေးဟု သူ့လင် ကိုသောင်းမြင့် ပြန်ပက်ခြင်းကို နည်းနည်းမှ မခံနိုင်။ ထို့ကြောင့်..

“ဒီမယ်..ရှင့်ကို ပြောနေတာ ရှင်းရှင်းလေး။ ဘာအကြောင်းနဲ့မှ ဖတ်နေဖို့မလိုဘူးလို့ ပြောနေတာ။ ဒီလူတွေ ဘယ်လို လူတွေဆိုတာ ရှင်လဲ သိတယ်။ အမေစုရဲ့ လမ်းစဉ်တွေကဘဲ မှားနေသလိုလိုပုံစံမျိုးနဲ့ ဝေဖန်။ အာဏာရတဲ့ ဟိုလူကြီးတွေနဲ့ ကပ်။ စီးပွားရေးတွေလုပ်။ ဟော..အခုရွေးကောက်ပွဲလဲ ရောက်ရော အမေစုကို အားနည်းအောင်၊ အမေစုကို တိုက်ခိုက်ရအောင် ပါတီတစ်ခု သက်သက်မဲ့ ထောင်ပြီး မဲတွေ ကွဲအောင် လုပ်တယ်ဆိုတာ အတွေးအခေါ် မှန်တဲ့ လူတိုင်း သိတယ်။ ရှင်လို ခပ်တုံးတုံး လူသာ မသိလို့ ပြောနေရတာ”

ကိုသောင်းမြင့် ဒေါသ ငယ်ထိပ်တက်လေပြီ။ ကားပြင်သွားတုံးက လမ်းပေါ်မှာ ကားကြပ်လို့ သီးခံခဲ့ရသော စိတ်က အစာကြေချင်တာ မဟုတ်။ အခုလို ဘာမဟုတ်တာလေးနဲ့ ပါတ်သက်ပြီး သူ့ကို ပြန်ခံပြောနေသည့် သူ့မိန်းမကို ဖြစ်နိုင်ရင် အမှုန့်တောင် ခြေပြစ်ချင်လောက်အောင် ဒေါသသင့်လေပြီ။

“ဟား..ဟား…ကောင်းသေးကွာ။ ခေါင်းဆောင်က အာဃာတ မထားပါဘူး။ နိုင်ငံကို ရှေ့ဆက်ဖို့ အားလုံး လက်တွဲလုပ်ကြပါမယ်လို့ တစာစာအော်နေချိန်မှာ မင်းတို့ နောက်လိုက်တွေက အခြားပါတီရဲ့ လက်ကမ်းစာစောင် လက်ဝယ်တွေ့ရှိမှုနဲ့ ကြိုးဆွဲချတောင် သတ်မလား မပြောတတ်ဘူး။ ဘာလဲကွ။ ဒီလိုဆိုလဲ တစ်ပါတီ အာဏာရှင် စနစ်ကို ပြန်သွားပေါ့ကွ။ ဘာဖြစ်လို့ ပါးစပ်က ဒီမိုကရေစီ၊ ဒီမိုကရေစီ အော်နေပြီး အခြားသူတွေရဲ့ စိတ်ခံစားမှုနဲ့ အခြေအနေကို လက်မခံနိုင်ဖြစ်နေရတာလဲ။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ဒေါ်စုနောက်လိုက်တွေလားဆိုတာ ကိုယ့်ဘာသာ ပြန်မေးပေါ့ကွာ။ ငါတော့ မင်းတို့ အစားရှက်တယ်”

“ရှက်ရင်လဲ လဲသေလိုက်လေ”

“တော်စမ်း”

တော်စမ်း ဆိုသည့် ကိုသောင်းမြင့်၏ အော်ငေါက်သံသည် ကားမှန်အလုံပိတ်ပြီး အဲယားကွန်း ဖွင့်မောင်းနေသည့် ကားထဲမှာ အပြင်သို့ မထွက်ဘဲ မသူဇာ၏ နားထဲသို့ တည့်တည့်ကြီး အလုံးအရင်းဖြင့် ၀င်လေသည်။ မသူဇာကလဲ ဒီလို အော်လို့၊ ဒီလို ယောင်္ကျားဒေါသထွက်လို့ နောက်ဆုတ်တတ်သော မိန်းမမျိုး မဟုတ်။ စိန်ခေါ်ရင် တိမ်ပေါ်အထိ တက်မည့် မိန်မမျိုးဖြစ်သည်။

“ဘာဖြစ်တာလဲ ကိုသောင်းမြင့်။ ရူးနေလား။ ဘာလို့ ကျွန်မကို အော်ရတာလဲ”

ထိုအခါကျမှ ကိုသောင်းမြင့်က သူ့အမှားကို မြင်လေသည်။ သို့သော်လည်း ကြမ်းကျွံလျှင် နှုတ်ရ၊ စကားကျွံလျှင် နှုတ်မရဆိုသည့် မြန်မာစကားလို သူ့ဒေါသသည် နှုတ်မရတော့သည့် ဒေါသ ဖြစ်သွားခဲ့လေပြီ။ နောက်ဆုံးတော့ ငါဘဲ မှားတယ် ဖြစ်တယ်။ ဘာမဟုတ်တာလေးနဲ့ ဆရာမကြီး လေသံနဲ့ ငါ့ကို ဆရာလာလုပ်နေတဲ့ အချိုးကျတော့ ဒီမိန်းမ ဘယ်တော့မှ မြင်မှာ မဟုတ်ဘူး။ ကိုယ့်အမှားကိုယ် ဘယ်တော့မှလဲ ၀န်ခံမယ့် မိန်းမမျိုး မဟုတ်ဘူး စသည်တို့ကို တွေးမိပြီး ငါတော်မှ ရမယ်.ဆက်ပြောနေလဲ ဒင်းစွာတာကို ငါလဲ မနိုင်ဘူးဟု တွေးမိကာ “တော်တော့ကွာ..တော်တော့ မသူဇာ။ ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်နေရတာ မကောင်းဘူး။ ကိုင်း မင်းသွားချင်တာ ဘယ်နေရာလဲ ငါ့ကို ထပ်ပြော” ဟု စစ်ပြေငြိမ်းဖို့ စကားသမ်းသည်။

မသူဇာသည် မာန်မာန အလွန်ကြီးသော မိန်းမဖြစ်သည်။ သူ့ကို သူ့လင်တော်မောင် ဒီလို အသံဗြဲကြီးနဲ့ အော်ငေါက်တာကို နည်းနည်းမှ သီးခံသူ မဟုတ်။ နောက်ဆုတ်မည့်သူမဟုတ်။ ထို့ကြောင့်လည်း…

“ကိုသောင်းမြင့်..တော်…တော်..ကျွန်မကိုလမ်းဘေးမှာ ကားရပ်ပြီး ချပေးခဲ့တော့။ ကျွန်မဘာသာ Taxi နဲ့ဘဲ သွားတော့မယ်။ ကျွန်မလဲ စကားမများချင်ဘူး။ အခုရပ်။ အခုမရပ်လို့ ရှင်ရောက်အောင် လိုက်ပို့လဲ ကျွန်မ မသွားတော့ဘူး” ဟု တင်းလို့ ခံသည်။

လင်မယား၊ သမီး ရည်းစား ဆက်ဆံရေးတွင် တစ်ဦးတင်းလျှင် တစ်ဦးက ဖြေသိမ့်ပေးခြင်းသာ အကောင်းဆုံးဟု မှာကြားထားခဲ့သည့် ဆရာကြီး တက်တိုး၏ “အချစ်နှင့် စိတ်ပညာ” စာအုပ်ကို အဆိုပါ မသူဇာတို့ မောင်နှံ ဖတ်ဘူးသော်လည်း အသိသည် အသိသာ ဖြစ်သည်။ အကျင့်မဟုတ်ချေ။ ကိုသောင်းမြင့်ကလဲ ငါလျှော့နေတာတောင် ဒီလောက်မာတဲ့ မိန်းမ။ သွားကွာ။ ဒီလောက်တောင် ဖြစ်လှတယ်။ လမ်းဘေးမှာ တွေ့ကရာကား တားစီးပေတော့ဟု စိတ်ထဲက ဒေါသသင့် အတွေးများဖြင့် လမ်းဘေးမှာ ချပေးခဲ့သည်။

အမှန်သာ ဆိုရလျှင် ကိုသောင်းမြင့်တို့ စုံတွဲ တဂျိမ်းဂျိမ်းသတ်ခဲ့ရသည့် ကိစ္စတွေ၊ အကြောင်းအရာတွေမှာ ကိုသောင်းမြင့် အနေအထိုင်မတတ်၊ အပြောအဆို မမှန်သောကြောင့်သာ ဖြစ်သည်။ သို့သော် ယခု ကိစ္စမှာတော့ ကိုသောင်းမြင့် မလွန်။ သူ့ဘာသာ လက်ကမ်းစာစောင်လေး ဖတ်တာကို ဆတ်ဆတ်ထိမခံ NLD မှ NLD လုပ်နေသည့် မသူဇာ၏ ဆရာလုပ်သည့် အပြောအဆိုသည်သာ အလွန်လို့ ဆိုလျှင်ရနိုင်သည်။ သို့သော်လည်း မသူဇာ၏ စိတ်ထဲမှာ သူ့မေစုကို ဆန့်ကျင် တိုက်ခိုက်သော သူများကို နည်းနည်းမှ သီးမခံတော့ချင်သည့် စိတ်အခံကြောင့် အခြားပါတီ၏ လက်ကမ်းစာစောင်သော်မှ ယူမဖတ်ရဆိုသည့် အစွန်းရောက် နိုင်ငံရေး အတွေးအခေါ်တွေ ၀င်နေခြင်းသာ ဖြစ်သည်။ ကိုယ်ရေး ကိုယ်တာ ခံစားချက်အရ မသူဇာမှန်သည်လို့ ဆိုသော်လည်း ရကောင်း၏။

ကိုသောင်းမြင့်ဘက်က ကြည့်ပြန်တော့လဲ ဒီလိုမျိုး နိုင်ငံရေး အမြင်ကျဉ်းမြောင်းတာကို လက်မခံ။ သူကိုယ်တိုင် NLD ကို မဲပေးမည်ဆိုတာ သိနေရဲ့သားနဲ့ မသူဇာ၏ အဆိုပါ ဆတ်ဆတ်ထိမခံ စိတ်ထားကို မကြိုက်ခြင်းသာ ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ လူတိုင်း၏ စိတ်အယူအဆ၊ အတွေးအခေါ်ကို လက်သင့်ခံရမယ်လို့ သိရဲ့သားနဲ့ ငါတို့မှ ငါတို့ လုပ်နေခြင်းလို့ မြင်ပြီး ဘဲ့တိုက်ပြော ဒေါသဖြင့် အော် ငေါက်မိခြင်းဖြစ်သည်။

ရွေးကောက်ပွဲရက်မှာတော့ ကိုသောင်းမြင့် မနက်အစောကြီး ထပြီး မဲရုံကိုထသွားတာ သူ့ရှေ့မှာ လူလေးယောက်ဘဲ ရှိသည်။ မဲရုံထဲရောက်တော့လဲ မမှား မပြုရအောင် သေသေချာချာ စစ်ဆေးပြီး NLD ကိုယ်စားလှယ်တွေကို ဆန္ဒပြုခဲ့သည်။ မသူဇာ ဘယ်အချိန် မဲသွားပေးသလဲဆိုတာ စိတ်ဆိုးနေကြသည့် စုံတွဲပီပီ လိုက်မေးမနေတော့။ လိုက်ကြည့်မနေတော့။

မသူဇာ မဲရုံက ပြန်လာတော့ ကိုသောင်းမြင့် စာဖတ်နေသည်။ မသူဇာက သူ့လင်တော်မောင် သူ့ကို အော် ငေါက်ပြီး လမ်းဘေးမှာ ချပေးခဲ့တာကို စိတ်နာနေသူပီပီ ယောင်လို့မှ လှည့်မကြည့်။ မနက်စာ ဘာစားပြီးပြီလဲလို့လဲ မမေး။ ထို့အပြင် သူ့သူငယ်ချင်း ဖြစ်သူထံသို့ ဖုန်းဆက်ပြီး “အေး..ငါတော့ မဲပေးခဲ့ပြီ။ ဘာမေးစရာလိုလဲဟဲ့။ NLD ဘဲပေါ့ဟဲ့။ ငါ့များ ကြောင်တောင်တောင်များ မှတ်နေသလား” ဟု မိန်းမပီပီ ကိုသောင်းမြင့်ကို ရိသဲ့သဲ့ရန်စသည်။

ကိုသောင်းမြင့်လဲ စကားနည်းရန်စဲ သဘောဖြင့် အပေါ်အကျီင်္လေး ကောက်ဝတ်ကာ လ္ဘက်ရည်ဆိုင်သို့ ထွက်ခဲ့သည်။ စိတ်ထဲမှာတော့.. “လာ လာချည်သေး။ ငါ့ကိုများ ကြောင်တောင်တောင်လို့ စောင်းမြောင်း ပြောချင်သေး။ ဒင်းတို့သာ NLD ကလွဲပြီး အခြားအားပေးသူကို ကြိုးပေးသတ်မယ့် ပုံစံနဲ့ လုပ်နေတာ။ ဒင်းတို့သာ ကြောင်တောင်တောင်” လို့ တွေးမိပြီး ရှေ့က ရေနွေးပူပူကို သတိမထားမိဘဲ ကောက်မော့မိရာ တဖူးဖူးနှင့် မှုတ်ရင်း လျှာကျက်သွားလေတော့သတည်း။

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts