Yan Naung (Bo Ta Htaung) ခေတ်ပြိုင်အတွေ့အကြုံ

သမိုင်းပေး တာဝန် ကျေပွန် ခဲ့ပြီ မောင်နောင်တို့ သားအမိတွေ

 

သမိုင်းပေး တာဝန် ကျေပွန် ခဲ့ပြီ မောင်နောင်တို့ သားအမိတွေ

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ။ နိုဝင်ဘာ ၈ -၂၀၁၅

 

 

       မောင်နောင် တယောက် ဒီအပတ်ထဲမှာ တော်တော်လေး အလုပ်ရှုပ်နေခဲ့သည်။ အိမ်က မေမေ နဲ့ ညီမလေး တို့ကလည်း သူတို့ မဲထည့်ဖို့ သက်သေခံကဒ်ပြား ယူပေးရန် တဂွမ်ဂွမ် ဖုန်းဆက်နေသည်။ မေမေတို့ စိတ်ချမ်းသာစေရန် အတွက် မဲပေးရန် သက်သေခံ ကဒ်ပြားအား သန်းခေါင်စာရင်းရှိရာ ရပ်ကွက် တွင် သွားရောက်ထုတ်ခဲ့သည်။

          သတင်းလိုက်ရန်အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မှတ်တမ်းဓါတ်ပုံရိုက်ခွင့် ကဒ်ကိုလည်း အပြေးအလွှား
သွားယူခဲ့သည်။

          ရရှိလာသော သတင်းလိုက်ခွင့်၊မဲပေးခွင့် ကဒ်ပြားများ ယူပြီး ကိုယ့်တာ ကိုယ် လုံပြီ ထင်ချိန်မှာတော့ ပြန်လည် စဉ်းစားမိသည်။ ` ငါ ဓါတ်ပုံရိုက်ရင် မဲပေးဖို့ အချိန်ရှိပါ့မလားပေါ့´ ။ ဒါနဲ့ပဲ ဓါတ်ပုံရိုက်ဖို့ အချိန်ရရန် ကြိုတင်မဲပေးရန် ရပ်ကွက်ရုံးသို့ ရွေးကောက်ပွဲ အကြိုနေ့တွင် သွား၍  ပြောကြည့်တော့ ကြိုတင်မဲပေးရန် ထောက်ခံချက်များ လိုအပ်သည်ဟု ပြောခဲ့သဖြင့် ကြိုတင်မဲလည်း ပေးခွင့်မသာခဲ့။

          ညရောက်တော့ ကင်မရာ၊ အသံဖမ်းစက် ပြင်ဆင်စရာများ ပြင်ဆင်ကာ အခက်အခဲမှန်သမျှ မရှိစေရန် ဘုရားရှိခိုး
ညအိပ်ရာဝင်ခဲ့သည်။

 

 

          မနက် မေမေတို့ကို လှမ်းမေးတော့ မဲရုံသွားနေပြီတဲ့။ ညီမလေးက ပြန်လှည့်ခေါ်မည် ဟု ပြောသဖြင့် မဲရုံသို့
ချောမောစွာ ရောက်ရှိခဲ့သည်။ မဲရုံရောက်တော့ တန်းစီနေသောလူတန်းက သိပ်မများသည့်အတွက် တန်းစီကာ မဲပေးခဲ့သည်။ တန်းစီသူများနေပါက နေ့လယ်ဘက်လောက်မှ ပြန်လည်ကာလာပေးမည်ဟု ဆုံးဖြတ်ထားခဲ့သောကြောင့်ဖြစ်သည်။

          မဲပေးရန် မေမေနှင့်ညီမလေး တူတူ တန်းစီရသည်မှာ ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်ရန် မောင်နှမ နှစ်ယောက်
အမေ့လက်ဆွဲ တန်းစီရသည်ကိုပင် ပြန်အမှတ်ရမိပါသည်။

          သားအမိ သုံးယောက် မဲပေးပြီးသောအခါ ညီမလေးက ကျနော် သွားလိုသော ဒေါ်အောင်ဆန်းစုကြည် မဲပေးမည့်
အမှတ်(၃) မူလတန်းလွန်ကျောင်း ၊ဗဟန်းမြို့နယ် သို့ လိုက်လံ ပို့ဆောင်ပေးသည်။

          မဲရုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား စောင့်လျက်ရှိသော ပြည်တွင်းပြည်ပ သတင်းထောက်များ၊ အားပေးသူ
ပြည်သူများအား ကြည့်ရင်း မေမေနှင့် ညီမလေး အိမ်မပြန်ဘဲ အမေစု အလာကို တူတူစောင့်ခဲ့ကြသည်။

          အမေစု သည် ၇ နာရီခွဲခန့်တွင် လာရောက်ကာမဲပေးမည်ဆိုသောကြောင့် မနက် ငါးနာရီခွဲလောက်ကတည်းက
လာရောက်စောင့်ဆိုင်းနေသူများလည်း ရှိခဲ့သည်။ တကယ်တမ်း အမေစုလာတော့ ၈ နာရီ ၄၅ မိနစ် ရှိနေပြီ ဖြစ်သည်။

          နေမြင့်လာသဖြင့် မေမေ့အတွက် စိတ်ပူမိသောကြောင့် မေမေ့ကို လှမ်းမေးသော် ` သား ၊မင်းလုပ်စရာရှိတာလုပ်၊
အမေ လည်း စောင့်နေမယ် ´ တဲ့။ အားရစရာ ကောင်းလိုက်တာ မေမေနဲ့ ညီမလေး ရယ်။

          ညီမလေး ကလည်း သူ၏ ဖေ့ဘွတ်မှတဆင့် တချို့သော ပုံများကို ကူညီကာ တင်ပေးသည့်အတွက် ဝမ်းသာမိရသည်။
တကယ်တော့ မေမေ ရော၊ ညီမလေးပါ နေမကောင်းကြချေ။ 
အမေစု ကား ရောက်လာသောအခါ ကျနော်၏ ကိုယ်ကြောင့် ဝင်ရောက် ဓါတ်ပုံရိုက်နိုင်ခြင်းမရှိသောကြောင့် အဝေးမှသာ လှမ်းရိုက်နိုင်တော့သည်။

          အမေစု ပုံကိုကားထိမိအောင် ရိုက်နိုင်ခြင်းမရှိခဲ့ချေ။ မေမေ့ကို လိုက်ရှာသောအခါ မှာ မေမေက
ကျနော့်နောက်မှာ ရောက်နေတာကို  အံ့ဩ မိတော့သည်။ ညီမလေး ကိုမေးသောအခါ လူအုပ်ထဲ သူရောက်နေသည်ဟု မေမေက ပြောသည်။ သူလည်း မခေလှသူပါလားဟု စိတ်ထဲက ချီးကျူးမိသည်။

          ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တမိသားစုလုံး ဖေဖေ၊မေမေ၊ ကျနော်၊ညီမလေး၊ညီလေး တို့အားလုံး အသည်းကြားက မဲတပြားကို ကျေပွန်စွာပေးလိုက်နိုင်ပြီ ဖြစ်သဖြင့် ကျနော်တို့ မိသားစု ပျော်ရွှင်သောနေ့တစ်နေ့ ကို ဂုဏ်ယူစွာ ဖြတ်သန်းခဲ့သောနေ့တနေ့ အဖြစ် ရရှိခဲ့ပါကြောင်း။ 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts