ဝတ္ထုတို

ကိုကံညို(ထူးကြီး) – “၁၄မဲ…၂မဲ”


ကိုကံညို(ထူးကြီး)   – “၁၄မဲ…၂မဲ” 

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅

ဒီမှာတော့ ကြိုတင်မဲတွေ ထည့်နေကြပါပြီ။

မိတ်ဆွေတစ်ယောက်က…ChatBoxက လှမ်ပြောတယ်၊ ကြိုတင်မဲနောက်ကို လိုက်ကြည့်ပေးဖို့၊ ဒီအတွက် တာဝန်ရှိသူဆိုတဲ့ စာရင်းထဲမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ မဲရုံမှုး ဆရာမတစ်ယောက်ပါမယ်။ နောက်လိုက် ဆရာမနှစ်ယောက်ပါမယ်။ ကော်မရှင်ကတစ်ယောက်..၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တစ်ယောက်၊ စောင်ကြည့်လေ့လာ ကူညီအနေနဲ့ ပါလာတဲ့နှစ်ယောက်က ပါတီကြီးတစ်ခုနဲ့ ဆက်နွယ်နေကြောင်း မယုတ်မလွန် ပြောသံကြားပါတယ်။

ဒါက အရှင်းကြီးပါ။ မဲရုံ မဲစာရင်းနဲ့ ပတ်သက်သမျှကို ဘယ်သူက ခန့်အပ်တာလဲ၊ အစိုးရက ခန့်အပ်တာဖြစ်ပါတယ်။ အစိုးရကို ဘယ်ပါတီက ဦးဆောင်ပြီး၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတာလဲ … ရှင်းလောက်ပါပြီ။  ရွေးကောက်ပွဲမှာ အစိုးရပါတီကလည်း ထင်တစ်လုံးပိုက်ပြီး သေချာပေါက်အကွက်တွေနဲ့ ဝင်ပြိုင်တာဆိုတော့ …

နောက်ယောင်ခံကိုယ်ပွား အနေနဲ့ ကပ်ပါသွားနိုင်အောင် ကြိုးစားရမယ်။ မှတ်တမ်းမှတ်ရာတွေကို အိမ်နံပါတ်နဲ့တကွ၊ ဒီလူတွေဝင်သမျှ အိမ်ကို လူခွဲတွေထည့်ပြီး ပါဝင်မှကို ဖြစ်တော့မယ်။

ဒီမဲရုံမှုး တာဝန်ယူရတဲ့အပိုင်းမှာ လမ်းသွယ်(၄)ခုအတွက် လူဦးရေ (၃၀၀) ကျော်ပါဝင်နေတယ်။ အဲဒီမှာမှ ကြိုတင်မဲအတွက် စာရင်းတင်ထားတာ (၁၆) ဦး။ လူခွဲသွားသမျှ မလွတ်အောင်ကပ်လိုက်။

ပထမဆုံးဝင်ကတည်းက နိမိတ်မကောင်းတာ။ ကန်ထရိုက်တိုက်ခန်းဆောက်ပြီး ဈေးကောင်ရလိုက်တဲ့ အဖိုးကြီး အဖွားကြီးလင်မယား။ အဖွားကြီးက ခါးတစ်ဆစ်ချိုးကုန်းနေပြီး အဖိုးကြီးက မမြင်မစမ်း။ ရာအိမ်မှုးရဲ့ သြဇာအောက်မှာ ကြောက်နေရပုံ၊ သက်ကြီးထောက်ပံ့ကြေးတွေ ဘာတွေကို ရာအိမ်မှုးက မက်လုံး ပေးထားပုံရပါတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း မဟုတ်တဲ့အပြင် ပထမဆုံးအဖွင့် ဖြစ်တာနဲ့၊ ရာအိမ်မှုးကိုပဲ ရှေ့တန်းတင်လိုက်တယ်။

ရာအိမ်မှုးက အဟောကောင်း။ လမ်းခင်းပေးဖို့ (အဘ) ကို ခေါ်လာတုန်းက ဒီအဖိုးကြီးအဖွားကြီး အခန်းမှာ ဧည့်ခံတဲ့အကြောင်းကစပြီး ပျိုးတယ်။ အဲဒီတော့ မောင်မင်းကြီးသားပဲ လုပ်ပေးပါဆိုတဲ့ ကိန်းဆိုက်တော့တာပေါ့။ ဒါတောင် ဆရာမတစ်ယောက်က သူမဲပေးချင်တဲ့အကွက်ကို မေးပါ၊ လက်နဲ့ထောက်ပြပါ … လို့ ဝင်ထောက်ပေးသေးတယ်။ ဒါပေမယ့် တိုးမပေါက်ခဲ့ပါဘူး။ လင်မယားနှစ်ယောက်စလုံးအတွက် ရာအိမ်မှုးကပဲ ဦးဆောင် ရယူသွားပါတယ်။

နောက်တစ်အိမ်ကတော့ အားရစရာ ထင်ကြေး နည်းပါးလှပါတယ်။ လမ်းပေါ်မှာမဟုတ်၊ အိမ်ကြိုအိမ်ကြားက၊ သူများနောက်ဖေးကို ဝင်သွားရတာ။ အားကိုးအားထား အများကြီးကို တောင့်တောင့်တတ လိုအပ်နေတဲ့ အဆင်အသွေးတွေ ပတ်ချာလည် ဝိုင်းနေတဲ့ လေဖြတ်နေသူတစ်ယောက်။ သားတစ်ယောက်က စစ်ထဲမှာ ဆိုပဲ။ မျှော်လင့်စရာ မဲတစ်ပြား ရနိုင်မယ်မထင်။ ရာအိမ်မှုးနဲ့ အကူတွေကလည်း သူတို့ လုပ်ပေးမယ် ဆိုတာ ချည်းပဲ။ ဆရာမကိုယ်တိုင် တာဝန်အရှိဆုံးနေရာက ဝင်ရပ်မှ ဖြစ်တော့မယ်။

“ဦးလေးနှစ်သက်ရာပါတီကို ညွှန်လိုက်ပါ။ ကျွန်မကိုယ်တိုင် လုပ်ပေးပါ့မယ်”။

“ငါ ကိုယ်တိုင် ရအောင်လုပ်မယ်” ဆိုတဲ့ အသံကြီးက အားမာန်အပြည့်နဲ့ ဟိန်းထွက်သွားတယ်။

အားလုံး နောက်တွန့်သွားတယ်။ ဆရာမကိုယ်တိုင် သွားပြီထင်ပါရဲ့ အတွေးနဲ့။ အကူကောင်လေးက တံဆိပ်တုံးကို မဲစာရွက်ပေါ် ထုပေးဖို့ ဟန်ပြင်လိုက်ပြီဆိုကတည်းက ဆရာမလည်း စည်းမျဉ်းဥပဒေတွေ ရွတ်ပြဖို့ အချိန်မမှီတော့။

“မလုပ်နဲ့ … တံဆိပ်တုံးပေး”။

ဦးလေးကြီးလက်ထဲ တံဆိပ်တုံး ထည့်ပေးလိုက်တော့ တုံတုံရင်ရင်နဲ့ မဲစာရွက်မှာ အထက်အောက် ရွေးချယ်ရမယ့်ပါတီကို ရှာနေတယ်။ တကယ်ကို ရင်တထိတ်ထိတ်နဲ့။ အကြည့်ရပ်ပြီး စူးစိုက်မှု ထိုးကျသွားတဲ့နေရာကို အရောက်မှာတော့ …

“ဦးလေး မဲပေးမယ့်ပါတီကို ကျွန်မသိပြီ၊ ဦးလေး တစ်ချက်တည်း ထုချလိုက်တော့၊ ကျွန်မထိမ်းပေးထားမယ်..”။

တစ်မဲ၊

ဈေးဦးပေါက်ပြီ။

နောက်အိမ်တွေ ဆက်ဝင်တယ်။ အားရစရာတွေချည်ပဲ။ အကျိုးရှိလှပါပေရဲ့။

(၁၆) ဦး မှာ (၁၄) မဲ (၂) မဲ နဲ့။

နောက်ယောင်ခံကိုယ်ပွားက … တစ်နိုင်ငံလုံးကြားအောင် အော်ဟစ်လိုက်ချင်ပါရဲ့။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts