သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ဝမ်ဟိုင်းဒေသမှ အငြင်ပွါးဖွယ်ရာတိုက်ပွဲများ

မောင်မောင်စိုး – ဝမ်ဟိုင်းဒေသမှ အငြင်ပွါးဖွယ်ရာတိုက်ပွဲများ

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၅

၂၀၁၅ အောက်တိုဘာ ၂၉/၃၀ က မိုင်းနောင်အနီး ဝိန်းကောင်ရွာအခြေစိုက် ခလရ၂၈၆ ရင်းဌာနချုပ်တွင် ဖြစ်ပွါးသည်ဆိုသော တိုက်ပွဲအား မြန်မာပြည်တွင်းစစ်သမိုင်းတွင် ထူးခြားသောတိုက်
ပွဲဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတိုက်ပွဲနှင့်ပတ်သက်ပြီး တဖက်က တိုက်ပွဲဖြစ်သည်ဟုဆိုပြီး တဖက်ကတိုက်ပွဲမဖြစ် ဟု ငြင်းပယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မြန်မာစစ်ဖက်မှထုတ်ပြန်ချက်

၂၀၁၅ နိုဝင်ဘာ ၁ ရက်နေ့ မြဝတီသတင်းမှထုတ်ပြန်ချက်အရ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်အနီး ဝိန်းကောင် ကျေးရွာရှိ မြန်မာစစ်ဖက်တပ်ရင်းဌာနချုပ်အား SSA ဝမ်ဟိုင်းအဖွဲမှ အင်အား ၂၀၀ ခန့်သည် ၂၀၁၅ အောက်တိုဘာ ၂၉ ရက် ညနေ ၅နာရီမှ အောက်တိုဘာ ၃၀ ရက်မနက် ၅ နာရီထိ ၅ ကြိမ်ခန့် လက်နက်ကြီး လက်နက်ငယ်မျိုးစုံသုံး၍ တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်းဌာနချုပ်ရှိ အရာရှိစစ်သည် အိမ်ထောင်သည်ရဲမေများမှ ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ကြကြောင်း စစ်သည်အချို့ကျဆုံးဒဏ်ရာရခဲ့ပြီး စခန်းတွင်းရှိ အဆောက်အဦးအချို့ပျက်စီးခဲ့ကြောင်း ဖေါ်ပြပါရှိပါသည်။

ထို့ပြင် SSA ဝမ်ဟိုင်းအနေနှင့် အောက်တိုဘာ၁၆/၁၈/၂၆ များတွင် ၎င်း ဝိန်းကောင်တပ်ရင်းဌာနချုပ်အား၎င်း အောက်တိုဘာ ၂၄/၂၈ များတွင် မိုင်းရှူးမြို့နယ် မိုင်းစံရွာရှိ တပ်ရင်းဌာချုပ်အား၎င်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ သည်ဟု မြဝတီသတင်းတွင်ဖေါ်ပြပါသည်။

SSPP/SSA ၏ တုန့်ပြန်ချက်

SSA ဝမ်ဟိုင်းကမူ ၎င်း အောက်တိုဘာ ၂၉ရက်ညဝိန်းကောင် ရင်းဌာချုပ်အား ၎င်းအနေနှင့်တိုက်ခိုက်မှု မရှိကြောင်း ငြင်းပယ် သည့် ကြေငြာချက်တရပ်ထုတ်ပြန်ပါသည်။ SSPP/SSA ငြိမ်းချမ်းရေးဖေါ်ဆောင်မှု  ကော်မတီဝင် စဝ်နော်လိတ်မှUPWC မှ ဦးအောင်မင်း ဦးခင်မောင်စိုးတို့အား အောက်တိုဘာ ၃၀ ရက်မနက်က ဆက်သွယ်၍ ဤတိုက်ပွဲအား SSA မပါဝင်ကြောင်း ရှင်းလင်းခဲ့ပြီဟုဆိုပါသည်။ ၎င်းတိုက်ပွဲတွင် SSA မပါဝင် သည်ကို ရွာသားများ အသိပင်ဖြစ်ကြောင်းပြောဆိုပြီး ၎င်းတိုက်ပွဲနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးရန် တောင်းဆိုကြောင်း ကြေငြာချက်တွင်ဖေါ်ပြထားပါသည်။

SSA ပြောခွင့်ရပုဂ္ဂိုလ်မှလည်း ၎င်းအောက်တိုဘာ ၂၉ ရက်နေ့က SSA တပ်ဖွဲ့များအနေနှင့် မိုင်းအတ်တွင် အစိုးရတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေသည်ဟုဆိုသည်။ ထိုနေ့က မြန်မာစစ်ဖက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဝမ်ဟိုင်းသို့ လက်နက်ကြီးကျည်များကျ ရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူ ရှိခဲ့သလို အဆောက်အဦးအချို့ပျက်စီးခဲ့သည်ဟု ဆိုပါသည်။

SSA ပြောခွင့်ရသူက အောက်တိုဘာ ၁၉  ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ပါဝင်သည့် အောက်တိုဘာ ၁၆/၁၈ နေ့များက မြန်မာစစ်တပ် ရင်းဌာနချုပ်အား SSA မှသွားရောက် တိုက်ခိုက်သည် ဆိုသည်ကိုလည်းငြင်းပယ်ခဲ့ပါသည်။ ၎င်းတို့ SSA အနေနှင့် ပြန်လည်ခုခံသည့်အဆင့်တွင်သာရှိသေးသည်ဟု ပြောဆိုခဲ့ပါသည်။

သျှမ်းတော်ဆင့်သတင်း

မြဝတီ နှင့် SSA ထုတ်ပြန်ချက်တို့ထက်စော၍ အောက်တိုဘာ ၃၀ ရက်နေ့တင်သည့် သျှမ်းသံတော်ဆင့် သတင်းတွင် အောက်တိုဘာ ၂၉ ညမိုင်းနောင် ဝိန်းကောင်စခန်း ပစ်ခတ်မှု အခြေအနေကို ဖေါ်ပြထားသည်ကို တွေ့ရသည်။ ၎င်းညက အဆိုပါစခန်းမှ လက်နက်ကြီး ငယ်များပစ်ခတ်မှု
ကြောင့် မိုင်းနောင်ဒေသခံများ မိမိခြံဝင်းအတွင်းအသင့်တုးထား သည့် ဗုံးခိုကျင်းများသို့ ပြေးဝင်ပုန်းခိုခဲ့ရသည်ဟုဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ စိုင်းခမ်းဆိုင်က သျှမ်းသံတော်ဆင့်အား ပြောကြားရာတွင်

” ကျနော်တို့မိုင်းနောင်မှာ တညလုံးဘဲ။ ၉ နာရီတခါ ဆယ်နာရီ တခါ တနာရီခြားတခါ လက်နက်ကြီး အကြိမ်ကြိမ်ပစ်တယ် ။ မိုင်းကောဝ်တပ်ကပေါ့။ မိုးလင်းတဲ့အထိ အကြိမ်တစ်ရာ ကျော်တယ်။ဘယ်သူမှ သူတို့ကို လာမပစ်ဘူး ။ သေနတ်သံ နားထောင်လိုက်ရင်သ်တယ်။ တဖက်ထဲပစ်တဲ့အသံလေ။ တညလုံးပစ်တာ မိုးလင်းအထိဘဲ ”

ဟုဆိုပါသည်။

Myanmar Review ဂျာနယ်

၂၀၁၅ အောက်တိုဘာ ၂၁ နေ့က လူမှုကွန်ယက် FB စာမျက်နှာ မှMyanmar Review ဂျာနယ်အယ်ဒီတာချုပ်ဆိုသူက ၎င်း တိုက်ပွဲများနှင့် ပတ်သက်၍ ဖေါ်ပြထားရာတွင် ” ဝိန်းကောင် ခလရ ၂၈၆နောက်တန်းကို SSA ဝမ်ဟိုင်းက ဝင်တိုက်တယ်။စစ်သည်တွေမရှိဘူး ။ ရဲမေနဲ့ကလေးတွေ ခုခံချကြ
တာ ” ဟုဆိုသည်။

ပုံမှန် မြန်မာစစ်တပ် တပ်ရင်းဌာနချုပ်များတွင်တပ်ရင်းမှူးဦးစီး၍ တပ်ရင်းတရင်းလုံး စစ်ဆင်ရေး ထွက်သည့်အချိန်၌ ဌာနချုပ် တပ်ခွဲမှူးဦးစီး၍ နောက်ချန်အင်အားများအနေဖြင့် ရင်းဌာနချုပ် ၏လုံခြုံရေး အုပ်ချုပ်မှု လုပ်ရလေ့ရှိကာ MyanmarReview ဂျာနယ် အယ်ဒီတာချုပ်ဆိုသူ၏ ရေးသားချက်ဖြစ်သည့် တပ်ရင်းဌာနချုပ် တွင် အိမ်ထောင်သည်ရဲမေများနှင့်ကလေးများသာကျန်သည်ဟုဆိုခြင်းမှာ လက်တွေ့အခြေအနေနှင့် မကိုက်ဟု ဆိုရမည်။

ထို့ပြင် အိမ်ထောင်သည်ရဲမေက ကလေးကျောပိုးပြီး ပွိုင့်ဖိုက်နှင့် ကုပ်သည်ဆိုသည်မှာလည်း စဉ်းစားဖွယ်ဖြစ်သည်။ ပစ္စတို မောင်းပြန်ရိုင်ဖယ် စက်လတ် ပွိုင့်ဖိုက်ခေါ် စက်သေနတ်ကြီးစသည့် ခြေလျင်တပ်သုံးလက်နက်များကို ပစ်ခတ်လျင် ပြန်ကန်အား ထိမ်းသိမ်းဘို့လိုသည်ကို သေနတ်ပစ်ဖူးသူတိုင်း သိကြသည်။ သေနတ်၏ စွမ်းအားမြင့်လေ ပြန်ကန်အားမြင့်လေ ပိုမို၍ ထိမ်းချုပ်ရလေဖြစ်သည်။ ပွိုင့်ဖိုက်ခေါ်စက်ကြီး သည် ပစ်အားရောပြန်ကန်အားရောမြင့်သည်။ သာမန် တိုက်လေယဉ် ဥပမာ ယခင်မြန်မာ့လေတပ်သုံး P 6 P7 T 33 တို့ကိုပင် ပစ်ချနိုင်စွမ်းရှိသည်။ ထိုလက်နက်မျိုးကို ပြန်ကန်အားကို ထိမ်းချုပ်နိုင်စွမ်း ခံနိုင်စွမ်းကို သာမန် အိမ်ထောင်သည် အမျိုးသမီးတဦးရော၎င်းကျောပိုးထားသော ကလေးပါ ခံနိုင်ရန် လွန်စွာခက်ခဲပေသည်။

ထို့ပြင် ပွိုင့်ဖိုက်၏ ကျည်ထွက်သံမှာ အတော်ဆူညံသည်။ တိတ်ဆိတ်သောညမျိုးဆိုလျင် တတောလုံး တတောင်လုံး ဟိန်းနေသည်။ ပစ်သူကိုယ်တိုင် ဆူညံသံကို အတော်ကို ခံနိုင်ရည်ရှိဖို့လိုသည်။သို့ဖြစ်ရာ သာမန်အမျိုးသမီးတယောက်ရော သူကျောပိုးထားသည့် ကလေးငယ်ပါ ခံနိုင်ရည်ရှိရန် အလွန် ခက်ခဲသည်။ သာမန်မောင်းပြန်ရိုင်ဖယ်တစ်လက်၏ ပြန်ကန်အား သည်ပင် ကျောပိုးထားသည့်ကလေးငယ်ခံနိုင်ဖို့ ခက်ခဲပေရာ ပွိုင့်ဖိုက်ဆိုပါကဆိုဖွယ်ရာမရှိပေ။ အကယ်၍ တကယ်ပစ်ခဲ့ပါသည်ဟု ဆိုပါက အလွန်ကို သန်မာထွားကြိုင်းသည့်ဒေါင်းတိမောင်းတိ အမျိုးသမီးနှင့် ကလေးငယ်ဖြစ်ဖွယ်ရှိသည်။

သို့ဖြစ်ရာ Myanmar Review ဂျာနယ် အယ်ဒီတာချုပ်ဆိုသူ၏ ဝိန်းကောင်တိုက်ပွဲ သတင်းအား အခြေပြုကိုးကားရန် မဖြစ်နိုင်ဟု ဆိုရမည်။
အဘယ်ကြောင့် ထိုတိုက်ပွဲ

ဝိန်းကောင်တပ်ရင်းဌာနချုပ်အား SSA မှ တိုက်သည် မတိုက်သည်အငြင်းပွါးနေသည့် အကြောင်းရင်းမှာ ဝမ်ဟိုင်းဒေသ တွင်းတိုက်ပွဲများ ဘယ်သူကြောင့်ပြန်လည်ဖြစ်ပွါးလာသည် ဆိုခြင်းနှင့်ပတ်သက်ပြီး အကြောင်းရှာခြင်းကြောင့်ဖြစ်သည်။

SSPP/SSA ကမူ ၂၀၁၂ ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူညီချက်ကို မြန်မာစစ်ဖက်က ဖေါက်ဖျက်၍ အင်အား သုံးကာ ရှေ့တို့း၍ သူတို့၏စခန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ ဌာနချုပ်ဝမ်ဟိုင်းကို ခြိမ်းခြောက်လာသည်ဟု ဆိုသည်။ သို့ဖြစ်ရာ မြန်မာစစ်ဖက်အနေနှင့် ၂၀၁၂ ပြည်ထောင်စု အဆင့်သဘောတူညီချက်အား လိုက်နာပြီး ထိုးစစ်များ ရပ်တန့်ရန် ထုတ်ပြန်သည်။

မြန်မာစစ်ဖက်ကမူ SSA တပ်များမှ သတ်မှတ်နေရာကို ကျော်လွန်ကာ နယ်မြေချဲ့ထွင်ရေး ဆောင်ရွက်သည့်ပြင် တပ်ရင်းဌာနချုပ်များကို အကြိမ်ကြိမ်နှောက်ယှက်ပစ်ခတ်လာခြင်း
ကြောင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးထိခိုက်လာသဖြင့် မြန်မာစစ်တပ် စစ်ကြောင်းများအနေ နှင့် နယ်မြေရှင်းလင်းခြင်း စစ်ရေးအရ ဆောင်ရွက် သင့်သည်များ ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်သည့် UPWC နှင့် MPC မှ မည်သည့်မှတ်ချက်မှ မပေးသကဲ့သို့ ကြားဝင်ဖြန်ဖြေ ညှိနှိုင်းမှုမျိုးအားမတွေ့ရဟုဆိုရမည်။

လက်ငင်းအခြေအနေ

အရပ်ရပ်သတင်းများအရ SSA တပ်ဖွဲ့စခန်းထိုင်နေသည် တာဆောင်ပူးတံတားအား မြန်မာစစ်ဖက်မှ ဖယ်ရှားခိုင်းရာ SSA မှမဖယ်သဖြင့်မြန်မာစစ်ဖက်မှ စတင်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ၂၀၁၅အောက်တိုဘာ ၆ ရက်နေ့မှစ၍ ဝမ်ဟိုင်းဒေသတွင်း၌ တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ ယနေ့ထိ တိုက်ပွဲပေါင်း ၆၀ ကျော်ခန့်ရှိပြီဟု ဆိုသည်။ ရွာပေါင်း၄၀ ကျော်မှ စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်ခန့်ထိရှိလာပြီး မိုင်းရှူး မိုင်နောက် ဝမ်ဆော့ ဟိုက်ပါ တို့တွင် စစ်ဘေးဒုက္ခသည်များ ရောက်ရှိခိုလှုံလျက်ရှိသည်ဟု ဆိုပါသည်။

တဖက်ကပြောလျင် ပြသနာတခု ဖြစ်ပါက ဖြစ်ပွါးသည့် အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေရမည်ဟုဆိုသည်။ အခြားတဖက်ကလည်း နိုင်ငံရေး စစ်ရေးပဋိပက္ခများအား သင်ပုန်းချေ၍ ဖြေရှင်းရန်လိုသည်ဟု ဆိုသည်။ လောလောဆယ်အနေအထားတွင် ဝမ်ဟိုင်းဒေသပြသနာနှင့် ပတ်သက်ပြီး ပြသနာ ရင်းမြစ်ရှာရန်သော်၎င်း သင်ပုန်းချေရန်သော်၎င်း ဖြစ်နိုင်ချေ နဲနေပေရာ တိုက်ပွဲသည်
ဆက်လက်ဖြစ်ပွါးနေအုံးမည်ဟု မှန်းဆရသည်။

နိဂုံး

တကယ်တမ်းဆိုလျင် ဝိန်းကောင်တွင် SSA မှလာတိုက်မတိုက်ဆိုသည်မှာ စစ်ဆေးအတည်ြ့ပုရန် မခက်ခဲလှပါ။ SSA အင်အား ၂၀၀ ခန့်၏ ခြေရာလက်ရာကို ဖျောက်ဖျက်ရန်မလွယ်ပါ။ ထို့ပြင်
အင်အား ၂၀၀ ခန့်က တညလုံး ပစ်ခတ်ထားသည့် ကျည်ခွံမျာှးမှာလည်း ပျံ့ကြဲနေမည်သာဖြစ်သည်။ စခန်းတခုလာတိုက်သူ များအနေနှင့် မိမိပစ်လိုက်သော ကျည်ခွံများကို မှောင်ပြီးမဲကြီးထဲ လိုက်ကောက် မသွားတတ်ပါ။ သို့သော် ၎င်းအခြေအနေကို စစ်ဆေးအတည်ပြုရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အပြန်အလှန် စွပ်စွဲပြောဆိုမှုများနှင့် ကျော်သွားမည့်ပုံပေါ်သည်။

လက်ရှိအခြေအနေတွင် မြန်မာစစ်ဖက်အနေနှင့် စစ်မြေပြင် သတင်းထောက် လိုက်ခွင့်မပြုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်မှ သွားရောက်သတင်းယူလိုပါကလည်း သတင်းထောက်များအတွက် မတရားသင်းအက်ဥပဒေနှင့် ညိမှာစိုးကြသေးသည်။ သို့ဖြစ်ရာ ထိုစစ်မြေပြင်သတင်းများအား ပုံမှန် သတင်းသမားများထံမှ ရနိုင်ရန်မလွယ်ကူလှပေ။ ရတတ်သမျှ သတင်းများ နှစ်ဖက်ထုတ်ပြန်ချက်များကို ကြည့်ရှု သုံးသပ်ကာ မိမိဆင်ခြင်တုံတရားနှင့် စဉ်းစားသုံးသပ်ရန်သာ တတ်နိုင်ပေလိမ့်မည်။

စစ်ပွဲဆိုသည်မှာ ကြာရှည်ပြင်းထန်လာသည်နှင့်အမျှ ပြန်လည်ရပ်တန့်ရန်ပို၍ ခက်ခဲတတ်ပေရာ ဝမ်ဟိုင်းဒေသတွင် စစ်ပွဲများ ပိုရှည်၍ စစ်ဘေးဒုက္ခသည်များ အိမ်မပြန်နိုင်မည့်ရက်များ ပို၍ကြာမြင့်မည်ကိုတော့ စိတ်မကောင်းစွာ တွေ့မြင်ရမည်ကိုတော့ စိုးရိမ်ပူပန်မိပါသည်။

စစ်ပွဲအတွက်အကြောင်းပြချက်များကို ရှာသူများအနေနှင့် ငြိမ်းချမ်းရေးအတွက် အကြောင်းပြချက်များကိုလည်း ဂရုပြုရန်လိုသည်။ လူ ၆၀၀၀ ခန့်အိုးပစ်အိမ်ပစ် စစ်ဘေးဒုက္ခသည် ဖြစ်နေသည့်အဖြစ်များ သူတို့စွန့်ခွါခဲ့ရသည် နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ရသည့် အိုးအိမ်များ ပျက်စီးဆုံးရှုံးနေရခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အကြောင်းပြချက်များ မဟုတ်ပါသလော။ အငြင်းပွါးဖွယ်ရာရှိပါ၏လော။

စစ်သည် အဖြေပါလော။ သို့မဟုတ် ငြိမ်းချမ်းရေးသည် အဖြေပါလော။ အငြင်းပွါးဖွယ်ရာတော့ ဖက်တိုင်းရှိပေလိမ့်မည်။ ရတတ်သမျှ အချက်အလက်နှင့် သုံးသပ်ကြရပေတော့မည်။ လက်လှမ်းမှီသမျှ အချက်အလက်ကို အားကိုးရပေမည်။ ဆင်ချင်တုံတရား ရှိဘို့တော့လိုသည်။ အမြင်တခုအဖြေတခုအတွက် လူသားသမိုင်းတလျောက်လုံးအငြင်းပွါးခဲ့ကြရသည်။

အိုးအိမ်များကိုစွန့်ခွါထွက်ပြေးနေသည့် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်သည်၎င်း လူသူစွန့်ခွါခဲ့ရပြီး ပျက်စီးခဲ့ရ ဖျက်ဆီး ခံခဲ့ရသည့် ကျေးရွာအိုးအိမ်များသည်၎င်း ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်ရန်အတွက် အကောင်းဆုံးအကြောင်းပြချက် အငြင်းပွါးဖွယ် မရှိသော အကြောင်းပြချက်ဖြစ်ပေလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts